*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 7 June 2014

ဆင်တူယိုးမှား လှိုင်းလေကြား က မြန်မာ့ တိုင်းရင်းဆေးဝါး



  ရှေးမြန်မာ ဘုရင်မင်း များ လက်ထက်မှ စ၍ တွင်ကျယ် စွာ အသုံးပြုခဲ့ကြပြီး ယနေ့ခေတ် တွင်လည်း အိမ်တိုင်း နီးပါး တွင် အသုံးပြုလျက် ရှိသော မြန်မာ့ တိုင်းရင်းဆေး များမှာ ဆေးဖော်စပ် ရာတွင် အဓိက ကျသည့် ဆေးပင် များ ရှားပါး မှုနှင့် ကြုံတွေ့လာရ သဖြင့် တိုင်းရင်းဆေး ထုတ်လုပ် ရောင်းချ သူများ အတွက် အခက် အခဲ ကြုံတွေ့လာကာ ဆင်တူ ယိုးမှား ဆေးပင် များ ထည့်သွင်း ဖော်စပ်မှု များ ရှိ လာကြောင်း မန္တလေးမြို့ အခြေစိုက် ဝါရင့် မြန်မာ့ တိုင်းရင်းဆေး ပညာရှင်များ ထံမှ သိရှိရသည်။

မြန်မာ့ တိုင်းရင်းဆေး များ ဖော်စပ် ရာတွင် ဆေးပင်များသည် အဓိက ကျပြီး ဆေးပင် ရှားပါးလာ မှုကြောင့် အမှန် တကယ် ဖော်စပ် ရမည့် ဆေးပင် များ မရရှိနိုင်သည့် အတွက် အလားတူ ဓာတ်ဂုဏ် သတ္တိချင်း တူ ညီသော ဆေးပင် များကို အသုံးပြုရကြောင်း၊ ယင်းသို့ အသုံးပြုရ ခြင်းကြောင့် ဆေးအာနိသင် အကျိုး ရလဒ် နည်းပါးစေကြောင်း မန္တလေး တိုင်းရင်းဆေး တက္ကသိုလ်၊ ဆေးဝါးဗေဒ ဌာနမှ ကထိက ဦးဝင်းစိုး က ပြောကြားသည်။




“ဆေးပင် ကို အစားထိုး သုံးစွဲ တာ၊ ဆင်တူဆေးပင်တွေ သုံးစွဲ တာက ဘာအန္တရာယ် မှတော့ မရှိပေ မယ့် ဆေးဝါး အာနိသင် အပြည့် အဝ မရရှိတဲ့ အတွက် ရေရှည် ကျရင်တော့ သုံးစွဲသူတွေရဲ့ ယုံကြည် မှုတွေ လျော့ကျစေနိုင်တဲ့ အတွက် ဆေးဝါး ထုတ်လုပ်သူတွေ အနေနဲ့ သတိထား ဖို့ လိုတယ်။ 


တချို့ဆေးပင်တွေ က ရှားပါးတဲ့ အတွက် အစစ် အမှန် မြင်ဖူး ဖို့လည်း ခက် သလို စစ်မှန်မှု ရှိ မရှိကို စမ်း သပ်ဖို့ ကျတော့ လည်း စက်ပစ္စည်း အခက်အခဲ က ရှိတယ်။ ပြီးတော့ ကုန်ကျ စရိတ်လည်း လျှော့ချ ချင်တဲ့ အတွက် ဆင်တူ ယိုးမှား ဆေးပင်တွေ ကို သုံးစွဲကြတာ ဖြစ်ပါတယ်” ဟု ဦးဝင်းစိုးက ဆိုသည်။

နိုင်ငံ အနှံ့အပြား တွင် ရာသီဥတု မမျှတမှုနှင့် သစ်တောများ ပြုန်းတီး မှုကြောင့် တောထဲ တွင်သာ ပေါက်ရောက်လေ့ ရှိသည့် ဆေးဖက်ဝင် ရှားပါးဆေးပင် များကို ရရှိရန် ခက်ခဲလာရုံ သာမ က မြင်တွေ့ ဖူးရန်ပင် မလွယ်ကူကြောင်း၊ ယင်းကြောင့် ဆေးပင်များ အစားထိုး သုံးစွဲ ရမှုများ ဖြစ်ပေါ် လာခြင်း ဖြစ်ပြီး ဆေးဝါး ထုတ်လုပ်ရာတွင် ပြဿနာများစွာ ကြုံတွေ့လာခြင်း ဖြစ်ကြောင်း မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဦးကျော်သိန်းဌေးကလည်း သုံးသပ်ပြောဆိုသည်။ 


