*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 9 September 2013

မြန်မာနိုင်ငံ၏ ပထမဆုံး အဲကွန်း အထူး အမြန်ရထား စတင် ပြေးဆွဲပြီ ...



မြန်မာနိုင်ငံရှိ တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော ကျိုက်ထီးရိုး ဘုရားသို့ ခရီးသွား ပြည်သူများ စိတ်အေး ချမ်းသာစွာဖြင့် သက်သောင့်သက်သာ သွားလာပြီး ဘုရားဖူးနိုင်စေရန်
မြန်မာ့မီးရထား၏ ပထမဆုံး ရန်ကုန်-ကျိုက်ထို- ရန်ကုန် အဲကွန်း အထူး အမြန်ရထား (RBE) ကို စက်တင်ဘာ ၇ ရက် နံနက် ၆ နာရီခွဲတွင် စတင် ပြေးဆွဲလိုက်ပြီ ဖြစ်သည်။

ထိုသို့ပြေးဆွဲမှုအပေါ် တာဝန်ရှိသူများက သိလိုသည်များ မေးမြန်းရာ ပထမဦးစွာ မြန်မာ့မီးရထား (အောက်မြန်မာပြည်) လက်ထောက် အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက''ဒီ အဲကွန်း အထူးအမြန် ရထား (RBE) ပြေးဆွဲမှုဟာ မြန်မာ့မီးရထား အနေနဲ့ ပထမဦးဆုံး ဖြစ်ပါတယ်။ ခုချိန်မှာတော့ စမ်းသပ် ကာလအဖြစ် ခရီးသည် ၁၂၁ ဦးနဲ့ စတင်ပြေးဆွဲခြင်း ဖြစ်ပါတယ်။ ရန်ကုန်- ကျိုက်ထို ခရီးစဉ်ကို ကျိုက်ထို-၁ အဖြစ် သတ်မှတ်ပြီး အပတ်စဉ် စနေနေ့မှာ ထွက်ကာ ကျိုက်ထို- ရန်ကုန် ခရီးစဉ်ကို ကျိုက်ထို-၂ အဖြစ် သတ်မှတ်ကာ တနင်္ဂနွေမှာ အဝင်အဖြစ် အသွားအပြန် နှစ်ရက်ခရီးအဖြစ် ပြေးဆွဲပါတယ်'' ဟု ပြောကြားသည်။
 
ဆက်လက်၍ ''ကျိုက်ထို- ၁ အသွားခရီးစဉ်မှာ ရန်ကုန်မှ ၆ နာရီခွဲထွက်ပြီး နံနက် ၁၁ နာရီမှာ ကျိုက်ထိုသို့ ရောက်ပါတယ်။ ကျိုက်ထို-၂ အပြန်ခရီးစဉ်မှာ ကျိုက်ထိုဘူတာမှ မွန်းတည့် ၁၂ နာရီ ထွက်မှာဖြစ်ပြီး ရန်ကုန်ကို ညနေ ၄ နာရီခွဲမှာ ရောက်မှာပါ။ ရန်ကုန်- ကျိုက်ထို အသွားအပြန် တစ်ခြမ်းမှာ ပျမ်းမျှ နာရီ ၄ နာရီ ၃၅ မိနစ် လမ်းခရီးရှိပြီး ပဲခူးဘူတာ၊ ဝေါဘူတာ၊ သိမ်ဇရပ်ဘူတာ တို့မှာ ငါးမိနစ်ခန့်စီ ရပ်သွားမှာပါ။'' 

''ဒီရထားဟာ အဲကွန်း အထူးအမြန် ရထားဖြစ်ပြီး ခရီးသည် တစ်ဦးအနေနဲ့ အဲကွန်းနဲ့ လျော်ညီတဲ့ ပစ္စည်းများ ကို ၂၅ ပိဿာအထိ ရိုးရိုးတန်းတွင် သယ်ယူခွင့်ပြုပြီး အထူးတန်းမှာ ၃၅ ပိဿာ အထိ သယ်ယူခွင့်ပြု ထားပါတယ်။ ခရီးသည် စုစုပေါင်း ၃၂၂ ဦးအထိ လိုက်ပါနိုင်ပြီး လက်မှတ်တွေကို ရန်ကုန်- ကျိုက်ထို ဘူတာ များမှာ ကြိုတင် ဝယ်ယူနိုင်တဲ့အပြင် လက်မှတ်ရောင်းချမှု သတ်မှတ်ချက်အရ ပဲခူးဘူတာတွင် လက်မှတ် အစောင် ၃ဝ၊ သိမ်ဇရပ် ဘူတာတွင် ၁ဝ စောင်၊ ဝေါဘူတာတွင် ၁ဝ စောင် ဝယ်ယူနိုင်ပြီး လိုက်ပါခွင့် ရှိသလို ထိုင်ခုံလက်မှတ် မရှိသူများ လုံးဝ လိုက်ပါခွင့် မရှိပါ'' ဟု ပြောကြားသည်။

