*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 25 February 2014

အင်တာနက် အသုံးပြုမှု တွင်ကျယ် လာသည် နှင့် အတူ ဆိုးကျိုး များစွာ ဖြစ်ပေါ်နိုင်

အင်တာနက် အသုံးပြုမှု တွင်ကျယ် လာသည် နှင့်အတူ ဆိုးကျိုး များစွာ ဖြစ်ပေါ်နိုင် 
 
မြန်မာနိုင်ငံ အနေဖြင့် ယခုလက်ရှိ အချိန်တွင် ဆက်သွယ်ရေးနှင့် နည်းပညာများ ဖွံ့ဖြိုး တိုးတက် လာပြီး အင်တာနက် အသုံးပြုမှုသည်လည်း ယခင်ကထက် အသုံးပြုမှု ပိုမိုတွင်ကျယ် လာပြီဖြစ်သည်။ 

လူငယ်များ အနေဖြင့်  ဗဟုသုတနှင့်  အမြင်ကျယ် အသိကြွယ်ဝ လာနိုင်သော်လည်း အင်တာနက် အသုံးပြုမှု သည်  ကောင်းကျိုး နှင့်အတူ  ဆိုးကျိုးများ ကို ဖြစ်ပေါ် စေနိုင်ကြောင်း အသုံးပြုသူများနှင့် IT Computer Training   Center သင်တန်း ကျောင်းမှ တာဝန်ခံ တစ်ဦးက ပြောကြား ခဲ့သည်။

အဆိုပါ အင်တာနက် အသုံးပြုမှုသည် ကောင်းကျိုးများ ရှိသကဲ့သို့ ဆိုးကျိုးများလည်း ဖြစ်ပေါ်လျက် ရှိသည်။ လူငယ်များ အနေဖြင့် မိဘ အုပ်ထိန်းသူများ  မမြင် ကွယ်ရာတွင် ဆိုးကျိုးများ လုပ်နိုင်ကြပြီး  လမ်းမှားသို့ အလွယ်တကူ ရောက်ရှိနိုင်သည်။


ထို့အတူ Facebook အသုံးပြုရသည်မှာ ရိုးရှင်း လွယ်ကူလှပြီး ဓာတ်ပုံ၊ ဗီဒီယို သတင်းများ အပြင် Application များကို လွယ်ကူစွာဖြင့် အသုံးပြုနိုင်သောကြောင့်  လူကြိုက် များလျက် ရှိပြီး လူမှုရေး လုပ်ငန်းများ၊ သတင်းနှင့် နည်းပညာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်သည်။

''အခုဆိုရင် ဖုန်းတွေ ကိုင်နိုင်လာတာနဲ့ အမျှ အင်တာနက် ကိုလည်း သုံးနိုင်လာပြီ။ အဲဒီတော့ လူငယ်တွေက လူကြီးတွေ မသိ အောင်လုပ်ချင်တာတွေ လုပ်၊ မကြည့် သင့်တာတွေ ကြည့်ပြီး အတုယူမှားလာ နိုင်တယ်။ ပိုဆိုး တာက နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးတွေအပြင် အစိုးရ ဌာနတွေ၊ အနုပညာရှင် တွေနဲ့ ပတ်သက်ပြီး တင်တဲ့ ကောလာဟလ တွေဟာ ဆိုးကျိုးတွေ ဖြစ်ပေါ်လာမှာပါ။  

လူငယ်တွေ အနေနဲ့  လမ်းမှား ရောက်နိုင်ပါတယ်။ အင်တာနက်က အကျိုးရှိအောင် သုံးရင် အမှန် တကယ်ကို အကျိုးရှိ ပါတယ်။ အကျိုးရှိအောင် မသုံး တတ်ရင်တော့   အန္တရာယ်ရှိပါတယ်'' ဟု စာရေးဆရာ တစ်ဦးက ပြောပြခဲ့သည်။

ယခုလက်ရှိ အချိန်တွင် လူမှုကွန်ရက် တစ်ခုဖြစ်သော Facebook စာမျက်နှာများပေါ်တွင် အသုံးပြု သူများ ၏ အသုံးပြုမှု ပေါ်မူတည်၍ အကျိုးဖြစ်ထွန်းမှု၊ အသုံး တည့်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ 

Facebook စာမျက်နှာများ ပေါ်တွင်လည်း  ကံစမ်းမဲ အစီအစဉ်များ၊ ပြိုင်ပွဲများ၊ လူမှုရေး အကျိုးဆောင် လုပ်ငန်းများ၊ သတင်းနှင့် နည်းပညာ အချက်အလက်များနှင့် အသိပညာ ဗဟုသုတ တိုးစေမည့် စာအုပ်စာပေများ အစရှိသည့် လူမှုအကျိုးပြု လုပ်ငန်းများကို တွင်ကျယ်စွာ  လုပ်ကိုင်ဆောင်ရွက်
လျက် ရှိကြောင်း  Facebook အသုံးပြုသူများနှင့် IT Computer Training Cente သင်တန်းကျောင်း မှ သိရသည်။

''ကျွန်တော် ဆိုရင်ပြိုင်ပွဲ ၁၆ခုလောက် Facebook ပေါ်မှာ လုပ်ပြီး သွားပြီ။ ကဗျာ ပြိုင်ပွဲ၊  ဓာတ်ပုံပြိုင်ပွဲ၊ ဝတ္ထုတို ပြိုင်ပွဲတွေ ကို လုပ်ပေးခဲ့တာပါ။ တချို့က  Facebook ပေါ်မှာ ပြိုင်လို့ ဆု ရရင် အပြင်မှာ ဆုမရဘူး လို့ ထင်တယ်။ အမှန်တကယ် အပြင် မှာ ဆုလာထုတ်လို့ ရပါတယ်။  

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကဆိုရင် ချစ်သူများနေ့ ဓာတ်ပုံပြိုင်ပွဲ လုပ်ပေးခဲ့ပါတယ်။ အခုလည်း ကဗျာပြိုင်ပွဲ လုပ်ပေးဖို့ စီစဉ်ထားပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

ထို့ကြောင့် အင်တာနက် အသုံးပြုမှုမှာ ယခုအချိန်တွင် ကျယ်ကျယ်ပြန့်ပြန့်နှင့် တွင်တွင် ကျယ် ကျယ် ဖြစ်လာပြီး အသုံးပြုရာတွင် ယခင်ထက်ပိုမို များပြားလျက် ရှိသောကြောင့် လူငယ်များ အနေဖြင့် ပိုမို၍ ဗဟုသုတ ရှိလာပြီး အမြင်ကျယ် အသိကြွယ်ဝလာနိုင်သော်လည်း လူငယ်များ အနေဖြင့် အတုယူမမှားရန် လိုအပ်ကြောင်း  အင်တာနက် အသုံးပြုသူ တချို့က သုံးသပ် ပြောကြားခဲ့သည်။                  

ဇာညီသစ္စာ
From...Myawady

No comments:

Post a Comment