“တိုင်းရင်းဆေးတွေ မှာ အဓိက အသုံးပြု ရတဲ့ ဆေးပင်တွေ က တောထဲမှာ ပေါက်တာ လည်း ရှိသလို အလေ့ကျ ပေါပေါ များများ ပေါက်နေတာတွေ လည်း ရှိတယ်။ တိုင်းရင်းဆေး ရဲ့ အဓိက အားနည်းချက်က ပရဆေးဆိုင်တွေ ကို လုံးဝ မှီခို နေရခြင်းပဲ။ တောတွေ ကနေ လာရောင်း တဲ့ ဆေး မုဆိုးတွေ ရှိတယ်။ သူတို့က အသေ အချာ မသိ ဘဲနဲ့ ပရဆေးဆိုင်တွေ ကို လာရောင်းကြတာတွေ ရှိတယ်။ 

ပရဆေးဆိုင်တွေကလည်း အစစ်မှတ်ပြီး ရောင်းလိုက်တာတွေ ရှိတယ်။ ဆေးပင်နဲ့ အဓိက ဖော်စပ်ရတာ ဖြစ်တဲ့အတွက် တောတွေမှာ ပေါက်တာများတယ်။ အခုနောက်ပိုင်း တောပြုန်းလာတဲ့အတွက် ဆေးပင်တွေလည်း တဖြည်းဖြည်း ပျောက်ကွယ်လာတယ်” ဟု ဦးကျော်သိန်းဌေးက ဆိုသည်။

ဆေးပင်ရှားပါးမှု၏ နောက်ဆက်တွဲအပြင် မြန်မာ့ တိုင်းရင်းဆေး လောကအပေါ် သက်ရောက်မှုများ ရှိသည့်အနက် ရောဂါဝေဒနာ သက်သာပျောက်ကင်းရန် အားနည်းချက်များ ရှိလာခြင်းကြောင့်ပင် မြန်မာ့ တိုင်းရင်းဆေးများအပေါ် မြန်မာပြည်သူများ ကိုယ်တိုင် ယုံကြည်မှု လျော့နည်းလာကြောင်း၊ ယင်းသို့ လျော့နည်းမှုသည် နှစ်ပေါင်းများစွာ နာမည်ကျော်ကြားခဲ့သော တိုင်းရင်းဆေးများ၏ အနာဂတ်ကို မသေချာမရေရာ ဖြစ်စေကြောင်း တိုင်းရင်းဆေး ပညာရှင်များက ဆိုကြသည်။

ဆေးပင်ရှားပါမှုသည် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းများ ရှင်သန် ရပ်တည်ရေးအတွက် အခက်အခဲကြီးတစ်ခု ဖြစ်နေရာ အစားထိုး သုံးစွဲခြင်းကြောင့် ပြဿနာများစွာ ကြုံတွေ့လာရကြောင်း၊ အထူးသဖြင့် ဆေးဝါးမှတ်ပုံတင် ခြင်းနှင့် ထုတ်လုပ်မှု အပိုင်းတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာစေကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။

မြန်မာ့တိုင်းရင်းဆေးများတွင် ပါဝင်သည့် ဆေးညွှန်းများနှင့် စစ်မှန်သည့် တိုင်းရင်းဆေးဝါးများ ဈေးကွက်အတွင်း မှန်ကန်စွာ ရောက်ရှိရန် သက်ဆိုင်ရာ ဆေးဝါး မှတ်ပုံတင်ခွင့်ပြုသည့် တိုင်းရင်းဆေးဝါး စစ်ဆေးသူများက စစ်ဆေးရာတွင် မှားယွင်းမှုများစွာ စစ်ဆေးတွေ့ရှိရကြောင်း စစ်ဆေးသူများထံမှ သိရှိရသည်။

၂၀၁၁ ခုနှစ်တွင် မှတ်ပုံတင် တိုင်းရင်းဆေးဖုံ ၁၀၂၆ မျိုးအနက်မှ ဆေးအမျိုး ၂၀၊ ၂၀၁၂ ခုနှစ်တွင် မှတ်ပုံတင် တိုင်းရင်းဖုံ ၆၁၁ မျိုးအနက် ၁၁ မျိုး၊ ၂၀၁၃ ခုနှစ်တွင် မှတ်ပုံတင်တိုင်းရင်း ဆေးဖုံ ၄၈၅ မျိုး အနက်မှ ၁၅ မျိုးတို့တွင် ဆေးဘူးတွင် ဖော်ပြမထားသည့် အခြားသော ပစ္စည်းများ ရောနှောပါဝင်ခြင်းနှင့် ဆေးပင်အမည် ဆင်တူများကို မှားယွင်း ထည့်သွင်းမှုများ အများဆုံး တွေ့ရကြောင်း နေပြည်တော်၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ ဓာတ်ခွဲခန်း သုတေသန အရာရှိ ဒေါ်ခင်စန်းလင်းက ပြောကြားသည်။

