*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 2 November 2013

မနက်စာ နှင့် သင့်ကလေး ကျန်းမာရေး

 
မနက်စာဟာ ကလေးတွေအတွက် အိပ်ယာမှ နှိုးနှိုးချင်း ပထမဆုံးစားရတဲ့ အစား အသောက် ဖြစ်တာမို့ အရေးကြီးဆုံးလို့ ဆိုချင်ပါတယ်။ ကလေးတစ်ယောက်ဟာ မနက်စာ မစားပဲ ကျောင်းသွားမယ် ဆိုပါစို့ ။ ကျောင်းမှာ သူများတွေထက် ပိုမောပန်းတာ၊ ဥာဏ်ရည် မထက်မြတ်တဲ့ ပြသာနာတွေနဲ့ ကြုံတွေ့ လာရမှာပါ။ 


 မနက်စာစားခြင်းဖြင့် ကလေးငယ်ရဲ့ ဥာဏ်ရည် ဥာဏ်သွေးလည်း ထက်မြက်ပြီး စိတ်ရော၊ ကိုယ်ရော တစ်နေကုန် လန်းဆန်း တက်ကြွပျော်ရွှင်မှုကို ရရှိပါတယ်။ ဒါကြောင့် သင့်ကလေးကို အိမ်မှ မထွက်သွားမှီ မနက်စာကို ၀၀လင်လင် စားတဲ့ အလေ့အကျင့်တစ်ခု ရအောင် လုပ်ပေးရ မှာပါ။


ထို့ပြင် မနက်စာကို နေ့စဉ် တစ်မျိုးထဲ ကျွေးမယ့်အစား ဗီတာမင်နှင့် အာဟာရပြည့်ဝတဲ့ နို့၊ ကြက်ဥ၊ ပါမုန့်၊ အသား၊ အသီး၊ ဟင်းသီးဟင်းရွက်တို့ကို အလှည့်ကျ စီမံ ကျွေးမွေးသင့်ပါတယ်။ သူတို့ ဘာတွေကို ကြိုက်လည်း၊ ဘာကို မကြိုက်တတ်ဘူး ဆိုတာတွေလည်း သိထားရမှာပါ။ သို့ပေမယ့် သူတို့ တစ်ခါမှ မစားဖူးတဲ့ အစားအသောက်တစ်ခု ကို ကျွေးသင့်လားဆို တဲ့ မေးခွန်း အတွက် အဖြေကတော့ ကျွေးသင့်ပါတယ်။


 တစ်ခါမှ မကျွေးကြည့်သေးပဲ၊ သူတို့ လုံးဝမစားဖူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် အစားအသောက် အသစ်တွေကို ကျွေးတဲ့အခါ ကျောင်းတက်ရက် အစား စနေ၊ တနင်္ဂနွေ ကျောင်းအား ရက်တွေ မှာ ကျွေးတာဟာ ပိုမို လွယ်ကူတာကို တွေ့ရပါတယ်။ မနက်စာက ကလေးတွေအတွက်ပင် အရေးကြီးတာ မဟုတ်ပဲ၊ လူကြီးတွေ အတွက် တစ်နေ့တာ အလုပ်တွေကို ကောင်းမွန်စွာ စိတ်ရော၊ ကိုယ်ပါ လုပ်ကိုင်နိုင်ဖို့ အရေးပါတာမို့ မနက်စာကို အပြည့်အ၀စားဖို့ တိုက်တွန်းလိုက် ပါတယ်။

‘ကြက်ဥ’

 

ကလေးတွေအတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မနက်စာ ကတော့ ကြက်ဥပဲ ဖြစ်ပါတယ်။ ကြက်ဥကို အချိန် တို အတွင်းမှာပဲ မျိုးစုံလုပ်စားနိုင်ပါတယ်။ ကြက်ဥပြုတ်တာလောက်ကို လူတိုင်း အလွယ်ကူ လုပ်စား တတ်ကြ ပါတယ်။

