*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 11 October 2013

ပြင် ၊ သစ် ပြဿနာနဲ့ လူထုကို ဦးဆောင်မလား၊ အသုံးချမလား

 


ဘုန်းအောင်

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပေ
ဒအား ပြင်ဆင်မည်လော၊ အသစ်ရေးဆွဲမည်လော ဆိုသော “ပြင်-သစ် ပြဿနာ” သည် လတ်တလောရေပန်း အစားဆုံး နိုင်ငံရေး ခေါင်းစဉ်တစ်ခု ဖြစ်နေပါသည်။ ပြီးခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်သုံးသပ်ရန် ကြံခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက အဆိုတင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးက ကန့်ကွက်သူမရှိ ထောက်ခံခဲ့ ကြသည့်အတွက် ပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များပါဝင်သော အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြပါသည်။ ထိုကော်မတီက ဖွဲ့စည်းပုံအခြေခံ ကို လေ့လာသုံးသပ်၍ တွေ့ရှိချက်များကို ဒီဇင်ဘာလကုန် တွင် ပြည်ထောင်စုလွှတ်တော် သို့တင်ပြမည် ဟုသိရပါသည်။



ထိုသို့ အာဏာရ ကြံ့ခိုင်ရေးပါတီအ၀င် နိုင်ငံရေးပါတီအားလုံးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြင်ဆင်ရန်လိုအပ်ကြောင်း အသိအမှတ်ပြုကြပါသည်။ ထိုအချိန်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးဆဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ငယ်အချို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ် ရေးဆွဲ ရမည်ဟု လေသံပစ်လာသည်ကို တွေ့ရပါသည်။ သို့သော်လည်း လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီ အားလုံးနီးပါးနှင့် ကေအင်ယူအဖွဲ့မှ တာဝန်ရှိသူများကမူ ဖွဲစည်းပုံ အသစ်ရေးဆွဲခြင်း ထက် လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ် သည်ဟု မီဒီယာ များနှင့် တွေ့ဆုံမေးမြန်းမှုများတွင် ပြောကြားခဲ့ကြကြောင်း တွေ့ရှိရပါသည်။

အတိုက်အခံပါတီများအနက် အင်အားအကြီးဆုံးဟု ဆိုနိုင်သော NLD ပါတီကမူ ထူးထူး ဆန်းဆန်း ပင် အခြေခံဥပဒေသစ်ရေးဆွဲရေး (သို့မဟုတ်) ပြင်ဆင်ရေးကို ပြည်သူလူထု၏ဆန္ဒသဘောထား ရယူ လုပ်ဆောင်သွားမည်ဟု ဆိုပါသည်။ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် တွေ့ဆုံ ရာတွင် ပြည်သူလူထုအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ကောင်းကောင်း နားမလည် သည့်အတွက် ပြည်သူလူထုကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေး ကာ ပြည်သူ့ အသံ ရယူပြီး လွှတ်တော်၏အခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို တင်ပြသွားမည်ဟု ဆိုပါသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက်နှင့်ပတ်သက်၍ စာရေးဆရာကျော်ဝင်းက အောက်ပါ အတိုင်းရေးသားခဲ့ပါသည်-

