*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 9 August 2013

တနင်္ဂနွေ စကားလက်ဆောင် { ၄ } ခုံဖိနပ် နတ်၇ုပ် ပလုတ်တုတ်


တနင်္ဂနွေစကား လက်ဆောင် ( ၄) ခုန်ဖိနပ်၊ နတ်ရုပ်၊ ပလုပ်တုပ်



ဒီတစ်ပတ်တော့ စာရေးသူတွေကို လက်ဆောင်ပေးဖို့ ပုံပြင်လေး တစ်ပုဒ်နဲ့ စပြောချင် ပါတယ်

ပုံပြင်လေးက ဒီလိုပါ၊ တစ်ခါက မြို့လေးတစ်မြို့မှာ ကိုကံလှလို့ခေါ်တဲ့ လူတစ်ယောက် ရှိပါတယ်၊ အဲဒီကိုကံလှက နာမည်နဲ့လိုက်အောင် ကံကလဲ အရမ်းလှပါတယ်၊ သူလုပ် သမျှအလုပ်တိုင်းဟာ အောင်မြင်တာလဲများပါတယ်၊
လောလောဆယ် ကိုကံလှက ငွေကြေးအရင်းအနှီးလဲ သိပ်မတတ်နိုင်တော့ ရွာအနီး အနားနား တောထဲတောင်ထဲက ရလာတဲ့ သစ်သားလေးတွေနဲ့ ခုံဖိနပ်လေးတွေ ခုတ် ၊ ခုတ်ပြီး မြို့ကို တက်တက်ရောင်းပါတယ်။

 
အဲဒီလိုရောင်းရင်း၊ ခုတ်ရင်း၊ ခုတ်ရင်း ရောင်းရင်းနဲ့ ကိုကံလှ စီးပွားရေး စမ်းထလာပြီး ကိုကံလှဖိနပ်ဆိုပြီး ခုံဖိနပ်တွေဟာ ဈေးကွက်တစ်ခုရလာပါတယ်။ ရပ်ဝေးရပ်နီး ကလဲ အမှာစာတွေဝင်လာမစဲ တသဲသဲပေါ့၊

 တစ်နေ့တော့ ကိုကံလှက ခုံဖိနပ်ခုတ်ရောင်းရတာ ငြီးငွေ့လာပြီး၊ နတ်ရုပ်တု လေးတွေ ပြောင်းခုတ်ပြီး ရောင်းပါတယ်၊
သူအလုပ်ပြောင်းတော့ ခုံဖိနပ်မှာတဲ့ ဖောက်သည်တွေလဲ ကတိတွေပျက်နဲ့၊ စိတ်ပျက် လက်ပျက်ဖြစ်ကုန်ပါတယ်၊

ဒါပေမယ့် ကိုကံလှကတော့ နာမည်နဲ့လိုက်အောင် ကံကလှနေဆဲပါပဲ၊ နတ်ရုပ်တု လေးတွေ ခုတ်ရောင်းတော့လဲ သူ့နတ်ရုပ်တုလေးတွေဟာ လက်ရာမြောက်လွန်းလို့ လူတိုင်းက သဘောကျကြပါတယ်၊ တောင်ပြုံးဘက်နတ်ကန္နားလာတဲ့ နတ်ကတော် တိုင်းက ကိုကံလှ နတ်ရုပ်တုလေးတွေကို ခဏခဏ မှာကြတယ်၊

ဒီလိုနဲ့ ကိုကံလှလဲ ၀င်ငွေတွေတော်တော်လေး လမ်းဖြောင့်လာပါတယ်၊ စီးပွားရေး လဲကောင်းလာပါတယ်။
ခက်တာက ကိုကံလှက အလုပ်တစ်ခု အောင်မြင်လာရင် အဲဒီအလုပ်တစ်ခုအပေါ်မှာ စွဲစွဲမြဲမြဲ လုပ်ချင်စိတ်ကုန်ကုန်လာပြီး နောက်တစ်ခု ပြောင်းဖို့ စိတ်ကူးတတ်တာပဲ၊

သူ့စိတ်ကူးအတိုင်း ကိုကံလှက နတ်ရုပ်တုလေးတွေ ခုတ်ရောင်းနေရာကနေ ပလုပ် တုပ်လေးတွေ လုပ်ရောင်းဖို့ စဉ်းစားပြန်ပါတယ်၊ စဉ်းစားတဲ့အတိုင်း ပလုပ်တုပ်လေး တွေ လုပ်ရောင်းပါတယ်၊

အဲဒီလို လုပ်ရောင်းတော့ နတ်ရုပ်တုမှာတဲ့ လူတွေအခက်တွေ့ကြတာပေါ့၊ သူနယ် တစ်ဝိုက်မှာ ကိုယ်ကံလှဟာ သူ့အလုပ်မှာ ကျွမ်းကျင်သူတစ်ယောက်တော့ ဟုတ် တယ်၊ ဒါပေမယ့် အလုပ်ကိုယ် စွဲစွဲမြဲမလုပ်ဘူးဆိုတဲ့ နာမည်ဆိုးကြီးရလာပါတယ်၊

အဲဒါအချိန်ကစပြီး ကိုကံလှကို လူတိုင်းက ယုံကြည့်မှုနည်းလာတယ်၊ ဒါကြောင့် သူ့ပလုပ်တုပ်လေးတွေကိုလဲ မှာသူကြဲသွားပြီး ငုတ်တုတ် ဘ၀ကိုရောက်သွားကာ စီးပွားရေးတွေသိသိသာသာ ကျလို့သွားပါတော့တယ်။