ကြက်ဥပြုတ်ရာမှာ နည်းလမ်းကောင်းလေး ရှိပါသေးတယ်။ ဒယ်အိုးတစ်ခုထဲကို ရေအေးထည့်ပြီး ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ၊ ဗီနီကာ ၄စက်လောက် ထည့်ကာ ကြက်ဥကို ၂မိနစ်ခွဲ ခန့် ပြုတ်ပေးပါက အကာကျက်ပြီ အထဲမှာ အနှစ်ပျော့ပျော့လေးကို ရရှိမှာပါ။ အကယ်၍ သင့်ကလေးက ကြက်ဥအကျက်မှ ကြိုက်သူဆိုလျှင် နောက် ၂မိနစ်လောက်ထပ်ပြုတ်လိုက်ပါ ဦး။ ကြက်ဥပြုတ်ရပြီဆိုလျှင် ကြက်ဥကို တခြမ်းခြမ်းပြီး ဆားအနည်းငယ် ဖြူးကာ ကျွေးနိုင်ပါတယ်။

နောက်တစ်မျိုးအနေနဲ့ ပါမုန့်ကြက်ဥကြော်လေးကို လုပ်ကျွေးကြည့်နိုင်ပါသေးတယ်။ အရင်ဆုံး ပါမုန့်ကို အလယ်ကနေ ၁လက်မအရွယ် အပေါက်လေး ခွက်လေးနှင့်ဖြစ်စေ၊ ဓားလေး နှင့် ဖြစ်စေ ဖောက်လိုက်ပါ။ ထို့နောက် ဒယ်ထဲ ဆီအနည်းငယ်ထည့်ပြီ ပါမုန့်ကို ထည့် ကာ ဖောက်ထားသော ကြက်ဥကို ပါမုန့်အလယ် သို့ လောင်းချပေးပါ။ ၂-၃မိနစ်အတွင်းပင် ပါမုန့်ကြက်ဥကြော်လေး ရရှိပါပြီ။ ပြီးမှ အပေါ်မှ ခရမ်းချဉ် သီးဆော့လေး ဖြူးပေးပြီ သင့်ကလေး ကို ကျွေးကြည့်ပါ၊ သူကြိုက်နှစ်ပါလိမ့်မည်။

နေ့စဉ် ကြက်ဥပြုတ်၊ ပါမုန့်ကြက်ဥကြော်ပဲ ကျွေးနေလျှင်လည်း သူရိုးအီ လာပါလိမ့်မည်။ အသစ်အဆန်းနဲ့ နို့ကြက်ဥမွှေကြော်လေးပါ ပြောင်းကျွေးကြည့်ပါ။ ကြက်ဥထဲသို့ နွားနို့ ထည့်ပြီ ရောမွှေခလောက် ထားလိုက်ပါ ။ ဒယ်ထဲသို့ ဆီအစား အနံ့လေးပါ သင်းပြီး စားချင်အောင် ထောပတ်လေး ထည့်မယ်။ ထောပတ် အရည်ပျော် သွားမှ ခုနက ခလောက်ထားတဲ့ ကြက်ဥကို ထည့်မွှေကြော်လိုက်လျှင် အနံ့ရော၊ အရသာပါ ပြည့်စုံတဲ့ မနက် စာတစ်မျိုးကို ရရှိသွားပါပြီ။

‘သစ်သီး’



 

ကလေးကို မနက်စာအတွက် သစ်သီးပဲ ကျွေးရင် နေ့လည်စာ မရောက်ခင် ဆာလောင်မှာ မစိုးရိမ်ပါနှင့်။ သစ်သီးနှင့် ဒိန်ချဉ်လေးကို ရောကျွေးကြည့်ပါ ဆာလောင်မှုကို ကင်းရှင်း စေ ပါတယ်။ မနက်စာအတွက် အလွယ်ကူဆုံးက သစ်သီးပဲ ဖြစ်ပါတယ်။ အသီးအနှံကို ကျွေးရာမှာ လည်း တစ်မျိုးထဲကို အမြဲကျွေးတာမျိုး မဟုတ်ပဲ အလှည့်အပြောင်းအနေနဲ့ ငှက်ပျောသီးကို အ၀ိုင်းထူထူလေး လှီးပြီး အပေါ်မှ ဒိန်ချဉ်လေးထည့် ကာ၊ ပျားရည်လေး အနည်း ငယ်ဖြင့် ရောကျွေး နိုင်ပါသေးတယ်။

