*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 4 August 2013

လမ်းဘေးဈေးသည်တွေအတွက် စဉ်းစား၇အောင်


လမ်းဘေးဈေးသည်တွေအတွက် စဉ်းစားရအောင်

street vendor

ရန်ကုန်မြို့တော် ညနေခင်းအချိန်များ၌ လူသွားလူလာများသည့် အချက်အချာကျရာ နေရာများဖြစ်သည့် လသာ၊ ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ်များတွင် လူသုံးကုန်ပစ္စည်းမှအစ အစားအသောက်နှင့် အခြားသောပစ္စည်းမျိုးစုံ အပြိုင်အဆိုင်ရောင်းချနေကြသည့် လမ်းဘေးဈေးသည်များနှင့် စည်ကားနေဆဲ။
ဈေးသက်သက်သာသာနှင့် အလွယ်တကူ ဝယ်ယူနိုင်သည့် အခြေခံကျသည့် ထိုဈေးဆိုင်ကလေးများကို ရန်ကုန်မြို့တော်သူ မြို့တော်သားများမှာ အားကိုးအားထားပြု ဝယ်ယူနေကြစမြဲ။ လမ်းဘေး၌ ကြုံသလို ထိုင် စားသောက်နေကြသော လူများလည်း ညနေခင်းတိုင်းလိုလို ရှိနေတတ်ကြသည်။
ထိုကဲ့သို့ လမ်းဘေး စားသောက်ဆိုင်များ တိုးချဲ့ဖွင့်လှစ်လာမှုနှင့်အတူ အဆင်မပြေဖြစ်နေသည်က မော်တော် ယာဉ်များ။ လမ်းမများပေါ် 