`ပွင့်ပွင့်လင်းလင်း ဆိုရလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက် (၀၂/၀၉/၂၀၁၃) ကို ဖတ်ရသောအခါ စောစောက အပျော်တွေ လွင့်စဉ်သွားသည်။ အတော်ကြီးကို စိတ်ပျက်မိသည်။ NLD က ဆိုခဲ့ပြီးသော လမ်းကြောင်းနှစ်ရပ်ကို ဓလေ့နှစ်ခုတွင် တိတိပပအဖြေမပေး။ “ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူမည်” ဟုဆိုသည်။ “ဘာလဲ ... ဘယ်လိုလဲ” “ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ” လုပ်မည့် သဘောလား။ ဤသို့ဆိုရလျှင် ဘယ်သူက လုပ်ပေးမည်နည်း။ ဘယ်အဖွဲ့အစည်းက ကြီးကြပ်မည်နည်း။ စာရေးသူ နားလည်သလောက် ဆိုရလျှင် NLD သည် လွှတ်တော်မဟုတ်။ ရွေးကောက်ပွဲကော်မရှင် မဟုတ်။ အစိုးရ မဟုတ်။ ထို့ထက် အရေးတကြီး စဉ်းစားကြရမည်မှာ “ဆန္ဒ ခံယူပွဲတိုင်းသည် လူထုဆန္ဒကို အမှန်တကယ် ထင်ဟပ်နိုင်ပါ၏လော ...”။ “လူထုဆန္ဒ အမှန်ကို ရရှိလျှင် ပင် ထား၊ ပြည်သူလူထု အနေနှင့် လက်တွေ့ကျသော မဟာဗျူဟာ တစ်ရပ်ကို ချမှတ်နိုင်စွမ်း အခါ ခပ်သိမ်း ရှိနိုင်ပါမည်လော ...”။ “မဟာဗျူဟာ ချမှတ်ရန်အတွက် လူထုတွင် တာဝန်ကော ရှိပါ၏ လော...”။ ရာစုဝက်ကျော်မျှ ဒီမိုကရေစီနှင့် ကင်းကွာခဲ့ရသော၊ ပညာရေး ချွတ်ခြုံကျနေသော၊ နိုင်ငံရေးသားကြော ဖြတ်ခံထားရသော၊ စားဝတ်နေရေးအတွက် ကျားကုတ် ကျားခဲ ရုန်းကန်နေကြ ရသော အမိမြန်မာပြည်၏ ပကတိအရှိကို နှလုံးသွင်းနိုင်ကြဖို့ လိုမည် ထင်ပါသည်။´´ (The Voice Journal)

ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရေး(သို့မဟုတ်) အသစ်ရေးဆွဲရေးအတွက် ပြည်သူ့ သဘောထားခံ ယူမည်ဆိုသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေက ၄င်း၏သဘောထားကို အောက်ပါ အတိုင်း ပြောကြား ခဲ့ကြောင်း တွေ့ရှိရ ပါသည်-

`ပြည်သူတွေဟာ နိုင်ငံရေးနဲ့ ထိစပ်မှုနည်းခဲ့တယ်။ အာဏာနဲ့ အုပ်ချုပ်မှု အောက်မှာ အကြာကြီး နေခဲ့ရတော့ Political Education ဘက်မှာ အင်မတန် အားနည်းတော့ အခြေခံဥပဒေ ဘာကြောင့် ပြင်သင့်တယ်၊ ဘာကြောင့် ဖျက်သင့်တယ်ဆိုတာ မပြောနဲ့ သာမန်နိုင်ငံရေး ဖြစ်စဉ်တွေ ကိုတောင် လက်လှမ်းမီဖို့ တော်တော် အားနည်းပါတယ်။ နိုင်ငံရေးခေါင်းဆောင်မှု ဆိုတာ ပြည်သူ့ ရှေ့က သွားရမှာ။ ဒီနိုင်ငံမှာ အခက်အခဲ အကျပ်အတည်း တွေကြုံနေတာ မဟုတ်ဘူး။ ပြည်သူ တစ်ရပ်လုံး ကလည်း အခြေခံဥပဒေကိုဖျက်ပြီး အသစ်ဆွဲပါလို့အော်နေတာ မဟုတ်ဘူး။ ပြည်သူက ငြိမ်သက် နေချိန်မှာ နိုင်ငံရေးခေါင်းဆောင်မှုက ရှေ့ကမသွားဘဲ ဒီပြဿနာကြီးကို ပြည်သူ့ထံ တွန်းပို့ တယ် ဆိုတာဟာ ပြတ်သားတဲ့ နိုင်ငံရေးခေါင်းဆောင်မှု မယူနိုင်ဘူး ဆိုတဲ့ အဖြေထွက်တယ်။ နိုင်ငံရေး ခေါင်းဆောင်မှု ယူထားတဲ့ ပုဂ္ဂိုလ်အစုအဝေးတွေ အားလုံးက တစ်ညီထဲ ဆုံးဖြတ်ပြီး အခြေခံဥပဒေ ပြင်ရေးကို မြန်မြန်ထက်ထက် လုပ်သင့်တယ်။ ဒါမှ ၂၀၁၅ မတိုင်မီ ပြီးမယ်။ မဟုတ်ရင်တော့ ပြီးစရာ အကြောင်းမရှိဘူး။ လက်တွေ့ကျတဲ့ နိုင်ငံရေးကို သွားဖို့ အချိန်တန်နေပါပြီ။ ဒါကြောင့် ခေါင်းဆောင် မှု ပြတ်သားစေချင် ပါတယ်။ ပြည်သူတွေဟာ နိုင်ငံရေး Awareness အများကြီးရှိတယ် ဆိုရင်တော့ ပြောစရာ မလိုဘူးပေါ့။ မဟုတ်ရင်တော့ ဝင်လာမယ့် Interferences တွေရှိတယ်။ မှန်းဆလို့ တော့ မရဘူး´ (The Voice Weekly)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်လိုကြောင်း မကြာခဏထုတ်ဖော်ပြောကြားခဲ့သလို ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မှသာ ၂၀၁၅ ရွေးကောက်ပွဲ သည် အဓိပ္ပါယ်ရှိမည်ဖြစ်သည် ဟုလည်း မကြာခဏပြောကြားခဲ့ ပါသည်။ ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီးဖြစ် သူ ဗိုလ်ချုပ် အောင်ဆန်း ၏ သမီးဖြစ် သည့် အတွက် မြန်မာတစ်နိုင်ငံ လုံး၏ ချစ်ခင်မှုရရှိထား သလို မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူအခွင့်အရေး သူရဲကောင်း တစ်ဦး အဖြစ်လည်း ကမ္ဘာက အသိအမှတ်ပြု ခံရသူဖြစ် ပါသည်။ သို့သော် လည်း ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလန်နိုင်ငံသား တစ်ဦးနှင့် လက်ထပ် ထားပြီး အင်္ဂလန် နိုင်ငံသားဖြစ်သူ သား ၂ ဦး ရှိသဖြင့် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ သတ်မှတ် ထားသော ဒုတိယသမ္မတ၊ နိုင်ငံတော် သမ္မတအရည် အချင်းများနှင့် ကိုက်ညီခြင်း မရှိပါ။