ပန်းသီးကြိုက်တဲ့ ကလေးအတွက်ဆိုရင် ပန်းသီးကို နွားနို့၊ သကြားနှင့် ရောမွှေကာ တစ်မျိုး၊ ပန်းသီးကို ကင်ပြီ တစ်မျိုး ချက်ပြုတ်လို့ရပါတယ်။ ပန်းသီးကို ဘယ်လိုကင်မလဲဆိုတာတော့ အရင်ဆုံး ပန်းသီး ကို ရေနှင့် သန့်စင်အောင် ဆေးလိုက်ပါ။ ပြီမှ အခွံနွှာပြီ ဓားဖြင့် အစိတ်လေးများ စိတ်လှီးပေးပြီ သကြားဖြင့် ရော နုယ်ထားပေးပါ။ ထို့နောက်မှ သတ္တုပြားဖြင့် အုပ်ကာ oven မီးဖိုထဲထည့်၍ ၁၈၀ဒီဂရီဖြင့် နာရီဝက်ခန့် ကင်ပေးပါက ပန်းသီးလေး ပျော့သွား ပါလိမ့်မည်။ ထိုအခါ oven ထဲမှ ပြန်ထုတ်ပြီ ခရင်ဖြင့် တွဲဖက်စားပါက အရသာပြည့်စုံသော ပန်းသီးကင်လေးကို ရရှိမှာပါ။

တခြား သစ်သီးအနေနဲ့ စပျစ်သီး (သို့) လိမ္မော်သီးကို တစ်ခြမ်းခြမ်းကာ သကြား အနည်းငယ်ဖြူး ကာ မီးတွင် ခေတ္တမျှ သကြားပျော်ရုံအပူပြပေးပါ။ အေးတဲ့ ဆောင်းတွင်းအချိန်တွင်မှာ ထိုသို့ မနက်စာကို ကျွေးက ပိုမိုကောင်းမွန်ပါတယ်။ ကလေးများကို မနက်စာအဖြစ် ပန်းသီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ လိမ္မော်သီးပဲ ကျွေးရမှာလားဆိုတော့ မဟုတ်ပါဘူး။ သူတို့ ကြိုက်နှစ် သက်မယ့် သစ်တော်သီး၊ ဖရဲသီး၊ ကီဝီသီး၊ ထောပတ်သီး စသည်တွေကို အလှည့်ကျ ဒိန်ချဉ်လေးနှင့် တွဲဖက်ပြီ ကျွေးနိုင်ပါသေးတယ်။

ထောပတ်သီးကိုလည်း ပါမုန့်နှင့် တွဲဖက်ကာ sandwiches အဖြစ် လုပ်စားလျှင်လည်း ရပါတယ်။ မိမိ လုပ်မည့် ပါမုန့်အရေအတွက်ပေါ် မူတည်ပြီ ထောပတ်သီးများကို ဇွန်းဖြင့် ဖြစ်စေ ခြေပေး ပါ။ ပြီမှ ပါမုန့်တွင် ခြေထားသော ထောပတ်သီးများကို သုတ်ပေးပြီ မနက်စာအဖြစ် ကလေး ကို ကျွေးပါက သူတို့ ခံတွင်းတွေ့သွားမှာပါ။ ပါမုန့်အဖြူအစား ပါမုန့်အညှိသုံးလျှင် ပိုမို ကျန်းမာရေးနှင့် ညီညွှတ်ပါသည်။

‘ကောက်ပဲသီးနှံ’


မနက်စာအတွက် ကောက်ပဲသီးနှံလို့ ဆိုရာတွင် ဂျုံ၊ ဆန်၊ ဂျုံကြမ်း၊ ပြောင်း တို့ကို ဆိုလိုခြင်း ဖြစ် သည်။ ကောက်ပဲသီးနှံတွေ စားခြင်းဖြင့် သင့်ကလေးမှာ လိုအပ်တဲ့ ဗီတာမင်၊ ကဇီဓာတ် တို့ကို ရှိမှာ ဖြစ်ပါတယ်။ အရှေ့တိုင်း နိုင်ငံတွေမှာ အစားများတဲ့ ဆန်မှာ ကဇီဓာတ်အပြည့်အ၀ပါတာမို့ ဆန်ချက်တဲ့အခါ ငဲ့ချက်တာမျိုး မဟုတ်ပဲ၊ ထမင်းပေါင်းအိုးနှင့် ချက်ပါက ကဇီဓာတ်ကို အပြည့် အ၀ရရှိမှာပါ။ 

