*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday, 28 July 2014

သဘာဝ ကို အပြည့် အ၀ စားသုံး ရခြင်း









နံနက် မိုးလင်းပြီ ဆိုတော့ ဘုရားရှိခိုး ပြီး သည်နှင့် လုပ်နေကျ အလု ပ်တစ်ခု က အိမ်ရှင်မ ပီပီ မီးဖိုခန်း သို့ ဝင်ရခြင်း ပါပဲ။ လုပ်နေကျ အလုပ်ထက် အိမ်ရှင်မ တစ်ယောက် ရဲ့ တာဝန် ဆိုလျှင် ပိုမှန်မှာပါ။ 

အလုပ်တစ်ခု က လုပ်နေကျ ဆိုလျှင် ပုံမှန် ဘယ်အချိန် မှာ ဘာလုပ်မည် ဘယ်လို လုပ်မည်၊ စီစဉ် ထား၍ ရသည်။ သည် အချက် အပြုတ် ဆိုသည့် တာဝန် မှာ ပုံမှန် စီစဉ် ထားလို့ မရ။ ယနေ့ ဝယ်ထားသော အသီး အနှံ များ မနက်ဖြန် ကောင်းချင် မှ ကောင်းမည်။ 

အသီး အနှံ အဆင်ပြေလျှင် ဟင်းရွက် များ နွမ်း ချင် နွမ်းနေ မည်။ အခြေ အနေ အရ ကြိုတင် စီစဉ်လို့ မရ။ သင့်တော် သလို အိမ်ရှင်မ ပီပီ ဉာဏ် ကစား၍ စီမံ ချက်ပြုတ် ရသည်။


ချက်ပြုတ်ရန် အတွက် ဟင်းသီး ဟင်းရွက် များ စီမံ ရန် ရေခဲသေတ္တာ ကို ဖွင့်လိုက်သည် ဆိုလျှင် ပဲ စိတ် မချမ်းမြေ့ စရာနှင့် ကြုံ ရသည်။ မြင်ရသည့် မြင်ကွင်း က မသက်သာ။ အရင် နှစ်ရက် က ဝယ်ထားသော အသီး အနှံ များမှာ ကျုံ့နေလေပြီ။ အချို့ ဟင်းရွက်များ မှာ ရိနေပြီး အချို့ မှာ တစ်ခုနှင့် တစ်ခု ထိကာ ပုပ် မလို ဖြစ်နေသည်။ 

ဝယ်ထားတာ နှစ်ရက် ပဲ ရှိသေးသည်။ ဝယ်တုန်း ကလည်း လတ်လတ် ဆတ်ဆတ်များ ကို ရွေးဝယ် ထားခြင်း ဖြစ်သည်။ ထားတာက လည်း အိတ်နှင့် ထည့်ကာ ဖြစ်သလို စုထည့် ထားခြင်း မဟုတ်။ သေချာ သပ်သပ် ရပ်ရပ် ရေဆေးပြီး မှ ထည့်ထားခြင်း ဖြစ်သည်။ 

ယခင် တစ်ပတ် ကလည်း ယခု ကဲ့သို့ ဖြစ် သဖြင့် မေမေ ၏ ဆူပူခြင်း ကို ခံရသည်။ ရေ မဆေးဘဲ ထည့်ခြင်းကြောင့် ယခုလို ဖြစ်သည် ဟု ဆိုကာ ရှေးလူကြီး ပီပီ ဆူလိုက်သည့် ဖြစ်ခြင်း။ ထို့ကြောင့် ဒီ တစ်ခေါက် ရေဆေးပြီး ထည့်ဖြစ်သည်။ သို့သော်လည်း ထူး မခြားနား ပါပဲ။ သည် အတိုင်း ဆို လျှင် မေမေတွေ့ လျှင် ဘာပြောဦး မလဲ မသိပါ။

တကယ်တော့ မေမေ ကံကောင်း ခဲ့ ပါသည်။ အသက် ခြောက်ဆယ် ကျော်သည့်တိုင် ကျန်းမာ သန်စွမ်း လျက် ရှိသည်။ ဘာရောဂါ မှ မဖြစ်ဘဲ နေနိုင်သည်။ အသားအရေ ကအစ ကောင်းမွန်သည် ဟု ပြောရ မည်။ မေမေ တို့ စားသုံး ခဲ့သော အစား အစာ သုံးပုံနှစ်ပုံ လောက်မှာ သဘာဝ စစ်စစ် များဖြစ် သည်။

 မေမေတို့ ခေတ်ကို တွေးပြီး ကျွန်မ မနာလို ဖြစ်မိသည်။ မေမေတို့ ခေတ်မှာ လူအတော် များများသည် သဘာဝ တရား မှ ရသော သဘာဝ အရသာ များကို အပြည့် အဝ စားသုံးခွင့် ရကြသည်။ စားသုံးခွင့် ရသည့် အလျောက် တန်ဖိုး လည်း ထားကြသည်။ 

