*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 14 January 2014

အနာဂတ် မြန်မာနိုင်ငံ



အနာဂတ် ဟူသည် မရောက်ရှိသေးသော အချိန်ကာလပင် (တစ်နည်းအားဖြင့် ပစ္စုပ္ပန်ဟူသော အချိန်ကာလ များကို ဖြတ်သန်းကျော်လွန်ပြီးမှ ရောက်ရှိသော အချိန်ကာလ)ပင်ဖြစ်မည်ဟု ယူဆသည်။


ယနေ့ အင်အားကြီးနိုင်ငံများသည် လည်းကောင်း၊ အဘက်ဘက်တွင် အင်အားချည့်နဲ့ကာ ပြည်တွင်းစစ်ဘေး အန္တရာယ်များနှင့် ရင်ဆိုင်နေရဆဲ (ရင်ဆိုင်ရလတ္တံ့သော)နိုင်ငံများသည် လည်းကောင်း၊ ယင်းနိုင်ငံတို့၏ အဓိ က ကွာဟချက်မှာ .......

 
ယင်းနိုင်ငံတို့သည် တစ်ချိန်က အတိတ်ကာလ (ပစ္စုပ္ပန်ကာလများစွာ)ကို ဖြတ်သန်းမှု ပုံ သဏ္ဌာန်နှင့် ယင်း သို့ဖြတ်သန်း ကျော်လွှားခဲ့ရာတွင် လိုအပ်သော အတွေးအခေါ်များနှင့် ချဉ်းကပ်မှုပုံ သဏ္ဌာန် တို့ လုံးဝ (လုံးဝ) ကွဲပြားနေခဲ့ခြင်းပင်ဖြစ်သည်။



တစ်နည်းအားဖြင့် အနာဂတ် ဟူသည် မည်သူမျှ တပ်အပ် မသိနိုင် (အလုံးစုံ)သော်လည်း၊ ယနေ့ပစ္စုပ္ပန်ကို ဘက်စုံ ရှုထောင့်စုံမှ လေ့လာသုံးသပ်ပြီးမှ အနာဂတ်ကို ချိတ်ဆက်ပေးကြခြင်းပင်ဖြစ်သည်။


ဥပမာအချို့မှာ မြန်မာနိုင်ငံသည် အုပ်စိုးသူ ဘုရင်များ မိမိတို့၏ စည်းစိမ် အာဏာ ယစ်မူး မှုများသည် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရခြင်း၏ အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်ခြင်း၊ တိုင်းရင်းသား လူမျိုးများအကြား ဘုံသဘောတူညီချက်နှင့် ဘုံရပ်တည်ချက် အားနည်းခဲ့ခြင်းသည် ပြည်တွင်းပဋိပက္ခများ ဖြစ်ခဲ့ရခြင်း၏


 အဓိ က အကြောင်းရင်းတစ်ရပ်ဖြစ်ခြင်း၊ မိမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများနှင့် ဖွံ့ဖြိုးတိုးတက်မှု မူဝါဒများ မှားယွင်းစွာ သုံးသပ် ဆုံးဖြတ်ခဲ့ခြင်းသည် ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံးစာရင်းဝင် နိုင်ငံ အဖြစ်သို့ ရောက် ရှိစေ ခဲ့သော အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်ခြင်း၊ အင်အားသုံးသော နည်းများဖြင့် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းခြင်းသည် တိုင်းပြည်၏ ဖရိုဖရဲ အစိတ်စိတ်အကွဲကွဲ (နိုင်ငံရေးအရ)ဖြစ်သွားရခြင်း၏ အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်ခြင်း အစရှိသော အတိတ်နှင့်ပစ္စုပ္ပန်ကို ဆက်စပ်(ချိတ်ဆက်) ပေး ခဲ့ခြင်းပင်ဖြစ် သည်။

ထို့ကြောင့် ယနေ့ မမြင်ရသေး(ယနေ့မကြုံတွေ့ရသေး)သော အနာဂတ်ကာလ မြန်မာနိုင်ငံ၏ လူမှုစီးပွား မှအစ နိုင်ငံရေး အစရှိသော နယ်ပယ်အားလုံး၏ ဖြစ်ထွန်းမှု (ဖြစ်ပေါ်လာနိုင်မှု) ပုံသဏ္ဌာန်တို့ ကို ကောင်း မွန်စွာ သရုပ်ခွဲလေ့လာ ဆန်းစစ်နမူနာယူတတ်ရန် လိုအပ်ပေမည်ဟု ယူဆမိသည်။


