*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 17 November 2013

“ကျွန်တော်တို့ ညီအစ်ကိုတွေနဲ့ ပတ်သက် လို့ မလိုမုန်းထား ဒုက္ခပေးချင်တဲ့သူတွေ ရှိနေတယ်။ အဲဒါတွေကို သူတို့ဘက်က ထောက်လှမ်းရေးကလည်း လိုက်ပြီးကာကွယ်မှုပေးတယ်” -ကိုအေးနေ၀င်း



ဓာတ်ပုံ- Khin Maung Win/AP

 “ကျွန်တော်တို့ ညီအစ်ကိုတွေနဲ့ ပတ်သက်လို့ မလိုမုန်းထား ဒုက္ခပေးချင်တဲ့ သူတွေ ရှိနေတယ်။
အဲဒါတွေကို သူတို့ဘက်က ထောက်လှမ်းရေးကလည်း လိုက်ပြီးကာကွယ်မှုပေးတယ်” -ကိုအေးနေ၀င်း

နိုင်ငံတော် ပုန်ကန်မှုဖြင့် ၂၀၀၂ ခုနှစ် အတွင်းက သေဒဏ်ချမှတ် ခံခဲ့ရသည့် ဦးနေ၀င်း ၏မြေးနှစ် ဦးဖြစ် သည့် ကိုကျော်နေ၀င်းနှင့် ကိုအေးနေ၀င်း တို့နှစ်ဦး သည် သမ္မတ အမိန့်ဖြင့် နိုဝင်ဘာ၁၅ ရက်က လွတ်မြောက် လာခဲ့ သည်။ 


ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာသည့်နေ့တွင် ၎င်း ၏နေ အိမ်တွင် ကိုအေးနေ၀င်းနှင့် 7Day Daily က တွေ့ဆုံမေးမြန်းခဲ့သည်။


 တွေ့ဆုံမှုတွင် ကိုအေးနေ၀င်းက သူတို့နှင့်ပတ်သက်သည့် ကောလာဟလများ၊ ဒေါ်အောင်ဆန်းစုကြည်၊ စစ်အစိုးရအရာရှိများနှင့် သူတို့မိသားစုအကြား ဆက်ဆံရေးများ၊ ထောင်တွင်းအတွေ့အကြုံများနှင့် အခြား အကြောင်းအရာများကို ပြောကြားခဲ့သည်။

ဦးနေ၀င်း၏မြေးများ ဆိုးချင်တိုင်း ဆိုးခဲ့သည်ဟု လူပြောသူပြောများနေပြီး “လူငယ်ဘ၀မှာ တကယ်ဆိုး သွမ်းခဲ့ ပါသလား”ဟု မေးသောအခါ “ကျွန်တော်ကိုယ်ကျွန်တော် ဆိုးသွမ်းခဲ့တယ်လို့လည်း ကျွန်တော် မပြောချင်ဘူး။ လိမ္မာတယ်လို့လည်း မပြောချင်ဘူး”ဟု သူကဖြေသည်။

ထို့နောက် ဟစ်ဟော့ပ် အဆိုတော်ဂျေမီကို သူတို့ညီအစ်ကိုများ လက်စဖျောက်ခဲ့သည်ဆိုသည့် စွပ်စွဲချက် များကို သူကငြင်းဆိုခဲ့ပြီး ဂျေမီကို အသံမာမာနှင့်ပင် ဆူဆဲကြိမ်းမောင်းမလုပ်ခဲ့ဟု သူကဆိုသည်။ အဆို ပါစွပ်စွဲချက်များသည် ၎င်းတို့အပေါ် စီမံချက်ရှိရှိ အကွက်ချလုပ်ခဲ့သည်ထဲမှ တစ်ခုဟုလည်း သူကဆိုသည်။

ယင်းကဲ့သို့ စွပ်စွဲချက်များက တစ်ခုမကဖြစ်ခဲ့ပြီး ၎င်းတို့မဟုတ်ဘဲ လုပ်ကြံဝါဒဖြန့်ခံရသည်ဟုလည်း သူကပြောသည်။

