*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 12 December 2013

သတိပြု ရတော့မည့် အိမ်နီးချင်း

ခေါင်းစဉ် ကို မြင်လိုက် သည်နှင့် မြန်မာနိုင်ငံ ၏ ပြောင်းလဲမှုဖြစ်စဉ် များ တွင် ရိုက်ခတ် မှုဖြစ်စေသော အိမ်နီး ချင်းနိုင်ငံ များ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့ ကို ပြေးမြင်ကြမည် ဟု ထင်မိပါသည်။ 

ရခိုင်ပြည်နယ် ရှိ ဘင်္ဂါလီ အရေးအခင်းများ၊ တရုတ် ဝမ်ပေါင်ကုမ္ပဏီနှင့် လက်ပံတောင်းဒေသခံ တို့ ၏ ပဋိပက္ခ များ က သတင်းစာ မျက်နှာများ ထက်တွင် ပလူပျံနေချိန် ၌ မြန်မာနိုင်ငံသည် သတိထား ရမည့် အိမ်နီးချင်း တစ်ဦး ဖြစ်သော ထိုင်းနိုင်ငံကို မေ့လျော့နေနိုင်ပါသည်။ 

သို့တည်း မဟုတ် ထူးထူးခြားခြား သတင်း များကို မရိပ်စား မိသောကြောင့် သော်လည်းကောင်း၊ ထူးခြားမှု များက အချိန်ကြာမြင့်လာ သော အခါ ရိုးအီ သွားပြီး သတင်း မဟုတ်တော့ ဟု ယူဆ သောကြောင့်သော် လည်းကောင်း ဖြစ်နိုင်ပါသည်။ သို့သော် ထိုင်းနိုင်ငံ သည် မြန်မာ တို့ အမှန်တကယ် သတိပြုရတော့ မည့် အိမ်နီးချင်းနိုင်ငံ တစ်ခု ဖြစ်မှန်း မသိ ဖြစ်လာနေပါပြီ။


ထိုင်း သည် မြန်မာနှင့် အိမ်နီးချင်းဖြစ်ပြီး အခြေခံ ယဉ်ကျေးမှု အချို့ တူညီမှု ရှိပါသည်။ အလောင်းမင်းတရား ဦးအောင်ဇေယျ လက်ထက် အယုဒ္ဓယ ကို ချီတက် သိမ်းပိုက်ရာ မှ ယဉ်ကျေးမှု ဓလေ့ အချို့ ပြည်တွင်း သို့ ပျံ့နှံ့ ခဲ့ပါသည်။ 

ဤသို့ ဖြင့် ယဉ်ကျေးမှုများ ဒွေးရောယှက်တင် ဖြစ်လာသည်။ မည်သည့် ယဉ်ကျေးမှု က မည်သည့်နိုင်ငံ တွင် စတင် သည် ဆိုသော အချက်က သမိုင်းကြောင်း အထောက် အထား ခိုင်လုံ မှသာ သက်သေပြနိုင် ပေတော့ မည်။

 ရှေး ယခင် က ယဉ်ကျေးမှု မူပိုင်ခွင့် ဟူသည် အရေးမကြီး ဟု ထင်ရသော် လည်း ယခု အခါ အရေးကြီးလာ ပါပြီ။ အထူး သဖြင့် ထိုင်းနိုင်ငံနှင့် နယ်နိမိတ် နီးကပ်နေသည့် ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ် တို့တွင် ပို၍ သိသာလာပါသည်။

ယခု ၂၀၁၃ ဒီဇင်ဘာ ၄ ရက်နေ့ က မွန်ပြည်နယ် မုတ္တမမြို့တွင် မြေကျင်း တူးရာမှ ၁၃ ရာစု လက်ရာ မြေ အိုးဟောင်း များ တူးဖော် ရရှိခဲ့ကြောင်း သတင်းများ တွေ့ရပါသည်။ သမိုင်းကြောင်း အရ တွံတေး၊ ပဲခူး၊ မုတ္တမမြို့ တို့သည် စဥ့်ထည် များဖြင့် အိုးမြို့တော် ဟု အရှေ့တောင် အာရှနိုင်ငံများတွင် ကျော်စောပြီး ဖြစ် ပါသည်။ 

