*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 13 September 2013

ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး..



ရွှေတိဂုံစေတီတော် သို့ အကြိမ်ကြိမ် ရောက်သည်။ သို့သော် အံ့ဖွယ် ၉ ပါး စုံအောင် တစ်ခါမှ မရောက်၊ ဘယ်နားမှာ ရှိမှန်း မသိတာလဲ ပါမည်။ ထို့အတွက်ကြောင့် အလွယ်တကူ မှတ်မိနိုင်စေရန် စုစည်းဖော်ပြပေး လိုက်ပါသည်။

၁။ပတ္တမြားမျက်ရှင် ဘုရား
၂။ဝိဇ္ဇာဇော်ဂျီ ဘုရား
၃။ရှင်စောပု ဘုရား
၎။ဆံတော်တွင်း ရုပ်ပွားတော်
၅။ရှင်အဇ္ဇာဂေါဏ ဘုရား
၆။ဘိုးဘိုးအောင် ဂူဘုရား
၇။ရှင်မထီး ဘုရား
၈။လက်ပက်လက် ဘုရား
၉။ပြဒါးရှင် ဘုရား
တို့ဖြစ်ကြသည်။
 


(၁) တ၀ဂူ ဆုတောင်းပြည့် ဘုရား (သို့) ပတ္တမြားမျက်ရှင် ဘုရား (အံ့ဖွယ် ၁ -တနလာင်္ထောင့်)

ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အေ၇ှ့ ဘက်တည့်တည့် တွင် တည်ရှိသည်။ ထိုတ၀ဂူ ဘုရားသို့ အမျိုးသားများ သာလျှင် တက်ရောက်ဖူးမြော်ခွင့် ရပြီး၊ အမျိုးသမီးများ မဖူးမြော်နိုင်သော ဘုရားဟုလည်း ဆိုလျှင် မှားမည်မဟုတ်ပေ။ တ၀ဂူ ပတ္တမြားမျက်ရှင် ဘုရား ဟုလည်းခေါ်တွင်လေသည်။ဆုတောင်းပြည့် တ၀ဂူုဘုရားသည် အလွန်တန်ခိုးကြီးသည့်အတွက် ဆုတောင်းပြည့်သည်ဟု အလွန် ယုံကြည်ကြ သည်။

 ရှေးအခါ က မင်းညီမင်းသားများ သည် တ၀ဂူ ဆုတောင်းပြည့် ဘုရားကို တက်ပြီး ဆုတောင်း ဆုယူပြု လုပ်ကြသည်။ သစ္စာ အဓိဌာန်ပြုလုပ်ကြသည်။ ပြုလုပ်သည့် အတိုင်း အောင်မြင်ကြသည်။ အချင်းချင်း သတ်ဖြတ်ပြီး နန်းရပ်ထီးဖြူ လုယူကြသည်။ ထီးနန်းအုပ်ချုပ် မင်းလုပ်ကြသည်။ သို့အတွက် အချင်းချင်း မသတ် ဖြတ်စေရန် ကြီးစဉ်ငယ်လိုက် မင်းလုပ်စေရန် အတွက် မင်းညီမင်းသားများ တ၀ဂူ ဆုတောင်းပြည့် ဘုရား မဖူးမြော်ရဟု ဘုရင်များက အမိန့်စာချွန်တော် ထုတ်ပြန်ခဲ့ရလေသည် ဟု မှတ်သားခဲ့ရ ဖူးပါသည်။ 

ထို့ကြောင့် တ၀ဂူ ဘုရားကို လူတိုင်း အလွယ်တကူ မဖူးမြော်နိုင်စေရန် ဆုမတောင်းနိုင် ကြစေရန် တ၀ဂူဘုရားကို အထက်ပစ္စယံ လူသူအရောက်အပေါက် နည်း သော နေရာတွင်လျှို့ဝှက် တည်ထား ကိုးကွယ်ကြသည် ဟု ပြောစမှတ်ပြုကြပါသည်။

(၂) ၀ိဇ္ဖာဇော်ဂျီဘုရား (အံ့ဖွယ် ၂ -- နေလဘုရား အရှေ့ဘက် မှာရှိပါ တယ် ...ဒီဘုရားက ပန်းမဦးဘူး လို. သိရ ပါတယ်... ဘယ်လောက်စောစော ထပြီးပန်း လှူလှူ.. ပန်းလှူပြီး သားဖြ စ်နေတာကို ပဲတွေ.ရ လို.ပါတဲ့ )

ရွှေတိဂုံကုန်းတော် ရင်ပြင်တော် စနေထောင့် တည့်တည့်တွင် တည်ရှိသည်။  စေတီ ငယ်ပေါ် တွင် ဇော်ဂျီ ရုပ်များ ပြုလုပ် ထား သည်ကို တွေ့ရသည်။ လောကီ ပညာရပ် အစီအမံဖြင့်ပြုလုပ်ထား သည့် ဘုရားဟု သိရှိ ရလေသည်။