ဆန်ကို မနက်စာ ဆန်ပြုတ်အဖြစ် ကလေးကို ချက်ကျွေးနိုင်ပါတယ်။ ဆန်ပြုတ်တဲ့အခါ ချက်ပြီး သား ထမင်းကို ပြုတ်မယ့်အစား ဆန်ကို ရေဖြင့် ပြဲအောင် တည်ထားပေးပါ။ ပြီးမှ ဆန်ပြဲသွား လျှင် အရသာအတွက် ဆား၊ ကြက်သားမှုန့်များ ထည့်ပေးပါ။ ထို့နောက် ဆန်ပြုတ်ချခါနီးမှ နှမ်းဆီ၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်များ ဖြူးပေးလိုက်ပါ။ ဆန်ပြုတ်အပြင် ထမင်းကြော်၊ ထမင်းသုတ် တို့လည်း ချက်ကျွေးနိုင်ပါသည်။

‘ပန့်ကိတ်’


 
ကျန်းမာရေးနှင့် သင့်လျော်ပြီး ကလေးတွေ ကြိုက်နှစ်သက်မယ့် နောက်မနက်စာ တစ်မျိုး ကတော့ ပန့်ကိတ်ပါပဲ။ ပန့်ကိတ်ကိုလည်း မရိုးအောင် မျိုးစုံ လုပ်စားနိုင်ပါ တယ်။ ကျောင်းသွား ခါနီးမှ ပန့်ကိတ်လုပ်ပေးရတာ အလုပ်ရှုပ်တယ်ထင်လျှင် ညထဲက ကြိုလုပ်ပြီ ရေခဲသေတ္တာထဲ ထည့်ထားလို့ ရပါတယ်။ စားခါနီးမှ မိုင်ခရိုဝေ့ထဲ ထည့်ကာ ၁-၂မိနစ်လောက် ပြန်နွေးလိုက် ရုံပါပဲ။

အရင်ဆုံး ရိုးရိုးပန့်ကိတ်ကို ဘယ်လို လုပ်ပေးရမယ်ဆိုရင် သူအတွက် လိုအပ်တာတွေကတော့ ဂျုံ စားပွဲတင်ဇွန်း ၅ဇွန်းစာ၊ ကြက်ဥ ၂လုံး၊ ၂၅၀မီလီရှိတဲ့ နွားနို့တို့ပါ။ ခွက်တစ်ခုထဲ ကြက်ဥကို သမအောင် ခလောက်ပြီ နွားနို့ထည့် ရောမွှေလိုက်ရုံပါ။ နောက်ဆုံးမှ ဂျုံမှုန့်များပါ ထည့်ကာ နာနာလေး ခလောက်လိုက်လျှင် ပန့်ကိတ်အရည် အပျစ်လေးကို ရရှိသွားပါပြီ။ 


 ပန်ကိတ်ကောင်း တစ်ခုဖြစ်ဖို့ လှိုဝှက်ချက်လေး ရှိပါသေးတယ်။ လှိုဝှက်ချက်က ဒယ်ထဲ ဆီများ များ မထည့်ရပဲ ဒယ်ပေရုံသာ ဆီကို ထည့်ပြီ ဒယ်အရမ်းပူလာမှ ပန်ကိတ်အနှစ်ရည်ကို ထည့်ရ မှာပါ။ ပန်ကိတ်အရည် စားပွဲတင်ဇွန်း ၂ဇွန်းလောက်ကို ထည့်ပေး ခြောက်လာ လျှင် နောက် တစ်ဖက်ကို ဇွန်းပြားတစ်ခုနှင့် လှန်ပေးလိုက်ပါ။ ခုပန့်ကိတ်လေးကို သင့်ကလေးအတွက် မနက်စာအဖြစ် ကျွေးနိုင်ပါပြီ။