မုတ္တမမြို့ မှ မုတ္တမ အိုးများသည် သီးခြား ကွဲထွက်နေသော ဟန်ပန်နှင့် ထင်ရှားပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံ ၏ ရှေးဟောင်း ပစ္စည်းများ သဖွယ် ထင်မှတ်မှား ဖော်ပြခြင်း ခံနေရပါသည်။

တစ်ချိန်က ဆိုရှယ်လစ်ခေတ် မှ သည် ယနေ့ အထိ မြန်မာနိုင်ငံ ကို စီးပွားရေး ပိတ်ဆို့ ထားစဉ် က မြန်မာ့ သယံဇာတ တော်တော် များများ သည် ထိုင်းနိုင်ငံ သို့ မှောင်ခိုလမ်းကြောင်း မှ တစ်ဆင့် ရောက်ရှိသွားခဲ့သည်။ 

တန်ဖိုး ရှိသော်လည်း တန်ဖိုးမသိ သောကြောင့် သော်လည်းကောင်း၊ ဈေးပို ရ၍ သော် လည်းကောင်း မြေအောက် မှ ရ သမျှ ရှေးဟောင်း ပစ္စည်းများသည် ထိုင်းနိုင်ငံ သို့ တရား မဝင် ရောက်ရှိ ရာမှ နိုင်ငံတကာ အမြင် တွင် ထိုင်း ရိုး ရာ ရှေးဟောင်း အမွေအနှစ် များဟု ထင်မှတ်မှား ခဲ့ရခြင်း ဖြစ်ပါသည်။

စီးပွားရေး ပိတ်ဆို့ ခံရပြီးနောက် မှောင်ခို လမ်းကြောင်းမှ တစ်ဆင့် ကုန်သွယ် ရာမှ မြန်မာနိုင်ငံ အတွက် သယံ ဇာတ ဆုံးရှုံးမှု သိသိ သာသာ တွေ့ရသော် လည်း ယဉ်ကျေးမှု ဆုံးရှုံးမှုက တရိပ်ရိပ်နှင့် ပို၍ ကြီးမား လာနေ သည် ကို သတိပြုမိသူ နည်းနေပါသည်။ 

သယံဇာတ ဖြစ်သော ကျွန်းသစ် များ၊ ကျောက်မျက် များ အားလုံး သည် ထိုင်းနိုင်ငံ မှ ထွက်ရှိ သယောင်ဖြင့် သာ ကမ္ဘာ့ဈေးကွက် ကို ရောက်ရှိ ခဲ့သည်။ ပို့ကုန် ပစ္စည်း မှန်သမျှ  ထိုင်းနိုင်ငံ မှ ထွက်ရှိသယောင် Made in Thailand တံဆိပ် ကပ် ခဲ့ရသည့် အတွက် မြန်မာတို့  နစ်နာခဲ့ ရပေါင်း များပြီ။ 

 ဆယ်စုနှစ် များစွာ ကြာပြီးနောက် စီးပွားရေး ပိတ်ဆို့မှုများ ဖြေချ လိုက်ချိန်တွင် မြန်မာ့  ကုန် သလောက် ရှိနေပြီး ထိုင်းနိုင်ငံ အတွက်မူ အကျိုးအမြတ် များစွာ ကျန်နေ ခဲ့ပါသည်။မြန်မာနိုင်ငံ ၏ ယဉ်ကျေးမှု မူပိုင်ခွင့် ဆုံးရှုံးမှု ဖြစ်ရပ် များစွာ ရှိနေပါ သေးသည်။ 

ကယားပြည်နယ် မှ ကယန်း(သို့မဟုတ်) ပဒေါင် လူမျိုးများ သည်လည်း သာဓက တစ်ခု ဖြစ်ပါသည် ။ ရေမြေဒေသ အရသော်လည်းကောင်း အကြောင်းကြောင်းကြောင့် သော် လည်းကောင်း မြန်မာ တိုင်းရင်းသား လူမျိုးစု ဝင် ကယန်း လူမျိုး များသည် ထိုင်း နယ်စပ်သို့ ရောက်ရှိ အခြေ ချနေထိုင် ခဲ့ကြသည်။

