*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 4 July 2013

အမြင်မတူခြင်းနှင့် အဖြေ၇ှာခြင်း



အမြင်မတူခြင်းနှင့် အဖြေရှာခြင်း

လူတိုင်းလူတိုင်းတွင် မတူညီသော အမြင်များ၊ အတွေးအခေါ် အယူအဆများ ရှိတတ်ကြသည်။ လူတစ်ယောက်ချင်းစီ၏ ဖြတ်သန်းခဲ့ရသော ဘ၀အခြေအနေ၊ ပညာအရည်အချင်း၊ အတွေ့အကြုံ၊ ကိုးကွယ်ရာ ဘာသာတရား၊ လူမျိုးအစရှိသည့် အကြောင်းအရာ ပေါင်းစုံပေါ် မူတည်ပြီး ကိစ္စရပ်တိုင်း လိုလိုမှာပင် လူတစ်ယောက်နှင့်တစ်ယောက် အမြင်ချင်း ကွဲပြားလေ့ ရှိကြပါသည်။ မတူကွဲပြားမှုများ ရှိနေခြင်းသည် ပြဿနာတစ်ရပ် မဟုတ်ပါ။ ထိုမတူ ကွဲပြားမှုများအပေါ် ညှိနှိုင်းအဖြေရှာခြင်းမျိုး မပြုလုပ်ဘဲ ပြစ်တင်ဝေဖန် အကြမ်းဖက် နေခြင်းကသာ ပြဿနာတစ်ရပ် ဖြစ်ပါသည်။ သမိုင်းသင်ခန်းစာတွေ မည်မျှပင် ရရှိခဲ့သော်လည်း ယခုအချိန်ထိ တိုင်အောင်ပင် မြန်မာတို့သည် အချင်းချင်း ညီညွတ်အောင် ညှိနှိုင်းအဖြေရှာနိုင်ဖို့ထက် တစ်ဦးကိုတစ်ဦး ပြစ်တင်ဝေဖန်မှုတွေနှင့် အသားကျနေဆဲပင် ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင့်တစ်ဖက် မတူကွဲပြားသည့် အမြင်တွေ၊ စကားသံတွေကို နားထောင်မကြည့်ဘဲ တိုင်းပြည်အတွက် ဆိုသည့်စိတ်ထက် ငါဆိုသည့် အတ္တကို ရှေ့တန်းတင်နေဆဲပဲ ဖြစ်သည်။ ယခုဖြစ်ပျက်နေသည့် ၀ါဒမတူ သူတို့၏ အားပြိုင်ပွဲသည်လည်း ဤသဘောကို ဆောင်နေပါသည်။ ခဲပေါက်ခံရသည့် အဖြစ်တစ်ခုတွင် ခဲပေါက်နေသူနှင့် ခဲပေါက်ရခြင်း အကြောင်းရင်းကို မေ့လျော့ကာ နှစ်ဖက်စလုံးသည် ခဲကျရာကိုသာ လိုက်နေကြပြီး ၀ါဒကို အကြောင်းပြု၍ အပြင်းအထန် တင်းမာကွဲလွဲ နေကြပါသည်။ တစ်ဖက်နှင့်တစ်ဖက် အကြောင်းရင်းခံကို မရှာနိုင်ကြဘဲ ပြစ်တင်ဝေဖန်လျက် ရှိနေပါသည်။

မြန်မာနိုင်ငံတွင် မတူကွဲပြားသည့် အမြင်ရှိသူများသည် အချင်းချင်း ညှိနှိုင်းမယူနိုင်ကြဘဲ ရန်ဖြစ်ကာ အမျိုးမျိုး ကွဲပြားနေခဲ့သည့်အတွက် တိုင်းပြည်နှစ်ပေါင်းများစွာ အောက်ကျနောက်ကျ ဖြစ်ခဲ့ရပြီ ဖြစ်သည်။ ၀ါဒမတူသူ အချင်းချင်း ညှိနှိုင်းအဖြေရှာရန် မကြိုးစားဘဲ ငါနဲ့မတူ ငါ့ရန်သူ သဘောမျိုးနှင့် အပြုတ်တိုက်ဖို့ ကြိုးစားခဲ့သည့်အတွက် သမိုင်းစဉ်တစ်လျှောက်လုံးတွင် မြန်မာများ စိတ်ရောကိုယ်ပါ စည်းစည်းလုံးလုံး ရှိခဲ့သည့်အချိန် အတော်ပင် နည်းပါးခဲ့သည်။ အကြမ်းဖက်မှု ပဋိပက္ခများနှင့် ပြည်တွင်းစစ်ဒဏ်ကို ခါးသီးအောင် ခံစားခဲ့ရပြီး တိုင်းပြည်ချွတ်ခြုံ ကျခဲ့ရသည်။

ဝါဒမတူသူများ ညှိနှိုင်းပြီး မစည်းလုံးနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာပင် အာဏာရှင် လက်အောက်မှာ အဖိနှိပ်ခံအဖြစ် နေခဲ့ရပြီး ဖြစ်သည်။ ယခုအချိန်တွင် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိနေသော်လည်း နောက်ကြောင်းပြန်သွားနိုင်သည့် အန္တရာယ်များ ဆက်တိုက်တွေ့ကြုံရလျက် ရှိနေပါသည်။ တိုင်းပြည်အတွက်ဆိုသည့် ရည်ရွယ်ချက် တူသူများ ၀ါဒကြောင့် ကွဲပြားနေလျှင် ဘုံရန်သူအတွက် အခွင့်အရေးကောင်း ဖြစ်နေပါလိမ့်မည်။ ယခုအချိန်ထိမှ မတူကွဲပြားမှုများကို ညှိနှိုင်းမယူနိုင်၊ မစည်းလုံးနိုင် ဖြစ်နေမည်ဆိုလျှင် တိုင်းပြည်ချောက်ထဲသို့ သက်ဆင်းရပါ လိမ့်မည်။ ထို့ကြောင့် နောက်လိုက်ကောင်းတစ်ယောက် မဖြစ်ခဲ့ဘဲ ခေါင်းဆောင်ကောင်းတစ်ယောက် မဖြစ်နိုင်ဆိုသည့် ဆိုရိုးကို သတိပြုရင်း နှစ်ယောက်ရှိလျှင် သုံးဖွဲ့ကွဲတတ်သည့် စရိုက်ကို ပြင်ဆင်နိုင်မှ၊ တစ်ဖက်နှင့်တစ်ဖက် မတူကွဲပြားမှုများကို နားလည်သဘောပေါက်အောင် နားထောင်ညှိနှိုင်း အဖြေရှာနိုင်မှ တိုင်းပြည်အတွက် ကောင်းနိုင်ပါလိမ့်မည်ဟု The Daily Eleven နေ့စဉ်သတင်းစာက ယူဆရေးသား အပ်ပါသည်။
     Eleven Media Group မှ ကူးယူဖေါ်ပြသည်...

ဇူလိုင်လ ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

No comments:

Post a Comment