သဘာဝ ကိုလည်း ချစ်မြတ်နိုး ကြသည်။ မိမိ စားဖို့ရန် အတွက် ကိုယ်တိုင် စိုက်ပျိုး ကြသည် က များပြီး အပြင် မှ အသားငါး လောက်သာ ဝယ်စား ကြသည်။ ယနေ့ ကျွန်မ တို့ ခေတ်လို့ ပြောရ မည့် အချိန်တွင် ကိုယ်တိုင် စိုက်ပျိုး ဖို့ ဝေးစွ သူများ စိုက်ထား သည်ကို အလျင်အမြန် အပြေးအလွှား ချက်ပြုတ် စားကြ ရသည်။

ဘယ်အရာမှ ပိုးသတ်ဆေး အားတိုးဆေး များနှင့် မကင်း။ ထိုဆေးဒဏ် များကြောင့် လူများမှာ လည်း ဆိုးကျိုး များ ကိုသာ ခံစားကြ ရသည်။ အသီး အရွက် ၏ အာဟာရ ထက် ပိုးသတ်ဆေး အားတိုးဆေး များ၏ အရသာ ကိုသာ ပိုမို ခံစားကြ ရသည်။ 

ယခင်နေ့ ကလည်း ပဲတောင့်ရှည် ကို ကြော်စားရန် လှီးပြီးရေဆေး လိုက်သည်။ ခါတိုင်း နည်းတူ ရေကြာ ကြာ မစိမ် ဖြစ်တော့။ အချိန် နောက်ကျ နေ သည့် အတွက် ချက်ချင်း ရေဆေးကာ ကြော်လိုက် ရသည်။ ထမင်းစားတော့ ခါးသက် သည့် အရသာ မှာ ပဲသီးနှင့် အတူ ပါလာသည်။ 

ပဲတောင့်ရှည် ခါးတာ မကြားဖူး။ ကြော်ထား တာလည်း မတူး ပါ။ မေမေ့ ကို ပြကြည့်တော့ ရေ အကြာကြီး မစိမ် သည့် အတွက် ဆေးဓာတ် မပြယ် သောကြောင့် ဖြစ်သည် ဆိုတာ သိရသည်။ ဆီ၊ ဆား၊ ကြက်သွန် အစုံ ထည့် ထားသော ပဲသီးကြော် တစ်ခွက် ဝက်စာပုံး ထဲသို့ ရောက်လေပြီ။ ထို ပဲသီးများ ကို စားသော ဝက်များ ထို့နောက် ထို ဝက်သား များကို စားသော လူများ။ ဘုရား ဘုရား သည် သံသရာ လည်တာ ကြီးကို မစဉ်းစား တာ ကောင်းမည်။

အဒေါ် တစ်ယောက်က ပြောဖူးသည်။ ” ဝက်တွေ ကြက်တွေ အသား တိုးအောင် ဆေးတွေနဲ့ လုပ်တော့ အဲဒီ ဝက်တွေ ၊ ကြက်တွေ အသား တိုး မတိုးတော့ မသိဘူး။ လူတွေ ကတော့ အသားတွေ တိုးလာတယ် … ” ဟု ပြောသည်။ ဟုတ်မှာ ပါပဲ ဟု ကျွန်မ ဖြေမိသည်။ သဘာဝ တရားကို တန်ဖိုး မထားသော ကျွန်မတို့ ကို သဘာဝ တရား ရဲ့ ဒဏ်ခတ်ခြင်း ပဲလား။

လတ်လတ် ဆတ်ဆတ် ဆေးဖျန်း ထားသော အသီးကြီးကြီး များ ကို စားမည့် အစား သဘာဝ စစ်စစ် အရသာနှင့် အသီးသေးသေး များကို သာ စားချင် ပါသည် ဟု ပြောလျှင် ယနေ့ တိုးတက် နေသော ခေတ် ရေ စီးကြောင်း တွင် လွန်နေ မည်လား။ 

မည်သို့ပင် ဆိုစေ သဘာဝ ကို အပြည့် အဝ စားသုံး ခဲ့ ရသော အမေ တို့ ခေတ်ကို တွေးကြည့်ရင်း တသသ ဖြစ်ရသည် မှာ တော့ အမှန်ပင် ဖြစ်သည်။ မဖြစ်နိုင်တာ ကို တမ်းတနေရုံ နှင့် မဖြစ်။ အိမ်သားများ အဆင်ပြေ စေရန် ဖြစ်နိုင် သေးသော အသီး အနှံ များကို ရွေးကာ ဟင်းလျာ တစ်ခွက် ချက်ရ ပေဦးမည်။

Credit: Yadanarpondaily
From...Search Myanmar

 

No comments:

Post a Comment