 လည်ပင်း ကြေးကွင်း စွပ်သော ထူးဆန်း သည့် ဓလေ့ ကို အကြောင်းပြု ၍ ထိုင်းနိုင်ငံ၏ ခရီးသွား လုပ်ငန်း တွင် ပဒေါင်လူမျိုးများ ကို လေ့လာစရာ တစ်ခု အဖြစ် ထည့်သွင်းပြီး ၄င်းတို့ တိုင်းရင်းသားဖြစ် သယောင် ဖော်ပြ မှု များ လည်းရှိနေပါသည်။ 

ဤသို့ဖြင့် ထိုင်းနိုင်ငံ အတွက် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ တိုးသော်လည်း မြန်မာ တိုင်းရင်း သား ကယန်း လူမျိုး တို့ မှာမူ အထူးအဆန်း သတ္တဝါ သဖွယ် နှိမ်ချ  ဆက်ဆံ ခံရမှုများလည်း ရှိနေ သည်။ 

ဒုက္ခသည် အဖြစ် လျှောက်ထားသော် လည်း နိုင်ငံတွင်း မှ ထွက်ခွာခွင့် ကို မပေး သလို၊ မြန်မာ အစိုးရက ပဒေါင် ဒုက္ခသည် များကို နိုင်ငံသို့ ပြန်လည် လွှဲပြောင်းရန် တောင်းဆိုသော်လည်း ဂရုမစိုက်ခြင်း မျိုး များနှင့်ကြုံတွေ့နေ ရသည်။ မိမိတိုင်းရင်းသား ဖြစ်ပါလျက်နှင့် သူများနိုင်ငံ က ခေါင်းပုံဖြတ်ပြီး ရုံသွင်းပြ စားနေသော ဖြစ်ရပ် မျိုး မှာ နာကြည်းဖွယ် ကောင်းလှသည်။

ထို့အပြင် ဒီဇင်ဘာလ ၃ ရက်နေ့ က ဂျပန်နိုင်ငံ သို့ Miss International ၂၀၁၃ တွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဂုဏ်ရည်အေးကျော် က မြန်မာ့ရိုးရာ ကိန္နရာ ဝတ်စုံဖြင့် ဝတ်ဆင် အလှပြခဲ့သည် ကို ထိုင်း လူမျိုးများ က ၄င်းတို့ ၏ ရိုးရာ ဝတ်စုံ ဖြစ်သည် ဟု ဝေဖန်ကြသည် ကိုလည်း သိမြင်ရပါ သည်။ 

 စည်းပုံ၊ လက်ကျပ် တန်ဆာ များနှင့် မြန်မာ့ ရိုးရာ ဝတ်စုံဖြစ်သော်လည်း ထိုင်း ရိုးရာ ဟုသာ နိုင်ငံ တကာက ရှုမြင်နေကြပြီး မြန်မာဝတ်စုံ ဟု လက်မခံနိုင်ဘဲ ရှိနေကြ သည် ကိုလည်း သိရပါသည်။ ဤသို့ဖြင့် မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အချို့ကို ထိုင်း ယဉ်ကျေးမှု အဖြစ် နိုင်ငံတကာက ထင်မှတ်မှားမှု များများပြား လာသည် မှာ သိသိသာသာ မြင်တွေ့ လာရပါသည်။

 မူပိုင်ခွင့် ရရှိခြင်း သည် နိုင်ငံ ၏ ယဉ်ကျေးမှုတွင် သာမက အဘက်ဘက်တွင် အရေးကြီးပါသည်။ အားကစား ဘက်တွင် မြန်မာ့ရိုးရာ လက်ဝှေ့နှင့် ထိုင်းရိုးရာ မွေထိုင်းဟုခေါ်သော လက်ဝှေ့ကစားနည်းတို့ ကွာခြားမှု သိ သာစွာ မရှိသော်လည်း နိုင်ငံတကာကို ကျယ်ပြန့်အောင် လုပ်နိုင်မှုခြင်း မတူညီသည်ကို သတိပြုသင့်ပါသည်။ 