ပုံပြင်လေးကတော ဒီလောက်ပါပဲစာဖတ်သူရယ်၊ ဒါပေမယ့် တွေးစရာတွေကတော့ အများကြီး ကျန်နေခဲ့မယ်လို့ ထင်ပါတယ်၊ ဘာလို့လဲဆိုရင် လူတိုင်းလူတိုင်းက စိတ် တွေအမြဲပြောင်းလဲနေသလို အလုပ်တွေလဲ ဟိုဟာကောင်းနိုးနိုး၊ ဒါကောင်းနိုးနိုးနဲ့ ခဏခဏပြောင်းနေကြတတ်တာ မဟုတ်လား၊

တစ်ချို့ကြတော့ တစ်ယောက်လ္ဘက်ရည်ဆိုင်ဖွင့်လို့ အောင်မြင်လာတာမြင်ရရင်  သူလဲအောင်မြင်မယ်ထင်ပြီး လိုက်ဖွင့်တတ်ကြတယ်၊ ဒါပေမယ့် သူ့ကျတော့ မအောင်မမြင်ဖြစ်ပြီး အကြွေးတွေပတ်လည်ဝိုင်းနေတတ်တာတွေ ရှိတတ်ပါတယ်၊  တစ်ချို့ကြတော့ သူဝပ်ရှော့ဖွင့်လို့ အောင်မြင်တာမြင်ရင် ငါလဲအောင်မြင်ထင်ပြီး လိုက်ဖွင့်တယ်၊ ဒါပေမယ့် မအောင်မမြင်ဖြစ်နေတာတွေ ဒုနဲ့ဒေးပါ၊

သူထမင်းဆိုင် ဖွင့်လို့ အဆင်ပြေပေမယ့် ကိုယ်ကျတော့ ပြေချင်မှ ပြေတတ်တာ မ
ဟုတ်လား၊

တစ်ခါ လူတစ်ယောက်ဟာ ဟိုအလုပ်ကို စပ်စပ်နဲ့လုပ်လိုက်၊ ဒိအလုပ်ကို စပ်စပ်နဲ့ လုပ်လိုက်ဆိုရင်လဲ မအောင်မမြင်ဖြစ်ပြန်ရောတဲ့၊

မြတ်စွာဘုရားရှင်ကတော့ ဘ၀မှာ အောင်မြင်ဖို့အတွက်

တိုးတက်ဖို့အတွက် အောင်မြင်ကြောင်းတရား လေးမျိုးဟောကြားပေးထားပါတယ်၊ အဲဒါတွေက ဘာတွေလဲဆိုရင်

(၁) "ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ တက်တက်ကြွကြွလုပ်ရမယ်၊

(၂) ကိုယ်လုပ်တဲ့ အလုပ်ကို အမြဲတမ်းထိန်းသိမ်းစောင့်ရှောက်ရမယ်၊

(၃) မိတ်ဆွေသူငယ်ချင်းကောင်းလဲ ရှိရမယ်၊ စီးပွားဖက်သူငယ်ချင်းကောင်းရှိရမယ် ပေါ့၊

(၄) ၀င်ငွေနဲ့ ထွက်ငွေမျှမျှ တတ သုံးစွဲရမယ်”ဆိုတဲ့ လေးချက်ပဲဖြစ်ပါတယ်၊

ပြောခဲ့တဲ့ အချက်လေးခုထဲက နံပါတ်တစ်မှာ တက်တက်ကြွကြွလုပ်ရမယ်ဆိုတာ

(၁) ကိုယ်အလုပ်ကို ရေရှည်ထိန်းထားပြီး အချိန်အကြာကြီး တည်မြဲအောင်  လုပ်ရမယ်၊

(၂) အမြဲ မပြတ် လည်ပတ်နေအောင်လုပ်နေရမယ်၊

(၃) စားသုံးသူ စိတ်ကြိုက်ဖြစ်အောင် အစွမ်းကုန်လုပ်ဆောင်ပေးရမယ်၊

(၄) ကိုယ့်လုပ်ငန်းအပေါ်မှာ လေးလေးစားစားနဲ့ ကွာလတီကောင်းအောင် လုပ်ဆောင်ရမယ် ဆိုတဲ့ အချက်တွေလဲပါဝင်ပါတယ်၊

အဲဒီလိုအချက်တွေနဲ့ ပြည့်စုံတဲ့ သူတစ်ယောက်ဟာ ဘ၀မှာ အနှေးနဲ့ အမြန်ကြီးပွား တိုးတက်လာမှာပါ၊
အဲဒီလိုမှ မဟုတ်ပဲ ခုန်ဖိနပ်လေးလုပ်လိုက်၊ နတ်ရုပ်လေးခုတ်လိုက်၊ ပလုပ်တုပ်လေး လုပ်ရောင်းလိုက်ဆိုရင် ဘ၀ဟာ ကြီးပွားတိုးတက်ဖို့ ဝေးနေဦးမယ်ဆိုတာ ပြောကြား လိုက်ပါတယ်၊

စာဖတ်သူများလဲ  ဒီစာလေးဖတ်ပြီးချိန်ကစ ကြီးပွားတိုးတက်ကြပါစေလို့ ဆန္ဒပြုရင်း။ ။

ရွှေမန်းသား
July 28, 2013 at 12:35pm 
http://mingalargarden.blogspot.in/    မှမျှဝေဖေါ်ပြသည်
  

No comments:

Post a Comment