*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 3 September 2013

ဒုက္ခပင်လယ်ဝေနေကြရသည့် မလေးရှားရောက် မြန်မာလုပ်သားများ

အုပ်ချုပ်သူအမှား၊ မူဝါဒ အမှားကြောင့် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာပင် ဆင်းရဲမွဲတေမှု တွင်းနက်ထဲမှာ ကျရောက် နေခဲ့ရသည်။ မိမိနိုင်ငံထဲတွင်ပင် လုပ်ကိုင်စားသောက်ရန် အခြေအနေ မပေးသည့်အခါ ပြည်တွင်းက လုပ်သားပေါင်း များစွာသည် ရေကြည်ရာ မြက်နုရာ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင် နေကြရသည်။ ထိုသို့ ပြည်ပသို့ သွားရောက်လုပ်ကိုင်သူ လုပ်သားများ၏ အများစုမှာ အခြေခံကာယ လုပ်သားများ ဖြစ်ကြပြီး စီးပွားရေး အခွင့်အလမ်း ကောင်းမွန်သည့် အာဆီယံ အင်အားကြီး နိုင်ငံများဖြစ်ကြသော ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံများတွင် လုပ်ကိုင်နေကြရ သူများဖြစ်သည်။ ထို့ပြင် ထိုလုပ်သားများမှာ တရားဝင် လုပ်သားများအဖြစ် လုပ်ကိုင်နေကြရခြင်း မဟုတ်ဘဲ တရားမ၀င် လုပ်ကိုင်နေကြရသူမှာ အများစု ဖြစ်ကြပါသည်။

ပြည်ပထွက် အလုပ်လုပ်ကိုင် သူများသည် ပို၍ကောင်းမွန်သည့် အနာဂတ်တစ်ခု မျှော်မှန်း၍ ပြည်ပသို့ ထွက်ခွာရာတွင် မိမိတွင်ရှိသမျှ ဥစ္စာပစ္စည်းများအား ရောင်းချပေါင်နှံကာ စွန့်စားသွားရခြင်း ဖြစ်ပါသည်။ ထွက်ခွာရာတွင် အလုပ်ရှာဖွေပေးမည်ဟု ဆိုသည့် အေဂျင်စီများ၊ အလုပ်သမား အေးဂျင့်များ၏ ခေါင်းပုံဖြတ်မှုများ၊ လိမ်လည်မှုများကို ခံကြရသည်။ ထို့ပြင် အလုပ်လုပ်ကိုင်ရာတွင်လည်း တရားမ၀င် အလုပ်သမား ဖြစ်သောကြောင့် အလုပ်ရှင်၏ ခေါင်းပုံဖြတ်မှု၊ နိုင်ထက်စီးနင်းမှုတို့ကို ခံစားရလေ့ရှိကြပြီး မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေကြရသူများ ယခုနောက်ဆုံး ရင်ဆိုင်နေကြရသည့် ပြဿနာမှာ မလေးရှားရောက် တရားမ၀င် လုပ်သားများအား ရက်စက်ကြမ်းတမ်းစွာ ဖမ်းဆီးခြင်း၊ ဖမ်းဆီးခံထားရသူ များအားလည်း လူသားမဆန်စွာ ထိန်းသိမ်းထားပြီး နေရပ်ပြန်ပို့နေခြင်း ဖြစ်ပါသည်။ များမကြာမီ အချိန်ကလည်း မလေးရှားရောက် မြန်မာလုပ်သားများအား လက်စားချေ အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီး မြန်မာအလုပ်သမားများစွာ ကျီးလန့်စာစား နေထိုင်ခဲ့ကြရသည်။ စားဝတ်နေရေး မပြေလည်၍ အကြွေးဖြင့် ပြည်ပထွက် လုံခြုံမှုမရှိစွာ အလုပ်လုပ်ကိုင် ကြရသည်။ အကြမ်းဖက်မှု များကြားတွင် လုပ်ကိုင်နေကြရပြီး ပြန်ဆပ်နေသည့် အကြွေးမှ မကျေရသေးခင် ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ ခံရသည့်အခါ ကာယကံရှင်ရော၊ ၎င်းကိုမှီခို အားထားနေရသည့် မိသားစုဝင်များပါ ဒုက္ခပင်လယ် ဝေကြရပြီး မြေနိမ့်ရာ လှံစိုက်ခံနေ ကြရသည်။ တိုင်းပြည်ဆင်းရဲနေသရွေ့ မြန်မာနိုင်ငံသားများ မကြာခဏ ရင်ဆိုင်ကြုံတွေ့ နေရဦးမည့် ပြဿနာများပင် ဖြစ်သည်။

မလေးရှားနိုင်ငံ၏ ယခုလိုမြန်မာ အပါအ၀င် တရားမ၀င် အလုပ်သမားများအပေါ် ရက်စက်ကြမ်းတမ်းစွာ ဖမ်းဆီးထိန်းသိမ်းပြီး နေရပ်ပြန်ပို့ နေခြင်းသည် အာဆီယံနိုင်ငံ အချင်းချင်း ဆက်ဆံရေးကို ထိခိုက်နေရသည့်အပြင် လူသားချင်း မစာနာသည့် လုပ်ရပ်လည်း ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာအစိုးရ အနေဖြင့် သံတမန်နည်းအရ မလေးရှားရောက် မြန်မာလုပ်သားများအား အကာအကွယ်ပေးရန် တောင်းဆိုသင့်ပါသည်။ ထို့ပြင် နှစ်နိုင်ငံ တရားမ၀င် အလုပ်သမားများ အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံနှင့် ပုံစံမျိုး ညှိနှိုင်းဆွေးနွေး အဖြေရှာသင့်ပါသည်။ ရေခြားမြေခြားတွင် နေထိုင်နေရသူများ အတွက် အားကိုးရာ ဆိုသည်မှာ နိုင်ငံသံရုံးသာ ရှိသည့်အတွက် မလေးရှားနိုင်ငံရှိ မြန်မာသံရုံး အနေဖြင့်လည်း မိမိနိုင်ငံသားများ အရေးအတွက် မျက်နှာလွှဲမနေဘဲ အစွမ်းကုန် အကူအညီ ပေးသင့်ပါသည်။ အစိုးရ ဆိုသည်မှာ နိုင်ငံသားတို့၏ မိဘသဖွယ် ဖြစ်ပါသည်။ မိဘကမှ အကာအကွယ် မပေးဘူးဆိုလျှင် သားသမီးများဖြစ်သည့် မြန်မာနိုင်ငံသားတို့ အခြားသူများ၏ အနှိမ်ခံ အနိုင်ကျင့်ခံ ဖြစ်ရပါလိမ့်မည်။ ထို့အတွက်ကြောင့် မြန်မာအစိုးရ အနေဖြင့် ယခုမလေးရှား ကိစ္စကို နှုတ်ဆိတ်၍ မနေသင့်ဘဲ နိုင်ငံအချင်းချင်း ညှိနှိုင်းကာ မိမိနိုင်ငံသားများ မြေနိမ့်ရာ လှံစိုက်ခံနေရသည့် ဘ၀မျိုးမှ မိဘသဖွယ် အကာအကွယ် ပေးကြပါရန် The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။
 
 စက်တင်ဘာလ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

No comments:

Post a Comment