ပြည်သူအများစုအနေဖြင့်အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ် အောင်ဆန်းစုကြည် အား နိုင်ငံတော် သမ္မတအဖြစ်မြင် လိုကြမည်ဖြစ်သော် လည်း နိုင်ငံခြား သား/သူကို လက်ထပ်ထားသော ဒေါ်အောင်ဆန်းစုကြည် မဟုတ်သည့် အခြားသူ တစ်ဦးတစ်ယောက် သည်လည်း နိုင်ငံတော် သမ္မတဖြစ်ခွင့်ရမည်ကိုမူ ကြိုက်နှစ်သက်ကြမည် မဟုတ်ဟု ယူဆရပါသည်။ ထို့ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အဟန့်အတား ဖြစ်နေ သော ပုဒ်မ၅၉(စ)ပြင်ဆင်ရေးဟုဆိုပါက ပြည်သူလူထုက လက်မခံမည်ကို စိုးရိမ်သဖြင့် လည်းကောင်း၊ အခြေခံဥပဒေအသစ်ရေးဆွဲမည် ဆိုပါက သမ္မတအရည်အချင်း သတ်မှတ်ချက်များ ကို စိတ်ကြိုက်ရေးဆွဲ နိုင်မည်ဟု ယူဆသဖြင့်လည်းကောင်း၊ လူထုအား နားလှည့်သော အားဖြင့် အခြေခံ ဥပဒေအသစ် ရေးဆွဲရေးနှင့် ပြင်ဆင်ရေးကြိုက်ရာရွေးကြပါဆိုသည့် သဘောများလောဟု စဉ်းစား သုံးသပ်မိပါသည်။