၎င်းတို့ညီအစ်ကိုများနှင့် မိသားစုကို မလိုမုန်းထားဒုက္ခပေးချင်သည့်သူများ ရှိတယ်ဆိုတာ အကျဉ်းချ မခံရ မီကတည်းက သတင်းကြိုရထားသည်ဟု သူကဆိုပါသည်။

“ကျွန်တော်တို့ စပြီးအဖမ်းခံရတာ ၂၀၀၂ မတ်လမှာ။ အဲဒီမတိုင်ခင် ၂၀၀၁ စက်တင်ဘာလမှာ အဲဒီတုန်း က ထောက်လှမ်းရေးမှာရှိတဲ့ ကျွန်တော်တို့ဦးလေးလိုဖြစ်နေတဲ့ ဗိုလ်မှူးချုပ်သန်းထွန်းက ကျွန်တော်တို့ ညီအစ်ကိုတွေသုံးယောက်ကို ညနေပိုင်း လက်ဖက်ရည်သောက်ဖို့ဆိုပြီး အင်းလျားလမ်းမှာရှိတဲ့ တပ်မတော်ဂေဟာမှာ ကျွန်တော်တို့ချင်းဆုံပြီး လက်ဖက်ရည်သောက်ကြတယ်။ 


အဲဒီသောက်တဲ့အချိန်မှာ သူက ကျွန်တော်တို့ကို သတင်းပေးခဲ့တာရှိတယ်။ စေတနာထားပြီးတော့ သူ့ရဲ့ရာထူးစည်းစိမ်တွေကို အန္တရာယ်အဖြစ်ခံခဲ့ပြီး ကျွန်တော်တို့ကို ဘာသတင်းပေးခဲ့လဲဆိုတော့ 

ကျွန်တော်တို့ညီအစ်ကိုတွေ နဲ့ပတ်သက်လို့ မလိုမုန်းထား ဒုက္ခပေးချင်တဲ့ သူတွေရှိနေတယ်။ အဲဒါတွေကို သူတို့ဘက်က ထောက်လှမ်းရေးကလည်း လိုက်ပြီးကာကွယ်မှုပေးမယ်ဆိုတာ ရန်သူကလုပ်တဲ့ဟာဆိုရင် ကာကွယ်မှုပေးလို့ရတယ်။ သူက ဘာပြောလဲဆိုတော့ ရန်သူဘက်ကမဟုတ်ဘဲနဲ့ ကိုယ့်အချင်းချင်းထဲက လုပ်တဲ့ဟာ ဆိုရင် သူတို့ကာကွယ်မှုပေးဖို့ ခက်နေတယ်ပြောပါတယ်”ဟု ကိုအေးနေ၀င်းကပြောသည်။

သူတို့မိသားစုသည် စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ပြေပြေလည်လည်ဖြစ်အောင် ကြိုးစားပေး ခဲ့ဖူးကြောင်း တွေ့ဆုံမေးမြန်းစဉ် ကိုအေးနေ၀င်းကဆိုပါသည်။ ထိုအချက်သည် သူတို့ကို အုပ်ချုပ်သူများက စိုးရိမ်မကင်းဖြစ်စေခဲ့သည်ဟု သူကပြောသည်။

“လူကြီးထဲမှာ တချို့က အဲဒီအချိန်တုန်းက ကျွန်တော်တို့မိသားစုက အစိုးရနဲ့ဒေါ်စုတို့ကြား ထဲမှာ ပြေပြေလည်လည်ဖြစ်သွားအောင် လုပ်ပေးချင်တဲ့ဆန္ဒမျိုးဖြစ်တာကို လုံးဝ သူတို့က မလိုလားဘူး”ဟု သူကပြောသည်။

စစ်အစိုးရ စိုးရိမ်မကင်းဖြစ်ခဲ့ရသည်ဟု သူယူဆသည့် ၎င်းတို့မိသားစု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အမျိုးသားတို့အကြား ဆက်ဆံရေးအကြောင်း တို့ကိုလည်း ကိုအေးနေ၀င်းတို့က ပြောကြားခဲ့သည်။