ပန့်ကိတ်ကိုပဲ တူနာနဲ့ လုပ်ထားတဲ့ တူနာပန့်ကိတ်လေးဆို ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး သင့်ကလေး ပိုကြိုက်မှာ သေချာပါတယ်။ ပန့်ကိတ်လိုပင် ဂျုံမှုန့်၊ ကြက်ဥ၊ နွားနို့အပြင် တူနာ စည်သွပ်ဘူး ၁ဘူးရယ်၊ ကြက်သွန်နီ၊ ငရုတ်ကောင်းမှုန့်၊ ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်းရယ် ထပ်ဖြည့်စွက်ရမှာပါ။ ခွက်တစ်ခုထဲ ကြက်ဥ၊ နွားနို့၊ တူနာ၊ ကြက်သွန်နီ၊ ဂျုံ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ရောမွှေပေးလိုက်ပါ။


 ပြီးလျှင် တူနာပန့်ကိတ်များကို အ၀ိုင်းပြားလေးများ လုပ်ပေးထားပါ။ ဒယ်ထဲ ဆီနည်းနည်းသာ ထည့်ပြီ တူနာပန့်ကိတ်များကို ထည့်ကြော်ပေးရုံပါပဲ။ ပန့်ကိတ် နှစ်ဖက်လုံး အညှိရောင်သန်း လာလျှင် ပြန်ဆယ်ပြီး ပန်းကန်ပြားပေါ်တင်ကာ ကျွေးနိုင်ပါတယ်။ ပန့်ကိတ်အပြင် ငှက်ပျောသီး ပါးပါးလှီးထားတာလေးနှင့်ပါ တွဲဖက် ကျွေးလျှင် ပိုကောင်းပါတယ်။

‘ကိတ်မုန့်’


 
သင့် ကလေးက မနက်စာ သစ်သီး၊ ကြက်ဥ၊ ပန်ကိတ် တွေကို စားရတာ ငြီးငွေ့နေလျှင် ကိတ်မုန့် နဲ့ လက်ဖက် ရည်လေးကို တွဲကျွေးလို့ရပါသေးတယ်။ ကိတ်မုန့်စားလို့ ကလေးအတွက် ကျန်းမာရေးမှာ ထိခိုက်တာမျိုး မရှိပါဘူး။ ခရင်မပါတဲ့ ရိုးရိုးကိတ်မုန့်၊ သီးစုံ ကိတ်မုန့်၊ ပါမုန့် ပူတင်း၊ မုန်လာဥကိတ်တွေ ကို ကျွေးလျှင် ပိုမိုကောင်းမွန်ပါသည်။

ကိတ်မုန့်ကို မနက်စာအဖြစ် အလွယ်တကူ လုပ်စားနိုင်မည့် နည်းလေးတွေ ပြောပြချင်ပါတယ်။ သင် လိုအပ် မှာက ဂျုံ ၁၀၀ဂရမ်၊ ထောပတ် ၁၀၀ဂရမ်၊ သကြား ၁၀၀ဂရမ်၊ ကြက်ဥ ၂လုံးပါပဲ။ အရင်ဆုံး သကြားနှင့်ထော ပတ်ကို blender (သို့) electric hand whisk ဖြင့် သမနေအောင် ၃မိနစ်ခန့် ရောမွှေပေး ပါ။


 ပြီးမှ ခလောက်ထဲ ထားသော ကြက်ဥနှင့် ဂျုံနည်းနည်းခြင်းစီ ထည့်ပြီး ရောမွှေပေးပါ။ ထို့နောက် oven ထဲထည့်ပြီ ၁၉၀ဒီဂရီဖြင့် ၁၅မိနစ်ခန့် ဖုတ်ပေးလိုက် ရုံပါပဲ။ နောက်ဆုံးမှ ကိတ်မုန့်ကို ပါးပါးလှီးပြီ နွားနို့ (သို့) လိမ္မော်ရည် တို့နှင့် တွဲဖက် ကျွေးနိုင် ပါတယ်။

Ref: How to feed your whole family
Wutyee Food House
 From...Myanmar Online News

No comments:

Post a Comment