ယခုအောက်တိုဘာလ ဖြစ်ပြီး ဒီဇင်ဘာအထိ တွက်လျှင် ကြားကာလမှာ (၃)လသာ ရှိပါသည်။ ဤအချိန်ကာလတွင် အခြေခံဥပဒေတစ်ခုလုံးသဘောကို နားလည်ကြမည်ဟု မှန်းဆထားလျှင် မှား သည် ဟုသာ ဆိုချင်ပါသည်။ တစ်ဖန် အခြေခံဥပဒေစာအုပ် ထောင်ဏန်းသာ ရိုက်နှိပ်၍ ပြည်သူများ အကြား မပြန့်နှံ့ဟူသော အချက်မှာလည်း မှားပါသည်။ ပြည်သူများမှာ အခြေခံဥပဒေစာအုပ် ဖတ်ရှုရန် စိတ်မဝင်စားပါ။ စားဝတ်နေရေးသာ စိတ်ဝင်စားပါသည်။ ဖတ်ခွင့် ရရှိခဲ့ပါလျှင်လည်း လွှတ်တော်အမတ်များကိုယ်တိုင် ဖတ်ရှု၍ နားမလည်နိုင်သော အခြေခံဥပဒေကို ပြည်သူများက အလွယ်တကူ နားလည် နိုင်ရန် ခက်ခဲပါသည်။ ထို့အပြင် ယင်းပြဌာန်းချက်များကို မည်သို့ပြင်သင့် သည် ဟူ၍ ဦးကိုနီလက်ချာ ပါ ဟောကြားချက်များကို အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယ၊ ပြင်သစ်၊ ဂျာမဏီ စသည့် နိုင်ငံများ၏ အခြေခံ ဥပဒေများနှင့် နှိုင်းယှဉ် စဉ်းစားကြည့်နိုင်မည့် ဆင်ခြင်တုံ တရား ရှိမည် ဟု မှတ်ယူထားပုံ ရပါသည်။ လူထုကို ချပြ၊ ဘာမှန်းညာမှန်းမသိဘဲ လူထုက ထောက်ခံ၊ ဤသည်ပင် လူထုအသံ ဟူ၍ ရော ကြိတ်မည့် အစီအစဉ် ဟု မဆိုလိုချင်ပါ။

နိုင်ငံရေးပါတီများ ဟူသည် ပြည်သူလူထုကို ဦးဆောင်လမ်းပြရမည် နိုင်ငံရေးသုခမိန်များသာ ဖြစ်ကြ ပါသည်။ ပြင်သစ်ပြဿနာသည် နိုင်ငံရေးသမားတို့၏ ပြဿနာသာ ဖြစ်ပြီး ပြည်သူများက တိုက်ရိုက်စီရင်ရမည့် ကိစ္စမဟုတ် ဟု ရှုမြင်ပါသည်။ လက်ရှိမြန်မာနိုင်ငံ ပြည်သူအများစုမှာ စားဝတ်နေရေး နှင့် လုံးပမ်းနေရပြီး နိုင်ငံရေးသဘောတရား၊ အတွေးအခေါ်များနှင့် ကင်းကွာကာ (ဆရာကျော်ဝင်း စကားအရ) နိုင်ငံရေး သားကြောဖြတ်ခံထားရသူများသာ ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူများ ထဲထဲဝင်ဝင် လေ့လာပြီး ဦးနှောက်မုန်တိုင်းဆင်ကာ အဖြေရှာခြင်းသည် နည်းလမ်းမှန် ဟုတ်ပါသလား မေးလိုပါသည်။ ပြည်သူများမဆိုထားနှင့် လွှတ်တော်အမတ်များ၊ အစိုးရမင်းများ အချင်း ချင်းအကြားတွင်ပင် အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပေါ်နေပြီး အခြေခံဥပဒေကို လိုက်နာပါ မည် ဟု သစ္စာဆိုထားကြပါလျက် အခြေခံဥပဒေကို ချိုးဖောက်ရာရောက်နေသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ခဲ့ကြပါသည်။ ဤဆောင်ရွက်မှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအမတ်များလည်း ပါဝင်ခဲ့ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည်ပင်လျှင် အခြေခံဥပဒေ မပြင်ဆင်နိုင်သဖြင့် ဒုတိယ သမ္မတ သာ လုပ်ရမည် ဆိုလျှင် တရားမည် မဟုတ် ဟု လူသိထင်ရှား ထုတ်ဖော်ပြောကြားထားသူ ဖြစ်ပါသည်။ ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ဦးဝင်းမြင့်နှင့် ဦးစိုးမောင်တို့ နှစ်လုံး တည်း နှင့် ကပ်ရှုပ်နေကြသည်မှာ အခြေခံ ဥပဒေကို ဖွင့်ဆိုကြရာ၌ စကားလုံးကို ခက်ဆစ်ဖွင့် သည့်နှယ် ငြင်းခုန်နေကြခြင်း ဖြစ်ပါသည်။ အခြေခံဥပဒေကို ဖွင့်ဆိုရာ၌ မြန်မာဘာသာစကား ခက်ဆစ်ပြန်ဆို သလို ဖွင့်ဆို၍ မရပါ။ ဥပဒေအရ မည်ကဲ့သို့ ဖွင့်ဆိုရမည် အတိအလင်း ရှိထားပြီး ဖြစ်ပါသည်။