''စီးနင်းလိုက်ပါမည့် ခရီးသွားပြည်သူများ အနေဖြင့် ရန်ကုန်ဘူတာမှ အထက်တန်း ရက်ကြို လက်မှတ်ရုံမှာ တနင်္လာမှ သောကြာနေ့အထိ ငါးရက် ကြိုတင်၍ ခရီးသွား တစ်ဦးလျှင် ငါးစောင်အထိ ဝယ်ယူနိုင်ပါတယ်။ ရန်ကုန်- ကျိုက်ထို ငွေကျပ် ၃၅ဝဝ ဖြစ်ပြီး လမ်းဘူတာများ အတွက် ရန်ကုန်မှ စတင်ကာ ပဲခူးကို ၁၇ဝဝ ကျပ်၊ ဝေါကို ၂၃ဝဝ ကျပ်၊ သိမ်ဇရပ်ကို ၂၈ဝဝ ကျပ် ဖြစ်ပါတယ်။ ကျိုက်ထို ဘူတာရောက်ရင် ရထားဆင်း ဘုရားဖူး ခရီးသည်များအတွက် ကင်ပွန်းစခန်းကိုကားဖြင့် ငွေကျပ် ၅ဝဝ ပေးကာ အဆင်ပြေ လွယ်ကူစွာ သွားလာနိုင်ရေးကို မြန်မာ့မီးရထားမှ ကျိုက်ထို မော်တော်ယာဉ် အသင်းနှင့် ချိတ်ဆက် ဆောင်ရွက်ထား ပါတယ်''ဟု ပြောကြားသည်။


ထို့နောက် တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ယခု အဲကွန်း အထူးအမြန်ရထား ပြေးဆွဲမှုကို စမ်းသပ် ကာလ ဖြစ်တာကြောင့် ခရီးသည် အခြေအနေပေါ် မူတည်ပြီး (RBE) မီးရထား စက်ခေါင်းနှစ်ခေါင်း လူစီးတွဲ သုံးတွဲဖြင့် ပြေးဆွဲလျက်ရှိရာ စက်ခေါင်းသုံးခေါင်းနဲ့ လူစီးတွဲ ခုနစ်တွဲ ကျန်ရှိသေးကြောင်း စုစုပေါင်း စက်ခေါင်းတွဲ ၁၅ တွဲရှိပြီး နောက်ပိုင်းခရီးစဉ်များနှင့် ခရီးသည် အခြေအနေပေါ် မူတည်ပြီး ထပ်မံတိုးချဲ့ ပြေးဆွဲသွားမည် ဖြစ်ကြောင်း မီးရထား စက်ခေါင်းနဲ့ လူစီးတွဲတွေကိုတော့ ဂျပန်နိုင်ငံ မီးရထားစက်ခေါင်း စက်ရုံမှ တင်သွင်းထားကြောင်း သိရသည်။

ထို့နောက် အဲကွန်း အထူးမီးရထားဖြင့် ဘုရားဖူးလိုက်ပါမည့်  ခရီးသွား ပြည်သူတစ်ဦးအား သိလိုသည်များ မေးမြန်းမှုအပေါ် ၎င်းက ''အဒေါ်တို့ မိသားစုက အရင်ကလည်း ကျိုက်ထီးရိုးဘုရားကို မကြာခဏ သွားဖြစ် ပါတယ်။ အရင်ကတော့ ကိုယ့်ကားနဲ့ကို သွားတာပါ။ ခုဟာက မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် အဲကွန်း လည်းပါ ထိုင်ခုံတွေကလည်း သက်သောင့်သက်သာနဲ့ အဆင့်မြင့်လာတယ် ဆိုတော့ အဒေါ်တို့ တစ်မိသားစု အားလုံးရှစ်ယောက် သွားရောက်ဖူးမြော်မှာပါ။ အဒေါ်တို့ မိသားစုတွေက ဝန်ထမ်းတွေ ဖြစ်တယ်။ ဒါကြောင့် စနေ၊ တနင်္ဂနွေနေ့ဆို အဆင်ပြေလို့ ခုလို လိုက်စီးဖြစ်တာပါ။ မြန်မာ့ မီးရထားအနေနဲ့ ဘုရားဖူး ခရီးသွားပြည်  သူ တွေကို အဓိကထား စီစဉ်ပေးတဲ့အတွက် ဝမ်းလည်းဝမ်းသာပါတယ်။ ခရီးသွားပြည်သူတွေ အတော့်ကို အဆင်ပြေကြပါတယ်။'' ဟု ကျိုက်ထီးရိုး ဆံတော်ရှင်စေတီသို့ သွားရောက်ဖူးမြော်မည့် ကြည့်မြင်တိုင်မှ  ဒေါ်ကလျာက ပြောကြားသည်။

ယင်းသို့ ပြေးဆွဲရာတွင် ပြည်တွင်း ဘုရားဖူး ပြည်သူများအပြင် နိုင်ငံခြားသား Tourist ခရီးသွားများလည်း လိုက်ပါလျက် ရှိသည်။ ၎င်းတို့အတွက် ကြိုတင်လက်မှတ် များကို မြန်မာငွေကျပ် အပြင် ဒေါ်လာဖြင့် လည်း ရောင်းချပေးလျက် ရှိကြောင်းသိရသည်။ ထိုသို့ ပြည်တွင်းပြည်ပ ဘုရားဖူး ခရီးသွား ပြည်သူများ အနေဖြင့် ကျိုက်ထီးရိုး ဘုရားသို့ ယခင် ကားဖြင့်သာ သွားရောက်ဖူးမြော် ခဲ့ရသော်လည်း ယခုအခါ မြန်မာ့မီးရထား၏ အဲကွန်း အထူးအမြန်ရထားဖြင့် ပထမဦးဆုံး ပြေးဆွဲနေမှုအပေါ် သက်သောင့် သက်သာ စိတ်အေးချမ်းသာ စွာဖြင့် ရန်ကုန်မှကျိုက်ထို ကင်ပွန်းစခန်း တောင်ခြေအထိ ငွေကျပ် ၄ဝဝဝ ဖြင့် သွားရောက်ကာ ကျိုက်ထီးရိုး ဘုရား ဖူးမြော်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါ သည်။  ။
 မြ၀တီ မှမျှဝေဖေါ်ပြသည်...

No comments:

Post a Comment