“၂၀၀၁ခုနှစ်မတိုင်ခင်၉၈-၉၉ လောက်တုန်းကလန်ဒန်မှာ ဒေါက်တာမိုက်ကယ်အဲရစ်နဲ့ တွေ့ခဲ့ပါ တယ်။ တွေ့ တဲ့အခါမှာ သူက သူ့ဇနီး ကျွန်တော်တို့အဘိုး (ဦးနေ၀င်း)ဆီမှာ လာပြီးတွေ့ဆုံချင် တယ်ဆို ပြီး တွေ့ဆုံခွင့် (Appointment) တောင်းပါတယ်။ တောင်းတဲ့ အခါမှာ ကျွန်တော်က သေချာ ကိုပြန် ရှင်းပြခဲ့တယ်။ 


ကျွန်တော် တို့ဘက်က ဘာမှလက်မခံစရာမရှိဘူး။ ဒီမိသားစုတွေဆိုတာ ရဲဘော်သုံးကျိပ်ဝင်တွေပဲ။ တပ်မိသားစု ၀င်တွေပဲ။ ကျွန်တော်တို့ဘက်ကတော့ လက်မခံနိုင်စရာအကြောင်းမရှိဘူး။ လက်ရှိအစိုးရက ကန့်သတ်မှု တစ်ခုခုရှိနေလို့ ဆိုရင်တော့ အဲဒါမှာ အခက်အခဲတစ်ခုခုရှိနိုင်မယ်လို့ ကျွန်တော် သူ့ကို ရှင်းပြ ခဲ့တယ်။ 

 အဲလို ရှင်းပြသလိုပဲ ဒီဘက်မှာလည်း ကျွန်တော်တို့အဘိုးကို ပြန်ပြီးအစီရင်ခံခဲ့သလိုပဲ လက်ရှိအုပ်ချုပ်နေ တဲ့လူကြီးတွေကိုလည်း အဲဒီကိစ္စကို ပြန်ပြီးတော့ တင်ပြပြီးတော့ သတင်းပို့ခဲ့ပါတယ်။ အဲဒါကို သူတို့ဘက်က လုံးဝလိုလားမှု မရှိခဲ့ပါဘူး။ 

လုံးဝလိုလားမှုမရှိခဲ့တဲ့အပြင် ကျွန်တော်တို့ကို ဘယ်မှာပိုပြီးမျက်မုန်း ကျိုးသွား သလဲဆိုရင် ဒေါက်တာ အဲရစ်ရောဂါကျွမ်းပြီးတော့ ဆုံးပါးခါနီးအချိန်မှာ သူ သူ့ဇနီးနဲ့ပြန်တွေ့ဖို့ အခက် အခဲဖြစ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗြိတိန်နိုင်ငံရဲ့ တော်ဝင်မိသားစုမှာရှိတဲ့ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်ထဲ က နှစ်ယောက်ပေါ့လေ။ တစ်ယောက်ကကျတော့ ကျွန်တော့်အဘိုးဆီ စာရေးပြီးတော့ မေတ္တာရပ်ခံ ပါတယ်။

 နောက်တစ်ယောက်ကတော့ ကျွန်တော့်အမေဆီကိုစာရေးပြီး မေတ္တာရပ်ခံပါတယ်။ သူတို့မိသားစုကနေပြီး ကျွန်တော်တို့မိသားစုကို မိသားစုချင်းပြောတာပါ။ သူတို့နိုင်ငံသားတစ်ယောက် အသက်ဆုံးပါးခါနီးဖြစ်နေ တဲ့အချိန်မှာ သူတို့ဇနီးမောင်နှံတွေ့ဆုံပေးဖို့ ကူညီပေးပါဆိုပြီး ကျွန်တော်တို့ကိုပြောပါတယ်။ 