ဦးဝင်းမြင့်ကိုယ်တိုင်သည် စိုးမိုး-တည်ငြိမ်ကော်မတီ အတွင်းရေးမှူးဟု သိရှိရပါသည်။ မကြာ သေးခင် ကပင် လွှတ်တော်အမတ်များ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ လေ့လာသုံးသပ်သူ ဦးဝင်းမျိုးသူ၏ တွေ့ရှိချက်ကို RFA တွင် ထုတ်လွှင့်သွားခဲ့ပါသည်။ ဒီမိုကရေစီပါတီများအနေဖြင့် ဥပဒေကြမ်း ပြုစု တင်ပြရေးတွင် အဆပေါင်းများစွာ ကြိုးပမ်းအားထုတ်ရန် လိုအပ်နေကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါ သည်။ အဆိုများတင်သွင်းရာ တွင်လည်း ပြောကြားသည့်အကြောင်း အရာပေါ် မူတည်၍ အဆို အောင်နိုင်မှုများကို ရာခိုင်နှုန်းဖြင့် တွက်ချက်ပြောကြားခဲ့ပါသည်။ ဤသည်မှာ လေ့လာသူများ၏ လွှတ်တော်အမတ်များ အပေါ် သုတေသနတွေ့ရှိချက် ဖြစ်ပါသည်။

တင်ပြလိုသည့် အချက်မှာ မြန်မာပြည်သူများအနေဖြင့် ဤမျှအချိန်တိုတိုအတွင်း အခြေခံဥပဒေ ဟု ခေါ်တွင်သော အစိမ်းရောင်ဘုတ်အုပ်ကြီးတစ်ခုလုံးကို ထုံးလိုချေရေလိုနှောက် ကျွမ်းကျင်သိမြင်ကာ ဒါတော့ ပြင်သင့်သည်၊ ဒါတော့ မပြင်သင့် ဟူ၍ ဆုံးဖြတ်နိုင်စွမ်း ရှိလာမည် ဟု မျှော်မှန်းထားကြပုံ ပေါ် ပါသည်။ NLD ပါတီတစ်ခုလုံးသည်ပင် အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ဦးသိန်းညွန့် ကို အားထားခဲ့ကြရပြီး ယခင်က ထုတ်ပြန်ခဲ့သော အခြေခံဥပဒေပြင်ဆင်ရေးမူမှာ ဦးသိန်းညွန့် ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်ကြောင့် ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ဦးသိန်းညွန့်မှာ ပါတီ သစ်ထူထောင်သွားပြီ ဖြစ်၍ ၄င်းရေးဆွဲထားသော ပြင်ဆင်ရေးမူများကို သုံး၍ မရတော့ပါ။ ထိုအခါ ပါတီခေါင်းဆောင် မဟုတ်သော ပြင်ပရှေ့နေ ဦးကိုနီကို ခေါ်ယူကာ ပြင်ဆင်ရေး မူဝါဒ ချမှတ်ခဲ့ရဖွယ် ရှိသည် ဟု မှန်းဆမိပါသည်။ လက်ရှိ NLD ခေါင်းဆောင်များတွင် ဦးကိုနီလောက် အခြေခံဥပဒေကို နှံ့စပ်သိမြင်ကျွမ်းကျင်သူ မရှိသည့် အနေအထားကို ဖော်ပြနေ ပါသည်။