လူသားတို့မည်သည် (နိုငံသားတို့မည်သည်) မိမိနိုင်ငံ၊ မိမိလူမျိုးကို မည်သူမဆို တိုးတက်ကြီး ပွား အေးချမ်း သာယာလိုစေသော စိတ်ဆန္ဒများ အနည်းအများ ရှိနေကြမည်ဟု ယူဆရသော်လည်း မူဝါဒရေးဆွဲ ချမှတ် သူလူနည်းစု (မူဝါဒကြိုးကိုင်သူ လူနည်းစု) ၏ ပုံသွင်းသော ပုံစံခွက်အတိုင်းသာ မလွှဲမရှောင်သာ မိမိတို့၏ လူမှုစီးပွား ဘ၀များနှင့် ပစ္စုပ္ပန် အနာဂတ်တို့ကို ဖန်တီး(တည်ဆောက်) သွားရလေ့ရှိသည် ကို တွေ့မြင်နိုင် သည်။


ထို့ကြောင့် အနာဂတ်ဟုဆိုရာတွင် နိုင်ငံ၏ အနာဂတ်နှင့် နိုင်ငံသားတို့၏ အနာဂတ်ကို စနစ်တကျ အပြန်ပြန် အလှန်လှန် စဉ်းစားဆုံးဖြတ် သုံးသပ်ပေးနိုင်မှသာ မိမိတို့နိုင်ငံ အနာဂတ်နှင့် မိမိတို့နိုင်ငံသားတို့၏ အနာဂတ် သည် သာယာအေးချမ်း ဖွံ့ဖြိုးတိုးတက်မှုကို ခံစားရပေလိမ့်မည်။ သို့မဟုတ်ပါက ကျပ်တည်းမွန်းကျပ် မသာ ယာ မအေးချမ်းသော အနာဂတ်တို့ကို ရင်ဆိုင်ရပေလိမ့်မည်။


လူသားတို့မည်သည် မိမိတို့တစ်ဦးစီ၏ စွမ်းရည်(အစွမ်းအစ)ဖြင့် မည်သူမှ (မည်သူမျှ)မရပ်တည်နိုင်ဘဲ၊ မိမိနှင့် မိမိပတ်ဝန်းကျင် (မိမိနှင့်မိမိနိုင်ငံ) တို့ အပြန်အလှန် သဟဇာတရှိရှိ မှီခိုရပ်တည်နိုင်မှု (ဖန်တီးနိုင်မှု) အပေါ်တွင် အခြေခံပြီး ရပ်တည်နေရသည် ဆိုသည်ကို သေသေ ချာချာ လေ့လာစမ်းစစ် လျှင် တွေ့မြင်နိုင်ပေ လိမ့်မည်။


ဥပမာ-မိမိသည် ဆန်စပါး မစိုက်နိုင်သော်လည်း မိမိတို့၏ ၀မ်းစာအတွက် လိုအပ်သော ဆန်စပါးကို စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများထံမှ ၀ယ်ယူစားသုံးနိုင်ခြင်း၊ ငွေကြေးတည်ငြိမ်မှုနှင့် ကုန်ဈေးနှုန်း တည်ငြိမ်မှုကို အထောက်အပံ့ပြုနေခြင်းမှာ စီးပွားရေး ပညာရှင်များ၏ အတတ်ပညာဖြင့် ပံ့ပိုးထားခြင်း၊ အမျိုးသား လုံခြုံရေးနှင့် အမျိုးသားကာကွယ်ရေး တာဝန်များကို လုံခြုံရေးတပ်ဖွဲ့များက တာဝန်ယူခြင်း၊ အမျိုးသား ကျန်းမာရေး တာဝန်များကို ကျန်းမာရေး အတတ်ပညာရှင်များက ထမ်းဆောင်နေခြင်း စသည်စသည် တို့ဖြစ်သည်။


ဤသို့ ပစ္စုပ္ပန်၏ အခန်းကဏ္ဍကို ၀ိုင်းဝန်းစုပေါင်း တာဝန်ယူနေကြသကဲ့သို့ တစ်ချိန်တည်းတွင် အနာဂတ် (မမြင်ရသေး မကြုံတွေ့ရသေးသော အချိန်ကာလများကိုပါ ထည့်သွင်း၍) ကိုပါ စုပေါင်းတည်ဆောက်နေ ကြခြင်းပင် ဖြစ်သည်။


ထို့ကြောင့် နိဂုံးချုပ်ရလျှင် ယနေ့မြန်မာနိုင်ငံ၏ အနာဂတ်ကို ဖန်တီးနိုင်သော လူပုဂ္ဂိုလ်ခေါင်းဆောင်များ အားလုံးသည် လွန်စွာအရေးကြီးသကဲ့သို့ တစ်ဦးအပေါ်တစ်ဦး မျှတသော စိတ်ထားများ ရှိရန်လည်း လွန်စွာ အရေးကြီးပါသည်။
 
(ဆောင်းပါးရှင်-ဒေါက်တာအောင်ကိုကို(စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)


From... Eleven Media Group

No comments:

Post a Comment