*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 25 July 2013

ကိုယ်ကျင့်တ၇ား မကောင်းသူများ နိုင်ငံေ၇းမလုပ်၇.....



အခုတစ်လော ကျမ ပြည်တွင်း ပြည်ပ ခရီးတွေကို ရက်ဆက်ဆိုသလို သွားလာဖြစ်နေတော့ ကြားရ မြင်ရ   တွေ့ရတာတွေမှာ တိုင်းပြည်ရဲ့ အနာဂတ်ရေးအတွက် ပူပင်စရာရှိတာတွေကိုလည်း တွေ့မြင်လာရပါတယ်။

တနေ့ကပဲ ၁၁၅ မိုင်စခန်းမှာ ကားစောင့်ပေးတဲ့ အမျိုးသမီး အလုပ်သမားလေးတစ်ဦးနဲ့ စကားလက်ဆုံကျ ဖြစ်ခဲ့တယ်။
ကောင်မလေးရဲ့ နာမည်က မိုးသဇင်လို့ခေါ်တယ်။ အရပ်ပုပု၊ ပိန်ပိန်သေးသေးနဲ့ အသက် ၁၅ နှစ်ဝန်းကျင် အရွယ်ကောင်မလေးက အသားညိုညက်ညက်နဲ့ မျက်နှာကြည်ကြည်လေးပါ။
သူမက ၇ တန်းကျောင်းသူဘ၀နဲ့ ကျောင်းထွက်ပြီး အလုပ်လုပ်ရတယ်။ လုပ်ခရတဲ့ တစ်လ( ၃၅၀၀၀ ကျပ်) သုံးသောင်းငါးထောင် ကျပ်ကို အမေဖြစ်သူကို အကုန်ပေးတယ်။ သူမမှာ မောင်နှမ ၄ဦးရှိတယ်။ အကြီးဆုံး အကိုက ဗိုလ်ကြီး အိမ်ထောင်ကျသွားပြီ၊ ဒုတိယ အကိုကတော့ အလုပ်အလုပ်ပြီး လုပ်ခ၀င်ငွေရဲ့ တ၀က်ကို အမေကို ပုံမှန်ပေးလေ့ရှိပါတယ်။ မိုးသဇင်ရဲ့ အမေက အိမ်ဆိုင်လေးဖွင့်ပြီးတော့ ယောက္ခမ ၂ဦးနဲ့ ၄ တန်း အရွယ်ဘုန်းကြီးကျောင်းသားကို ကျွေးမွေးစောင့်ရှောက်တယ်လို့ သိရပါတယ်။
မိုးသဇင်ရဲ့ အဖေကတော့ ရန်ကုန်က ဆီဆိုင်တစ်ခုမှာ အလုပ်လုပ်နေတယ်။ သူမရဲ့ အဖေက သူ့အမေရှိရဲ့နဲ့ အိမ်ထောင်ရေး ဖောက်ပြန်ပြီး နောက်မိန်းမယူသွားတယ်။ အခု နောက်အိမ်ထောင်နဲ့ကလေးတောင် ရနေပြီ လို့ သူမက မျက်နှာကြည်ကြည်လင်လင်နဲ့ပဲ ပြောပြတယ်။
သူမရဲ့ အမေက သူ့ကို သစ္စာဖောက်ပြီး တာဝန်မဲ့ သွားတဲ့ လင်ယောက်ျားရဲ့ မိဘနှစ်ပါးစလုံးကို အိမ်ဦးခန်းမှာပဲ ထားပြီး လုပ်ကိုင်ကျွေးမွေးနေတုန်းပဲလို့ မိုးသဇင်က ပြောတယ်။
“အမေက ပြောတယ်။ အဖေမကောင်းတာကတော့ မကောင်းတာပဲ။ ဒါပေမဲ့ သမီးတို့အတွက် ကတော့ အဖေပဲ၊ သမီးတို့ အဖေမကောင်းတဲ့အတွက် သူ့မိဘတွေကို အိမ်ပေါ်ကနေ နှင်မချနိုင်ဘူး၊ သူတို့သား တာဝန်မကျေပေမဲ့ အမေကတော့ တာဝန်ကျေရမယ်လို့ပြောပြီး ခုချိန်ထိ အဖိုးတို့ အဖွားတို့ကို လုပ်ကျွေးတယ်၊ အဖိုးနဲ့အဖွားက ဘုရားတရားလုပ်ရုံပဲ၊ သမီးတို့ကိုလည်း အဖေကို ပေးတွေ့ပေးပါတယ်။ အဖေရဲ့ နောက်မိန်းမနဲ့ ရတဲ့ ကလေးကိုတောင် အမေက သွားကြည့်ပေးတယ်”
သူမက မျက်နှာကြည်ကြည်လေးနဲ့ ပြောနေပေမဲ့ နားထောင်နေရတဲ့ ကျမကတော့ စိတ်ထဲမှာ ခံစားချက်မျိုးစုံနဲ့ နောက်ဆုံး သက်ပြင်းမောချလိုက်မိတယ်။