တိုးချဲ့ ရောင်းချနေကြသည့် ဈေးသည်များကြောင့် ယာဉ်ကြောကြပ်တည်းကာ မော်တော်ယာဉ်မောင်းနှင်ရာ၌ လွယ်ကူလျှင်မြန်ချောမွေ့ မှုမရှိသည့်အဖြစ်သို့ ကြုံတွေ့နေရခြင်းဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှလည်း လမ်းဘေးဈေးသည်များအား စီမံချက်အရ လိုက်လံ ဖမ်းဆီးလျက်ရှိရာ ဈေးသည်နှင့်စည်ပင်အကြား ခိုက်ရန်ဖြစ်ပွားမှုများပင် ကြုံတွေ့၍ ဈေးသည်မှ တာဝန်ရှိသူ များအား ကိုယ်ထိလက်ရောက်ကျူးလွန်ကာ ဆဲရေးတိုင်းတာသည်အထိ သတင်းများ ကြားလာရသည်။
ထို့ကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် လမ်းဘေးဈေးသည်များ၊ မော်တော်ယာဉ် မောင်းနှင်သူနှင့်လမ်းဘေးဈေးသည်များထံမှ ၀ယ်ယူစားသုံးသူများအတွက် အဆင်ပြေစေမည့် အစီအစဉ် တစ်ခုကို မဖြစ်မနေ အကောင်အထည်ဖော်သင့်သည်။ ပထမဦးစွာ အိမ်နီးချင်းနိုင်ငံများ၌ ဤကိစ္စကို မည်သို မည်ပုံ ဖြေရှင်းကြသည်ကို အတုယူကြပါစို့။
ဥပမာအားဖြင့် စင်္ကာပူနိုင်ငံတွင် ယခင်ကလည်း အလားတူ ပြဿနာကို ရင်ဆိုင်ခဲ့ရသည်။ ၁၉၅၀နှင့် ၁၉၆၀ နှစ်များတွင် စင်္ကာပူတွင် အရင်းနည်းနည်းနှင့် အမြတ်များများရောင်းချသော လမ်းဘေးစားသောက် ဆိုင် အရေအတွက် ၂,၄၀၀၀ ခန့် ပင် ပေါ်ပေါက်လာခဲ့သည်။ သို့ သော် နောက်ဆက်တွဲပြဿနာများစွာ ဖြစ်ပွား လာခဲ့သည်။ ၄င်းအနက် သန့် ရှင်းမှုမရှိခြင်းမှာ အဓိက ပြဿနာ ဖြစ်လာခဲ့သည်။ သင့်တော်သော အသုံး အဆောင်များနှင့် လုံလောက်သော ရေမသုံးစွဲနိုင်ခြင်းကြောင့် အစားအသောက်နှင့် အသုံးပြုကိရိယာများ သန့်ရှင်းစေရေး မစွမ်းဆောင်နိုင်ခဲ့ကြချေ။
ကျန်ရှိသော အစားအသောက်နှင့်သုံးစွဲပြီး ရေဆိုးစွန့်ပစ်မှုကြောင့် လမ်းများလည်း ညစ်ညမ်းရသည်။ ဤပြဿနာများမှာ ပြည်သူ့ကျန်းမာရေး ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာသည်။
လက်ရှိအခြေအနေအား ပြုပြင်ရန်အတွက် မဖြစ်မနေ လုပ်ဆောင်ရတော့မည်ဖြစ်သဖြင့် စင်ကာပူအစိုးရမှ လမ်းဘေးဈေးသည်များအား လမ်းပေါ်မှသီးသန့် ရောင်းချရန်တည်ဆောက်ထားသည့် အဆောက်အအုံများရှိရာ နေရာသို့ ပြောင်းရွှေ့ ပေးလိုက်သည်။ ယင်းမှာ ယခုအခါ လူသိများသော စင်္ကာပူမှ Hawker centers ခေါ် စားသောက်တန်းများပင် ဖြစ်သည်။ ယင်း စားသောက်ရုံများ၌ ဆိုင်၏ သန့်ရှင်းမှုအလိုက် စံညီညွှတ်မှု အစရှိသည့် သတ်မှတ်ချက်များအလိုက် A B C ဟု အဆင့် သုံး ဆင့် ခွဲခြားထားပြီး A ကို သတ်မှတ်ထားသော စံများနှင့် အကိုက်ညီဆုံး နှင့် C ကို ကိုညီရုံအဆင့် ဟူ၍ စားသောက်ဆိုင် အခြေအနေကို စားသုံးသူများ အလွယ်တကူ သိနိုင်ရန် စားသောက်ဆိုင်ခန်းအ၀၌ ကပ်၍ ကြေငြာထားသည်။
အစားအသောက်ဈေးနှုန်းများ သက်သာစေရန် ရည်ရွယ်၍ ဆိုင်ခန်းခများကိုလည်း လက်လှမ်းမှီနိုင်သော နှုန်းထားဖြင့်သာ သတ်မှတ်ပေးထားသည်။ ဘတ်စ်ကားဂိတ်၊ အချက်အချာနေရာများ စသော နေရာအတော် များများ၌ စားသောက်ဆိုင်ခန်းများ ဆောက်လုပ်ပေးထားသည်။ ခရီးသွားများအနေနှင့်လည်း စင်္ကာပူရိုးရာ အစားအစာများကို အလွယ်တကူစားသောက်မြည်းစမ်းနိုင်သော အခွင့်အရေးကိုလည်း ရရှိပေသည်။
စင်္ကာပူရှိ စားသောက်တန်းများအား Ministry of the Environment and Water Resources (MEWR) ၏လက်အောက်ခံ National Environment Agency (NEA)၊ Housing and Development Board (HDB) နှင့် JTC Corporation တို့ က ပိုင်ဆိုင်သည်။ ယင်းစားသောက်ဆိုင်များ၏ သန့် ရှင်းမှုနှင့် ကျန်းမာရေးကိုက်ညီမှု ရှိမရှိကို စားသုံးသူများ၏ အကြံပြုချက်များနှင့် တုန့် ပြန်ထင်မြင်ချက်များပေးရန်အတွက် ၂၀၁၀ခုနှစ်၌ အင်တာ နက် စာမျက်နှာတစ်ခု ဖွင့်လှစ်ခဲ့သည်။
စင်ကာပူနည်းတူ ထိုင်းနိုင်ငံ၌လည်း စားသောက်ဆိုင်တန်းများကို ဖွင့်လှစ်ပေးခဲ့သော်လည်း နိုင်ငံခြားခရီးသွား ၀င်ရောက်မှုများသည့် နိုင်ငံဖြစ်သည်နှင့်အညီ လမ်းဘေးဈေးသည်များမှာ ကွယ်ပျောက်သွားခြင်းမရှိပဲ Mobile ဈေးဆိုင်အသေးများအဖြစ် ပြောင်းလဲ ကျန်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံအနေနှင့် ထိုကဲ့သို့ လမ်းဘေး၌ အစားအသောက်ရောင်းချနေသူများအား ဆိုင်ခန်းနှင့် ပြောင်းလဲ ၀န်ဆောင်မှုပေးနိုင်ရန်အတွက် ချက်ချင်းပြောင်းလဲရန် မဖြစ်နိုင်သော်လည်း အိမ်နီးချင်းနိုင်ငံများ၌ ကိုင်တွယ် ဖြေရှင်းခဲ့သော ပုံစံများအား အတုယူ၍ စီမံကိန်းများ ရေးဆွဲကာ အကောင်အထည်စ၍ ဖော်သင့်သည့် အခြေအနေကောင်း တစ်ရပ်သို့ ရရှိနေပြီဖြစ်သည်။
လမ်းဘေးတစ်ဖက်တစ်ချက်၌ စုပြုံရောင်းချနေမည့်အစား လမ်းမပိတ်ဆို့စေရေး မြို့ နယ်တစ်ခုစီလျှင် စားသောက်တန်း တစ်ခုကျ ကန်ထရိုက်စနစ်ဖြင့်ချထား၍ ဆိုင်ခန်းခ ဈေးနှုန်းမမြင့်စေရေး ထိန်းချုပ်ပေးနိုင်မည် ဆိုပါက တစ်နေရာထဲ၌ လူတန်းစားလူမျိုးဘာသာမရွေး အများ လက်လှမ်းမှီသော သင့်တင့်သည့်ဈေးနှုန်းဖြင့် ကျမ်းမာရေးအရ သင့်လျော်သည့် အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာဖြင့် ၀န်ဆောင်မှု ပေးနိုင်မည် ဆိုလျှင် ဈေးသည်နှင့် စားသုံးသူ နှစ်ဦးနှစ်ဘက်သာမက ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိခိုက်မှုဘေးမှ ဝေးမည့်အပြင် ခရီးသွားများအတွက်လည်း ဆွဲဆောင်မှုတစ်ရပ် ဖြစ်ကောင်း ဖြစ်လာဖွယ် ရှိနိုင်သည်ဟု တင်ပြရင်း..............
                     
         Post 10 July 2013

No comments:

Post a Comment