*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 25 December 2013

*ဈေးလျှော့လိုက်သဖြင့် ကားဈေးများ ကျဆင်းဦးမည် *



ရန်ကုန်- ပြည်ပမှ ကားတင်သွင်းရာတွင် ပေးဆောင်ရသည့် ဆိပ်ကမ်းအရောက်(CIF) တန်ဖိုးအသစ်များကို ဒီဇင်ဘာ ၂၃ ရက်တွင် စတင်ထုတ်ပြန်လိုက်ပြီး ယခင်နှုန်းထားများထက် ထက်ဝက်ခန့်လျှော့ချလိုက်ကြောင်း သတင်းရရှိသည်။

ကားလုပ်ငန်းရှင်များ မျှော်လင့်ထားသည့်အတိုင်း အခွန်ပေးဆောင်ရာတွင် ယခင်နှုန်းထားထက် ထက်ဝက်လျှော့ချလိုက်သဖြင့် ကားဈေးများကျဆင်းသွားနိုင်ကြောင်း ရောင်နီဦးကားအရောင်းပြခန်းမှ မန်နေဂျာကပြောကြားသည်။



အထူးသဖြင့် ၁၅၀၀ အင်ဂျင်ပါဝါရှိသော ကားများ၏ CIF တန်ဖိုးကို ပို၍လျှော့ချလိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်သောစာရင်းများတွင် ဖော်ပြထားသည်။

အစိုးရသစ်လက်ထက်တွင် ကားတင်သွင်းခွင့်မူဝါဒများ ပြောင်းလဲပြီးနောက် ပထမဆုံးပြောင်းလဲလိုက်သည့် CIF နှုန်းထားအသစ်လည်း ဖြစ်သည်။ CIF တန်ဖိုးလျှော့ရာတွင် အထူးသဖြင့် မြန်မာနိုင်ငံ၌ တင်သွင်းမှု နည်းပါးနေသေးသော ၁၅၀၀ အင်ဂျင်ပါဝါကားများ၊ မော်ဒယ်မြင့်ဇိမ်ခံကားအများစုပါဝင်နေသည်ကို တွေ့ရသည်။ လူစီးများသော ကားများအတွက် CIF နှုန်းမှာ အနည်းငယ်သာ လျှော့ထားသည်။

ယခင် ၁၅၀၀ စီစီ အင်ဂျင်ပါဝါရှိသော တိုယိုတာ Axio တစ်စီးလျှင် ၂၀၀၈ မော်ဒယ်တင်သွင်းပါက အမေရိကန်ဒေါ်လာ ၁၅၀၀၀ (ကျပ် ၁၂၈ သိန်းကျော်) ကျော်ရှိပြီး ယခုထုတ်ပြန်လိုက်သော စာရင်းတွင် ၂၀၀၉ မော်ဒယ်မှာ အမေရိကန်ဒေါ်လာ ၈၅၀၀ (ကျပ် ၇၂ သိန်းကျော်)ဖြစ်သည်။ ထို့ကြောင့် ကားတစ်စီးချင်း၏တန်ဖိုးမှာ ငါးသိန်းမှ ဆယ်သိန်းနီးပါးအထိ ဈေးနှုန်းကျဆင်းသွားနိုင်ကြောင်း ကားဝယ်ရောင်း ကိုကျော်စွာဦးကဆိုသည်။

CIF တန်ဖိုးကို ကားတစ်စီးချင်းစီအလိုက် တွက်ချက်ရာတွင် ၂၀၀၀ စီစီအောက်နှင့် ၁၃၅၀ စီစီအထက်ဟု အမျိုးအစားနှစ်မျိုးခွဲခြားကာ အကောက်ခွန်၊ ကညန၊ ဆိပ်ကမ်းတို့တွင် ပေးဆောင်ရမည့်အခွန်တို့ကို ယာဉ်၏တန်ဖိုးအလိုက် တွက်ချက်ပေးဆောင်ရခြင်းဖြစ်သည်။

“မြန်မာပြည်နဲ့ကိုက်တဲ့ ၅၀၀ စီစီတွေကို အစိုးရက ဦးစားပေးသွင်းစေချင်တယ်နဲ့တူတယ်။ ဒါကြောင့် ဈေးတွေခေါက်ချိုးလျှော့လိုက်တာ”ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ကားအရောင်းပြခန်း ပိုင်ရှင်တစ်ဦးကဆိုသည်။

ထို့ကြောင့် ၁၃၀၀ စီစီကားငယ်များကို တင်သွင်းမည်ဆိုပါက ကညနသို့ သတ်မှတ်ဒဏ်ကြေး ကျပ်တစ်သိန်းပေးဆောင်ရမည်ဆိုခြင်းကြောင့် တင်သွင်းသူလျော့ကျသွားနိုင်ကြောင်း ကားလုပ်ငန်းရှင်များကသုံးသပ်သည်။

ထို့ကြောင့် နှစ်သစ်တွင် CIF တန်ဖိုး ပြောင်းလဲမှုအရ ၂၀၀၇ မော်ဒယ်မှစပြီး ၁၅၀၀ စီစီကားများကိုသာ ပြည်တွင်းလုပ်ငန်းရှင်များက အပြိုင်အဆိုင် တင်သွင်းတော့မည်ဖြစ်ကြောင်း ကားဝယ်ရောင်းများကပြောသည်။

ထို့အတူ ဆိပ်ကမ်းအရောက်တန်ဖိုးများ ထုတ်ပြန်ရာတွင် ဘယ်မောင်း၊ ညာမောင်း ကန့်သတ်သည့် ညွှန်ကြားချက် ပါဝင်လာခြင်းမရှိခြင်းကြောင့် ဂျပန်ကားများတင်သွင်းသည့် လုပ်ငန်းရှင်များ အထူးစိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်လက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Free Permit ဖြင့် ကားအသစ်များကို တင်သွင်းမည်ဆိုပါက ဘယ်မောင်း၊ ညာမောင်းကိုသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ဓာတ်ပုံ- ငြိမ်းချမ်းနိုင်/အီးပီအေ

7Day News Journal

No comments:

Post a Comment