အဲလိုပြောတဲ့အတွက်လည်း ကျွန်တော်တို့က အဲဒီအချိန်မှာရှိနေတဲ့ နိုင်ငံတော်အစိုးရကို ပြန်ပြီးချပြပြီး ဒါကိုဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဘက်က ဒါကို လုံးဝလိုက်လျောမှုမရှိတဲ့ အပြင် ဒေါ်စုတို့မိသားစု နဲ့ပတ် သက်ပြီး အကျိုးဆောင်ရွက်ပေးခဲ့တဲ့အတွက် ပိုပြီးတော့ သဘောထားမကျေ မနပ် ကိစ္စတွေဖြစ် ခဲ့ပါတယ်”ဟု သူကပြောသည်။

သူတို့အကျဉ်းကျ ခံနေရစဉ် အမြန်လွတ်မြောက်ပါစေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆုတောင်းပေး သည်ဟု နှစ်ဖက်ရင်းနှီးသည့် မိတ်ဆွေတစ်ဦးထံမှ သူ၏ အမေဆီ သတင်း စကားပေးခဲ့သည့် အတွက် ဒေါ်အောင်ဆန်းစုကြည် ကို ကျေးဇူးတင်ကြောင်းလည်း သူကပြောသည်။

ထို့နောက် စစ်အစိုးရလက်ထက်က အကြီးအကျယ် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး သူတို့မိသားစု က နိုင်ငံတော်ပုန်ကန်မှုနှင့် စွပ်စွဲခဲ့ခြင်းနှင့်ပတ်သက်ပြီး စစ်အစိုးရစွပ်စွဲသလို တကယ်ကျူးလွန်ခဲ့ ပါသလား ဟု မေးသောအခါ ကိုအေးနေ၀င်းက “အဲတုန်းက တင်ခဲ့တဲ့အမှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ အပြစ် မရှိကြောင်း တရားရုံးမှ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြခဲ့ပြီးဖြစ်ပါတယ်”ဟု ဆိုသည်။

သူကျေးဇူးတင် သည့်အထဲမှာ စစ်အစိုးရ၏ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်လည်း ပါသည်ဟု သူကပြောသည်။

“ဦးခင်ညွန့်နဲ့ တွေ့ဖို့ရှိပါတယ်။ မိတ်ဆွေ တစ်ယောက်အနေနဲ့ တွေ့မှာပါ။ သူ့ကိုလည်း ကျွန်တော်ကျေးဇူး တင်ကြောင်း ပြောဖို့ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ သားအဖလေးယောက် စလုံး အရေးယူ လိုက်တဲ့ အခါမှာ အိမ်မှာ ကျန်ခဲ့တဲ့ ကျွန်တော့် မိခင်နဲ့ ကျွန်တော် အဘိုး နှစ်ယောက်ရှိတယ်။ သူတို့ နှစ်ယောက် ကို ပါ နေအိမ် အကျယ်ချုပ်ချ ဖို့ စီမံဆောင်ရွက်တဲ့ အစီအစဉ်တွေ တစ်ဦးတစ်ယောက်မှာ ရှိခဲ့ပါတယ်။ 


အဲဒီတုန်းက ဒီဥစ္စာကို လက်မှတ်ထိုးရမယ်၊ ဥပဒေအရလက်မှတ်ထိုးရမယ်။ ဒီကိစ္စကိုတော့ ကျွန်တော် လက်မှတ်မထိုးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်သည် စစ်သားတစ်ယောက်အနေနဲ့ ကိုယ် အဖေကို စော်ကားတဲ့ဟာမျိုး သမိုင်းအမည်းကွက် အထင်မခံနိုင်ဘူးဆိုပြီး လက်မှတ်မထိုးဘူး။ 

အဲဒီဟာကို ဦးခင်ညွှန့်ဆီ တင်ပြတော့ သူတို့နှစ်ယောက်လုံး သွားပြီးတော့ အဲဒါကို သဘောမတူနိုင်ဘူး၊ လက်မှတ်မထိုးနိုင်ဘူး ဗိုလ်ချုပ်လုပ်ချင်ရင် ဗိုလ်ချုပ်ဘာသာ ဗိုလ်ချုပ်လက်မှတ်ထိုးပါဆိုပြီး တင်ပြလိုက် တဲ့အတွက် အပေါ်ဆုံးက လူကြီးကိုယ်တိုင် အမြင်မှန်ရသွားပြီ ဒါဖြစ်ရင် ငါတို့အဖေကြီးကိုတော့ ဘာမှ မလုပ်ကြပါနဲ့ ဖြစ်သွားတယ်။ 