ထိုင်းတို့က ကျယ်ပြန့်စွာ ပြုလုပ်နိုင်ပြီး နိုင်ငံတကာ အားကစား ကို ထိုးဖောက်နိုင်ခဲ့သည့် အတွက် ခရီးသွား လုပ်ငန်း ကို မြှင့်တင်ခဲ့ပြီး နိုင်ငံဝင်ငွေ တိုးတက်စေနိုင် ခဲ့ပါသည်။ မြန်မာ့ရိုးရာ လက်ဝှေ့ကို မွေထိုင်း ဟု ထင် မှတ် မှားနေခြင်း ကြောင့် မြန်မာ့ရိုးရာ အားကစားတစ်ခု နိုင်ငံတကာ အမြင်တွင် တိမ်မြှုပ်သွားစေနိုင် ပါသည်။

များမကြာမီ ၂၀၁၅ သို့ရောက်တော့မည်။ ၂၀၁၅ သည် ရွေးကောက်ပွဲ ကြီးကြောင့် နိုင်ငံ့ခေါင်းဆောင် များ၊ ပြည် သူများ ရင်ခုန်ရမည့် ခုနှစ်တစ်ခု ဖြစ်ပါသည်။ သို့သော် ၂၀၁၅ ဒီဇင်ဘာ ၃၁ တွင် စတင် အသက်ဝင် မည့် AFTA ဟုခေါ်သော အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုစာချုပ်ကို မေ့လျော့ နေကြသည်။ 

မိမိဒေသ ထွက် ပို့ကုန် များကို လွတ်လပ်စွာ တင်ပို့ခွင့် က အလွန်ကြီးမားသော စီးပွားရေး အခွင့်အလမ်း တစ်ခု ဖြစ် ပါသည်။ သို့သော် မြန်မာပြည်သူတို့ မျက်စိ ပွင့် နားဖွင့် ရန် လိုပါသည်။

မိမိနိုင်ငံ ပိုင် မျိုးရင်း သဘာဝထွက်ကုန် များကို မူပိုင်ခွင့် မှတ်ပုံတင်နိုင်ရန် အရေးကြီးပါသည်။ စိန်တလုံး သရက်မျိုးရင်း၊ ရွှေဘိုပေါ်ဆန်း မျိုးရင်း၊ သနပ်ခါး၊ ရှားပါး သစ်ခွ မျိုးစိတ်အချို့ စသော ဒေသတွင်း မျိုးရင်း များသည် အခြားနိုင်ငံတွင် မရှိသော မိမိနိုင်ငံပိုင် မျိုးရင်းများ ဖြစ်ပါသည်။ 

မိမိနိုင်ငံပိုင် မျိုးရင်းဖြစ်ပါလျက်နှင့် အိမ်နီးချင်းနိုင်ငံ က ပိုင်ဆိုင် သယောင် မှတ်ပုံတင် မူပိုင်ခွင့် လျှောက် ထားခဲ့ ပါလျှင် မြန်မာတို့ ဆုံးရှုံးနစ်နာ စရာ အများကြီး ဖြစ်လာနိုင်ပါသည်။ 

ပညာရှင်များ အနေနှင့် လည်း ဤအကြောင်းအရာ များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်သည် ဟု ထင်ပါ သည်။ ကြိုတင် ပြင်ဆင်သင့် သည် များလည်း ပြင်ဆင်ရန် အချိန်တန်ပါပြီ။ လက်နှေးနေပါက မိမိနိုင်ငံ၏ မူပိုင် ခွင့်များ ဆက်လက် ဆုံးရှုံးနေရပါလိမ့်မည်။

ယဉ်ကျေးမှု၊ အားကစား၊ စီးပွားရေး အဘက်ဘက်တွင် မြန်မာနိုင်ငံ မူပိုင်ခွင့်များ ဆုံးရှုံးနေပြီး ထိုင်းနိုင်ငံပိုင် အဖြစ် ပုံမှားရိုက် ခံနေရခြင်းက ရေရှည်တွင် ကြီးမားသော ထိုးနှက်မှု ဖြစ်လာနိုင်ပေသည်။ ဤသို့ဖြင့် အိမ်နီး ချင်း ထိုင်းနိုင်ငံ သည် သေချာ စောင့်ကြည့်ရမည့် နိုင်ငံတစ်ခု ဖြစ်လာသည် မှာ ငြင်း မရသော အချက်ပင် ဖြစ် ပါတော့သည်။


The Voice Weekly
 From...Myanmar Latest News


No comments:

Post a Comment