(၃) ဆုတောင်းပြည့်ဘုရား (အံ့ဖွယ် ၃ - ရှင်စောပုဘုရား ....၁၂ ရာသီပတ်လုံး ပန်းပွင့်ပါတယ်တဲ့)

ရွှေတိဂုံ ရင်ပြင်တော် ရာဟုထောင့် သံတန်ဆောင်း ကြီး နံဘေးတွင် တည်ရှိသည်။ အချို့ က ဘားလေးဘား ဘုရား ဟုခေါ် ကြသည်။ ရှင်စောပုစေတီ ဟုလည်းတွင်သည်။ ဘုရားအနီးတွင် စကားစိမ်း၊ စကားဝါ စသော စကားပင်လေးပင် ရှိသည်။

(၄) ရှင်မထီးဘုရား (အံ့ဖွယ် ၇ --ပညာရေးကောင်း)

ရွှေတိဂုံ ရင်ပြင်တော် တနင်္ဂနွေထောင့် ရှိ နောင်တော်ကြီး ဘုရားမြောက် ဘက် အာရုံခံ တန်ဆောင်း (ရှင်မထီးတန်ဆောင်း) တွင်းရှိ ဘုရားဖြစ်သည်။ နှစ်ပေါင်း ၁၀၀၀-ခန့်က ရှင်မထီး ဆရာတော် တည် သွားသည် ဟုပြောသည်။

(၅) ရှင်အဇ္ဖဂေါဏ ဘုရား (အံ့ဖွယ် ၅ --- ရှင်အဇ္ဖဂေါဏ နဲ.ရှင်မထီး ဆရာတော် ကို တော်တော် များများ က တစ်ပါးထဲ လို. မှားတတ်ကြ ပါတယ်... ရှင်အဇ္ဖဂေါဏ က ပုဂံပြည်ကို ပထမဆုံး စတည်ထောင် တဲ့ သမုဒ္ဒရာဇ် မင်း လက်ထက်မှာပေါ် ခဲ့တဲ့ဆရာတော်ပါ.... ရှင်မထီး ဆရာတော်ကတော့ ပျူစောထီးမင်း လက်ထက် မှာပေါ်ပေါက် ခဲ့တဲ့ဆရာတော် ပါ.. အဂ္ဂိရတ် သမားတွေ အတွက်အလွန်အားထား ရတဲ့ ရှင်မထီးကျမ်း ကိုပြုစုခဲ့တဲ့ သူပါ.)

ရွှေတိဂုံ ဘုရား ရင်ပြင်တော် တနင်္ဂနွေထောင့် ရှိ နောင်တော်ကြီး ဘုရား၏ တောင်ဘက် အာရုံခံ တန်ဆောင်း တွင်း၇ှိ ရုပ်ပွားတော်ဖြစ်သည်။ ရှင်အဇ္ဖဂေါဏ ကား ဆိတ်မျက်လုံး တစ်ဖက်၊ နွားမျက်လုံး တစ်ဖက် ရှိသော ကိုယ်တော်ဟု ထင်ရှားသည်။ အဂ္ဂိရပ် တန်ခိုးဖြင့် ပုဂံခေတ်က ရွှေမိုး ငွေမိုး ရွာအောင်စောင်မခဲ့သော ကိုယ်တော်ဟု လည်းေ၇ှးဟောင်း သမိုင်းစာပေတို့တွင် ဆို၏။ ဆရာတော်က ၄င်းတည် ခဲ့မှန်း လူများ သိစေရန် မျက်လုံးတော် တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ် ထုလုပ် သွားကြောင်း အဆိုရှိသည်။ ထိုအာရုံခံ တန်ဆောင်း ရာဟုထောင့် (၀ါ) အနောက်မြောက်ထောင့် ရှိ ရုပ်ပွါးတော် မှာ မျက်လုံးတော် တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ် အရွယ်ချင်းမတူအောင်ပြုလုပ်ထားလေသည်။

(၆) ဆံတော်တွင်း ရုပ်ပွားတော် (အံ့ဖွယ် ၄ -လပြည့် လကွယ်နေ. များတွင်ရေသံ ကြားရသည် ဟုဆိုကြ ပါသည်)

ရွှေတိဂုံ ရင်ပြင်တော် မြောက်ဘက် တွင်ရှိသော ဆံတော်တွင်း တန်ဆောင်း အတွင်းတွင် တည်ရှိသည်။ ဆံတော်တွင်း တန်ဆောင်းမှာ ဒဂုံခင်ခင်လေး ၏ ကောင်းမှုဖြစ်သော မဟာဗောဓိစေတီ ၏ အနောက်ဘက် မျက်နှာချင်းဆိုင် တွင် တည်ရှိသည်။ ရွှေတိဂုံစေတီ ကို တည်စဉ်က ဆံတော် များဆေးကြော သည့် တွင်းဖြစ် သည် ဟု မှတ်သားကြလေသည်။