ဦးခင်ညွန့်နဲ့တကွ အဲဒီတုန်းက ပြည်ထဲရေး၊ ကာကွယ်ရေး၊ စစ်ဘက်ရဲဘက် ကသူတွေ စောင့်ရှောက်မှုအရ ကျွန်တော်တို့လည်း အကျဉ်းကျခံနေရသော်လည်း စိတ်ဓာတ်မကျဘဲနဲ့ ခွန်အားတစ်ခုနဲ့ နေခဲ့ရသလို ကျွန်တော် အဘိုးသည်လည်း သူများစော်ကားတဲ့ အချိန်မှ သူတို့က ကြားထဲ က မားမားမတ်မတ် ရပ်ပြီး နေပေး တဲ့ အတွက် ကျွန်တော်တို့် အဘိုးသည် နောက်ဆုံး အသက်ဆုံးပါး သွားသည့် အထိ အချုပ် အနှောင်မခံရတဲ့ လွတ်လပ်တဲ့ နိုင်ငံသား တစ်ဦး အနေနဲ့ ကွယ်လွန် သွားရပါတယ်။ အဲဒီကျေးဇူးတွေ ရှိတဲ့ အတွက် သူ့ကိုကျေးဇူး တင်ကြောင်း သွားပြောမှာပါ”ဟု ကိုအေးနေ၀င်းကပြောသည်။

သူအကျဉ်းကျ ခံနေရစဉ် NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းတင်နှင့်လည်းတွေ့ဆုံခဲ့ပြီး အပြန်အလှန် ကူညီပေးခဲ့ကြကြောင်း ကိုအေးနေ၀င်းကပြောသည်။ သူ့ကို နိုင်ငံရေးလုပ်ရန် ရှိပါသလား ဟု မေးသော အခါ“နိုင်ငံရေးအရဆိုရင်တော့ ကျွန်တော် အခြားအဖွဲ့တွေကိုလည်း ပြောခဲ့ပါတယ်။ 


ပါတီထောင် တာ ရွေးကောက်ပွဲဝင်တာ ရွေးကောက်ပွဲ နိုင်ငံရေးပါတီ နိုင်ငံရေးကိုတော့ လုပ်ဖို့ရည်ရွယ်ချက် မရှိပါဘူး။ ကျွန်တော်လည်း ဆန္ဒလည်းမရှိပါဘူး။ တစ်ချိန်ကျရင် ၀န်ကြီးချုပ်ဖြစ်ရမယ်၊ သမ္မတဖြစ်ရမယ်လို့ ဆန္ဒ လည်းမရှိပါဘူး။ ဒါပေမဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ လေးချက်ရှိပါတယ်။ 

ကျွန်တော် နိုင်ငံကို တိုင်းတစ်ပါးသားက စော်ကားတာမျိုးကို ကိုယ့်နိုင်ငံမှာရှိတာကို ပဲ့ထွက်သွားအောင် ကြိုးစားတာမျိုးတို့၊ အစဉ်အလာကြီးမားတဲ့ ဗမာတပ်မတော်ကို သိမ်ဖျင်းသေးသိမ်အောင် လုပ်တာမျိုး တို့၊ နောက်ပြီးတော့ ဗုဒ္ဓဘာသာ၊ အမျိုးဘာသာကို စော်ကားတာမျိုးတို့ ဖြစ်လာရင်တော့ အဲလိုလုပ်တဲ့ အဖွဲ့အစည်းမျိုးက အစိုးရပဲဖြစ်ဖြစ်၊ တခြားအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းပဲဖြစ်ဖြစ် ကျွန်တော်တို့က ဆန့် ကျင်သွားမှာပဲ”ဟု သူကပြောသည်။

ရေးသားသူ- ထွန်းခိုင်၊ ရန်မျိုးနိုင်
7Day News Journal

No comments:

Post a Comment