လွှတ်တော်တွင် အခြေခံဥပဒေကိုင်၍ လုပ်ကိုင်ဆောင်ရွက်နေကြသူများ ကိုယ်တိုင် ပြင်ပ ပညာရှင် များထံ မှီဝဲဆည်းကပ်ရသည့် အနေအထားတွင် မြန်မာပြည်သူများမှာ အဆိုပါ ရှင်းလင်းချက်များကို နားထောင်ပြီး ဥပဒေပညာရှင်များ၊ အခြေခံဥပဒေကျွမ်းကျင်သူများ ဖြစ်လာဖွယ်ရာရှိသည်ဟု မျှော်လင့် ထားခြင်းကို အံ့သြမိပါသည်။ ဤသည်မှာ တရားမျှတပါရဲ့လား ဟူ၍ မေးလိုပါသည်။ ပြည်သူများက ဒါက ဒီမိုကရေစီနည်းလမ်းကျတယ်၊ ဒါကတော့ ဒီမိုကရေစီ နည်းလမ်းမကျဟု ပြန် လည် ထောက်ပြ နိုင်ကြမည် ဟု စဉ်းစားတွေးခေါ်ထားခဲ့ပါလျှင် နိုင်ငံရေးပါတီ မပီသဟု ပွင့်ပွင့် လင်းလင်း ဆိုချင်ပါသည်။

မြန်မာပြည်သူများသည် ဒီမိုကရေစီ ဘာလဲ မသိကြပါ၊ သို့သော် ဒီမိုကရေစီရလျှင် ချမ်းသာ လာမည်၊ စားဝတ်နေရေး အဆင်ပြေတော့မည် ဟု မျှော်လင့်ထားကြပါသည်။ အမေရိကန်ပုံစံလား၊ ဗြိတိန် ပုံစံလား မသိချင်ကြပါ။ စားဝတ်နေရေးအဆင်ပြေဖို့သာ အရေးကြီးပါသည်။ ယခု လွှတ်တော် တွင် အစိုးရနှင့် အငြင်းပွားမှုများတွင် အခြေခံဥပဒေအရ မည်သည့်ဘက်က မှန်သည်၊ မည်သည့်ဘက်က မှားသည်ကို ပြည်သူများ စိတ်မဝင်စားပါ။ ခုံရုံးကို စွပ်စွဲပြစ်တင်ခြင်းအားဖြင့် ပြည်သူများ၏ လူမှုဘဝများ မည်မျှအထိ တိုးတက်ပြောင်းလဲလာမည်လဲ ဟူသည်ကိုလည်း မသိကြပါ။ ပြည်သူများ စိတ်ဝင်စားကြသည်မှာ လူမှုဘဝ၊ စီးပွားဘဝ အဆင်ပြေချောမွေ့ရေးသာ ဖြစ်ပါသည်။

ပြည်သူများအား သေချာ ရှင်းပြမည် ဟု ဆိုသော်လည်း ပြည်သူများက မည်မျှအထိ စဉ်းစား တွေးခေါ် နှိုင်းယှဉ်ကြည့်နိုင်ပါမည်နည်း။ နိုင်ငံတကာသို့ လှည့်ပတ်သွားလာနေကြသော လွှတ်တော် အမတ်မင်း များ၊ အစိုးရမင်းများက စဉ်းစားတွေးခေါ်ပြီး အသင့်လျော်ဆုံးပုံစံကို ရွေးချယ်ရမှာ မဟုတ်ဘူးလား မေးလိုပါသည်။ လူထုကို ဦးဆောင်မှု ပေးဖို့လုပ်နေသလား၊ လူထုကို အသုံးချဖို့ လုပ်နေသလား ပွင့်ပွင့်လင်းလင်း မေးခွန်းထုတ် လိုပါသည်။

အမှန်တစ်ကယ်တွင်လည်း ပြင် ၊ သစ်ပြဿနာသည် ပြည်သူလူထု၏ ပြဿနာ မဟုတ်ပါ။ နိုင်ငံရေး သမားများ အာဏာရရှိရေးအတွက် ဖြစ်ပေါ်လာသော အငြင်းပွားမှုသာ ဖြစ်ပါသည်။

The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၂၀)မှ ကူးယူဖော်ပြသည်
From: မြန်မာ့နိုင်ငံရေးဆောင်းပါးများ
www.mmdailystar.com မှမျှဝေဖေါ်ပြသည်


No comments:

Post a Comment