တန်ဆောင်းတွင်း ရုပ်ပွားတော် အနောက်တွင် ယခင်နှစ်ပေါင်း (၅၀)ကျော်က ဆံတော်တွင်းသို့ဆင်းရာ ဥမင်လိုဏ်ခေါင်း ရှိသည်ဟု ပြောစမှတ်ရှိသည်။ ဆံတော်တွင်းမှ ရေသည် ဧရာဝတီမြစ်ရေနှင့် တစ်ကြော တည်းဖြစ်သဖြင့် ဒီရေအတက်အကျ ရှိတိုင်း ဆံတော်တွင်း တွင်လည်း အတက်အကျ ရှိသည်ဟု ဆိုကြသည်။ ဆံတော်တွင်း အုတ်ပြသာဒ်ကို ငုံပြီး ၁၈၇၉ ခုနှစ်က တန်ဆောင်း ဆောက်လုပ်ခဲ့လေသည်။

(၇) ဘိုးဘိုးအောင် ဘုရား (အံ့ဖွယ် ၆ - ဘိုးဘိုးအောင်ဂူဘုရား)

ရွှေတိဂုံစေတီတော် အရှေ့မုခ် အနီးရှိ ဘိုးဘိုးအောင် တန်ဆောင်း ဘုရားပင်ဖြစ်သည်။ ထို တန်ဆောင်းအတွင်း ရှိ ရုပ်ပွားတော် ကို ဘိုးဘိုးအောင် တည်ရစ် သည်ဟု ပြောစမှတ်ရှိသည်။ ဘိုးဘိုးအောင်တန်ဆောင်း အနောက်ဘက်တွင် ကျောချင်း ကပ်လျှက် ရှိသည်ကား ဓမ္မစေတီ၏ ကောင်းမှုတော် စေတီဖြစ်သည်။ ဓမ္မစေတီ ဘုရားရှေ့တွင် ခြင်္သေ့နှင့် ကျားရုပ်ရှိသည်။

(၈) လက်ပက်လက် ဘုရား (အံ့ဖွယ် ၈ - တနလာင်္ထောင့် မှာ ရှိပါတယ်.. .လာဘ မုနိ ဘုရား လို. လဲခေါ် ပါတယ်..  ကျန်းမာရေး ညံ့ရင် ထိုဘုရားမှာ ဆုတောင်းပါတဲ့)
ရွှေတိဂုံစေတီတော်အရှေ့မုခ် အာရုံခံတန်ဆောင်းအတွင်းတွင် ရှိ၏။ ကကုသန်ရုပ်ပွားတော်ဖြစ်သည်။ လိုဏ်အတွင်းရှိကကုသတ်ဘုရားရှင် ရုပ်ပွားတော်၏ လက်ယာဘက် လက်တော်မှာ အခြားဘုရားများ ထုစဉ်ကဲ့သို့ လက်မှောက်ခုံမဟုတ်ဘဲ လက်တော်ပက်လက်ထားပြီး ထုထားသဖြင့် လက်ပက်လက် ဘုရားဟုခေါ်ဝေါ်လေ့ရှိလေသည်။

(၉) ပြဒါးရှင် ဘုရား (အံ့ဖွယ် -၉)

ရွှေတိဂုံ ရင်ပြင်တော် အရှေ့မုခ်နှင့် အင်္ဂါထောင့် အကြားရှိစေတီ တစ်ဆူ၏ တောင်ဘက် မုခ်အတွင်း ရှိ ကြေး ဆင်း တုတော်ဖြစ်သည်။ အလွန်အချိုးအစား ကျနပြေပြစ် လှသည်။ နဖူးတော်တွင် မို့မောက်နေပြီး ပြဒါး ရှင်လုံး ဌာပနာထားသည် ဟု ပြောစမှတ်ရှိ၏။ ပြဒါးရှင်လုံး ရှိသည် မရှိသည်ကား အသေအချာ မသိ ရသော် လည်း အဆိုပါကြေးဆင်းတုတော် မှာ ရွှေတိဂုံ ကုန်းတော်ပေါ်ရှိ ဆင်းတုတော်များ အနက် အလွန်ကြည်ညို ဖွယ်ကောင်းလှသော ဆင်းတုတော်ဖြစ်ကြောင်းကို ဖူး ဖူးသူတိုင်း ၀န်ခံရပေသည်။

ထို အံ့ဖွယ် ၉ ပါးအပြင် နေလ ဘုရား၊ ပိတုန်း ၂ ကောင်ကို တစ်ဖက်စီ ကိုင်ပြီ ဆုတောင်းရသော ဘုရားများ လည်း ရှိသေးသည်။ ရွှေတိဂုံရောက်သည့် အခါ စုံအောင် ဖူးနိုင်ပါစေ။

 From...Facebook


No comments:

Post a Comment