“တစ်နိုင်ငံလုံး က မှတ်ပုံ တင်မယ့် တိုင်းရင်းဆေးဝါးတွေ ကို စစ်ဆေးကြည့်တဲ့ အခါမှာ ဆေးညွှန်း မှာ ဖော်ပြ ထားတဲ့ ဆေးပင်တွေ အမှန်တကယ် ပါဝင်မှု ရှိ မရှိ စမ်းသပ်ရတယ်။ အဲဒီ လို စစ်ဆေးကြည့်တဲ့ အခါမှာ ဖော်ပြထားတဲ့ ပါဝင် ပစ္စည်းထက် တခြား အမျိုးအစားတွေ ရောနှော ပါဝင်နေတာ၊ အစားထိုး သုံးစွဲ ထားတာတွေ တွေ့ရတယ်။ အများဆုံး ကတော့ နာမည် ဆင်တူရိုးမှား တဲ့ ဆေးပင်တွေ ကို မှားယွင်း သုံးစွဲ ထားတာပဲ” ဟု ဒေါ်ခင်စန်းလင်း က ဆိုသည်။

ဆေးပင် ရှားပါမှု အပြင် တိုင်းရင်းဆေး ထုတ်လုပ်ရေး လုပ်ငန်း အချို့က ဆေးဝါး ထုတ်လုပ်ရာတွင် မသန့် ရှင်းမှုနှင့် စရိတ်ချွေတာခြင်း တို့ကြောင့် ဆေးဝါး အရည် အသွေး ကျဆင်းမှု များစွာ ဖြစ်ပေါ်စေကြောင်း၊ အထူး သဖြင့် ဆေးပင် များကို အခြောက်လှန်း အမှုန့်ပြုလုပ် ရာတွင် သန့်စင်မှု မရှိသည့် အတွက် မှိုများ ပါဝင်နေခြင်း၊ ပိုးမွှား များ တွေ့ရှိ ရခြင်းနှင့် ကုန်ကျ စရိတ် နည်းပါးစေရန် အတွက် စစ်မှန်မှု မရှိသည့် ဆေး ပစ္စည်းများ ကို အစားထိုး အသုံးပြုခြင်း တို့ကိုလည်း တွေ့ရှိ ရကြောင်း တိုင်းရင်းဆေးဝါး စစ်ဆေး သူများ ထံမှ သိရသည်။


 “ဥပမာ - နွယ်ချိုပေါ့။ နွယ်ချို ဆိုရင် သုံးမျိုး ရှိတယ်။ ဆေးညွှန်း မှာ ဖော်ပြထား တာက အိန္ဒိယနွယ်ချို။ ဒါပေမဲ့ ဓာတ်ခွဲ စမ်းသပ်ကြည့်တဲ့ အခါမှာ ဗမာနွ ယ်ချို ဖြစ်နေတာ မျိုးပေါ့။ ဘာလို့လဲ ဆိုတော့ အိန္ဒိယနွယ်ချို က ဈေးကြီး တာကိုး။ အဲဒီတော့ ကုန်ကျ စရိတ်ကို လျှော့ချနိုင်မယ့် ပစ္စည်း ကို အစားထိုး သုံးလိုက်တာပေါ့။ 

သူတို့ ကတော့ နွယ်ချို ချင်း အတူတူပဲ ဆိုပြီး ဈေးသက် သာတာကို သုံးလိုက် တာပေါ့။ ဒါပေမဲ့ ဓာတ်ခွဲ စမ်းသပ် တဲ့ အခါမှာ စံသတ်မှတ်ချက် အရ ဆေးပညာ အမည်တွေ ကွဲလွဲနေတာပေါ့” ဟု တိုင်းရင်းဆေး တက္ကသိုလ် (မန္တလေး) ဆေးဝါးဗေဒ ဌာနမှ ကထိက ဦးဝင်းစိုး က ဆိုသည်။

ပြည်တွင်းထုတ် မြန်မာ့ တိုင်းရင်းဆေး များကို စွဲမြဲ စွာ သုံးစွဲ လက်ခံ ယုံကြည် သူများ ရှိနေဆဲ ဖြစ်သော် လည်း ယင်းကဲ့ သို့ ဆေးဝါး အာနိသင် လျော့ပါး မည့် ပြဿနာ များကြောင့် ယုံကြည်မှု လျော့ကျစေမည်မှာ အမှန်ပင် ဖြစ်သည်။