အဖေဖြစ်သူရဲ့ ကိုယ်ကျင့်တရားမကောင်းမှု၊ ဖောက်ပြန်မှု၊ သားသမီးအပေါ် တာဝန်မကျေမှုတွေကို တခွန်းမှ အပြစ်မပြောတဲ့ သမီး၊ လင်ယောင်္ကျားရဲ့ ဖောက်ပြန်မှု၊ သစ္စာမဲ့ မှုနဲ့ တာဝန်မကျေမှုတွေ အတွက် ခွင့်လွှတ် ပေးတဲ့ ဇနီးသည်အမျိုးသမီးတို့ရဲ့ စိတ်နှလုံးမြင့်မြတ်မှုအတွက် လေးစားမိပေမဲ့၊ ဒီလောက် ကောင်းတဲ့ အသိုင်းအ၀ိုင်းပေါ်မှာ အနိုင်ကျင့်တဲ့ သူ့အဖေလို ယောင်္ကျားမျိုးတွေကိုလည်း ရွံ့ရှာမိပါတယ်။ဒါ့အပြင် အိမ်ထောင်သည်ေ ယာင်္ကျား ကိုမှ ရွေးချယ်ပြီး၊ အဲဒီယောက်ျားကို မှီခိုနေရတဲ့ မိသားစုတစ်စုရဲ့ ဘ၀တွေကိုပါ ဖျက်ဆီးပြီးမှ ဘ၀ထောင်ထူတတ်တဲ့မိန်းမတွေကိုလည်း သနားစိတ် မဖြစ်မိသလို၊ ရွံ့ရှာမိတာပါပဲ။
ဒီလို ဖောက်ပြန်တဲ့ ယောင်္ကျား၊ မိန်းမတွေကို လူ့အသိုင်းအ၀ိုင်း လူ့အဖွဲ့အစည်းက လက်မခံပါဘူး။ ရွံ့ရှာပါတယ်။ သူတို့ရဲ့ရှင်သန်ခြင်းဟာ သိက္ခာမဲ့လှပါတယ်။
လက်ရှိ မြန်မာနိုင်ငံရေး လောကထဲကို ၀င်ရောက်ဖို့ ကြိုးစားနေကြတဲ့ သူတွေထဲမှာ ခုလိုမျိုး အိမ်ထောင်ရေး ဖောက်ပြန်မှုတွေရှိနေတဲ့ သူတွေကိုလည်း သွားပြီး သတိပြုလိုက်မိတယ်။
ကိုယ့်ရဲ့ ခင်ပွန်း၊ ကိုယ့်မိသားစု အပေါ်မှာတောင် သစ္စာမရှိတဲ့မိန်းမက လွှတ်တော်ထဲ ရောက်ပြီး တိုင်းပြည်ကို စီမံခန့်ခွဲရင် ဘာဖြစ်မလဲ။
ကိုယ့်ဇနီး၊ ကိုယ့်မိသားစုအပေါ်မှာတောင် သစ္စာမရှိတဲ့ ဖောက်ပြန်တတ်တဲ့ ယောက်ျားတွေရဲ့ လက်ထဲမှာ မြန်မာနိုင်ငံရဲ့ အနာဂတ် ဘာဖြစ်နိုင်မလဲ။
ကျမရဲ့ သဘောထားကတော့ တကယ်ကို သစ္စာမဲ့တဲ့ လူမှုရေးဖောက်ပြန်ခဲ့တဲ့ သူတွေ၊ ခိုးဝှက်နေတဲ့ မသန့်ရှင်းတဲ့ လက်တွေ၊ မိသားစု၊ မိတ်ဆွေ သူငယ်ချင်း၊ ကျေးဇူးရှင် စတာတွေကို သစ္စာမဲ့တတ်တဲ့ အယူအဆတွေနဲ့ဖောက်ပြန်တတ်တဲ့သူတွေရဲ့ လက်ထဲကိုတော့ ကျမတို့ရဲ့ တိုင်းပြည်ကို မပေးအပ်နိုင် ပါဘူး။ အဲလို လူတွေက သူတို့ပတ်ဝန်းကျင်က အသိုင်းအ၀ိုင်းလေးအတွက်တောင် သစ္စာ မစောင့်နိုင်တာ၊ တိုင်းပြည်တစ်ပြည်လုံးအတွက် သူတို့ ဘယ်လို သစ္စာ စောင့်သိနိုင်မှာလဲ။
လွှတ်တော်ထဲမှာ ကိုယ်ကျင့်တရားမကောင်းသူတွေကို ၀င်ခွင့်မပေးကြပါနဲ့၊လက်ရှိ လွှတ်တော်ထဲမှာ ရောက်နေတဲ့ ကိုယ်ကျင့်တရား မကောင်းသူတွေကိုလည်း ဖယ်ထုတ်နိုင်ဖို့ ကြိုးစားကြဖို့ လိုပါတယ်။
တိုင်းပြည်ရဲ့ အနာဂတ်ကို တည်ဆောက်တဲ့အခါမှာ အုပ်ချုပ်သူတွေ၊ ဥပဒေပြုသူတွေက ကိုယ်ကျင့်တရား   ဖောက်ပြန်သူတွေ ဖြစ်လို့မရပါဘူး။ အဲဒါကြောင့် လွှတ်တော်ထဲ ၀င်ဖို့ကြိုးစားမယ်ဆိုရင် ကိုယ်ဘယ်လောက် သန့်ရှင်း သလဲ ဆိုတာ ဆန်းစစ်ကြည့်ကြပါ။
ကျမတို့ တိုင်းပြည်၊ ကျမတို့ အားလုံးရဲ့ အနာဂတ်ကို မသန့်ရှင်းတဲ့ သူတွေရဲ့ လက်ထဲမှာ မထည့်နိုင်ပါဘူး။ အဲဒါကြောင့် ကိုယ်ကျင့်တရားမကောင်းသူများ နိုင်ငံရေးမလုပ်ကြပါနဲ့လို့ပဲ မေတ္တာရပ်ခံပါတယ်။
မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျှက်ပါ။

     Post  By မေသင်္ကြန်ဟိန်(မြစ်မခ)              မြစ်မခ သတင်း အယ်ဒီတာ့ အာဘော်............



No comments:

Post a Comment