တိုင်းရင်းဆေး ဖော်စပ် ရာတွင် ပရဆေးဆိုင် များကိုသာ အားကိုးသည်ထက် ကိုယ်တိုင် စိုက်ပျိုးကာ အသုံးပြုခြင်း က ဆေးပင်လွဲ မှားမှု ပြဿနာများ လျော့နည်းစေမည်ဖြစ်ပြီး ဆေးစွမ်းလည်း ထက်စေမည်ဟု ထင်မြင် မိကြောင်း ဦးဝင်းစိုး က ဆိုသည်။

“တချို့ဆေးပင်တွေ အလေ့ကျ ပေါက်တာ ကတော့ ပေါက်တာပေါ့နော်။ ဒါပေမဲ့ ကိုယ့်ဆီမှာ ကျတော့ ခက်ခက် ခဲခဲ စိုက်နေရ တာတွေတော့ ရှိတယ်။ ဆေး ထုတ်လုပ်တဲ့ သူတွေ အနေနဲ့ ကတော့ ဘယ်နယ်က ဘယ်ဆေးပင် ထွက်တယ် ဆို တာတော့ စုံစမ်းထား ရတယ်။ ဆေးပင် ထွက်တဲ့ နယ်က လူတွေနဲ့ လည်း ချိတ်ဆက် ထားရတယ်။ 


အရမ်း ရှားတဲ့ ဆေးပင်တွေ ဆိုရင်တော့ ကိုယ်ပိုင် စိုက်ထား လိုက်တာလည်း ရှိတယ်။ ဒါပေမဲ့ ထုတ်လုပ် ရလောက်အောင် ထိတော့ မဖြစ် ထွန်းသေးဘူး။ လုံးဝ မျိုးသုဉ်းသွားတဲ့ ဆေးပင် မျိုးတော့ မရှိသေးဘူး။ ဒါပေမဲ့ ရှိတော့ ရှိတယ်၊ စံချိန် စံညွန်း ပြည့်မီ တဲ့ ဆေးပင်တော့ မဟုတ်တော့ဘူး။ တချို့ဆေးပင်တွေ ဆိုရင် အရွယ် မရောက်သေးဘူး။ ပိန်ပိန် လိန်လိန်လေးတွေ။ 

တိုင်းရင်းဆေးပင်တွေ ကို စနစ်တကျ စိုက်ပြီး မှန်မှန် ကန်ကန် ရောင်းချပေးနိုင်တဲ့ လုပ်ငန်းတွေပေါ် ထွက် လာမယ် ဆိုရင် ထုတ်လုပ် သူတွေ အတွက် အများကြီး အကူအညီ ဖြစ်လိမ့်မယ်” ဟု နှစ် ၅၀ ကျော်ကြာ တိုင်းရင်းဆေး ရောင်းချ ဖြန့်ဖြူးလာ သူ တိုင်းရင်းဆေး ဆရာမ တစ်ဦးက ဆိုသည်။

လက်ရှိ အခြေအနေ အရ ရှေးမြန်မာ မင်းများ လက်ထက် က နာမည်ကျော်ကြား ဂုဏ် သတင်းကြီး ခဲ့သော မြန်မာ့ တိုင်းရင်းဆေး စစ်စစ် များ မပျောက်ကွယ်ရေး အတွက် အစိုးရ ပိုင်း၏ ကူညီထောက်ပံ့မှု အကြီး အကျယ် လိုအပ် သကဲ့သို့ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းများ ၏ အသိ စိတ်ဓာတ် ရှိရှိဖြင့် မိမိ တို့၏လုပ်ငန်း အမြတ် ထွက်ရေး အတွက်သာ မကြည့် ဘဲ မြန်မာ့တိုင်းရင်းဆေး အနာဂတ် လှပရေး ကို စဉ်းစားဆောင်ရွက်ရန် လည်း လိုအပ်နေပါသည်။

တရုတ်နိုင်ငံ တွင် တရုတ်ရိုးရာ အပ်စိုက် ပညာနှင့် တိုင်းရင်းဆေး များ ကမ္ဘာ အနှံ့ ပျံ့နှံ့ပြီး အစွမ်း ထက် သည် ဟု နိုင်ငံ တကာက လက်ခံ လာခြင်းမှာ တရုတ် အစိုးရ၏ ကူညီထောက်ပံ့ မှုနှင့် တရုတ် တိုင်းရင်းဆေး ပညာရှင် များ၏ ကြိုးပမ်း အားထုတ်မှု၊ လုံ့လဝီရိယ တို့ကြောင့်ဖြစ်ရာ မြန်မာ့ တိုင်းရင်းဆေး ပညာ ဖွံ့ဖြိုး တိုးတက်ရေးမှာ လည်း အစိုးရနှင့် ပြည်သူများပေါ်တွင် သာ အဓိက မူတည်နေသည် မှာ အသေ အချာပင် ဖြစ်သည်။

ခန့်ခန့်

The Voice Weekly

No comments:

Post a Comment