*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 14 July 2014

သန္ဓေတောထွက် ဓမ္မစက် ဟောမြွက် သံချို လဝါဆို



မြန်မာ့ ရိုးရာ ၁၂ လ ရာသီ တို့အနက် ဝါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော် နေ့ အထိမ်းအမှတ် အဖြစ် ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုး တို့က သတ်မှတ် ကျင်းပကြသည်။
 

ဂေါတမမြတ်စွာ ဘုရား အလောင်းတော် သိဒ္ဓတ္ထ မင်းသားသည် ကပ္ပိလဝတ် ပြည့်ရှင် သုဒ္ဓေါဓန မင်းကြီး၏ မိဖုရား သီရိမဟာမာယာဒေဝီ ၏ ဝမ်းကြာတိုက် တွင် ဝါဆို လပြည့် ကြာသပတေးနေ့ ၌ သန္ဓေ ယူတော် မူခဲ့ သည်။ 

ဘုရားလောင်း သိဒ္ဓတ္ထမင်းသား သည် သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါး ကို မြင်တွေ့ ပြီးသော အခါ သက္ကရာဇ် ၉၇ ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့ ညသန်းခေါင်ယံ အချိန် တွင် တော ထွက်တော် မူခဲ့သည်။ 


သိဒ္ဓတ္ထ မင်းသားသည် ဘုရား အဖြစ်သို့ ရောက်တော်မူပြီးနောက် သက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့် စနေနေ့ နေဝင်စ အချိန် တွင် ပဉ္စဝဂ္ဂီ ငါးဦး ကို ဘုရားဖြစ်တော်မူကြောင်း ဝန်ခံ ၍ ဓမ္မစကြာ တရားတော် ကို ဟောကြားတော် မူသည်။


ဂေါတမ ဗုဒ္ဓ ရှင်တော်မြတ်ဘုရား ဟောကြားတော် မူသည့် ဓမ္မစကြာ တရားတော်ကို ဗာရာဏသီပြည် မိဂဒါဝုန်တော ၌ နာကြားရသော ပဉ္စဝဂ္ဂီငါးဦး တို့သည် ဝါဆို လပြည့်နေ့တွင် အရှင်ကောဏ္ဍည၊ ဝါဆို လပြည့်ကျော် ၁ ရက်နေ့တွင် အရှင်ဝပ္ပ၊ ဝါဆို လပြည့်ကျော် ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ဝါဆို လပြည့်ကျော် ၃ ရက်နေ့တွင် အရှင်မဟာနာမ်၊ ဝါဆို လပြည့်ကျော် ၄ ရက် နေ့တွင် အရှင်အဿဇိ မဟာထေရ်မြတ်ကြီး များ အသီးသီး သောတာပန် ဖြစ်တော် မူကြကာ တရားထူး တရားမြတ်ကို ရရှိတော် မူခဲ့သည်။ 


 ထို့ကြောင့် ''သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်သံချို လဝါဆို'' ဟူသော စကား အရ ဝါဆိုလပြည့်နေ့ သည် ဘုရားလောင်း ပဋိသန္ဓေ တည်တော် မူသောနေ့၊ တောထွက်သောနေ့၊ ဘုရားရှင် ဓမ္မစကြာ တရား ဦး ဟောကြားတော်မူသော နေ့ဖြစ်သည်။

ဂေါတမမြတ်စွာဘုရား သည် ခြောက်နှစ်တာ ကာလ ပတ်လုံး လူ သာမန်တို့ ကျင့်ရန် ခဲယဉ်း လှသည့် ဒုက္ကရ စရိယာ အကျင့်မြတ် ကို ကျင့်ကြံ ကြိုးကုတ် ပွားများ အားထုတ် ခဲ့ရာ နောက်ဆုံး၌ မဇ္ဈိမပဋိပဒါ ဟု ခေါ်သည့် အလယ် အလတ် အကျင့် တရားစဉ် ကို တွေ့မြင်ပြီး ကာမ အာရုံ ခံစားမှု လက်ယာ အစွန်းနှင့် အတ္တဘော ပင်ပန်းစေသည့် လက်ဝဲ အစွန်းတည်း ဟူသော အစွန်း တရား နှစ်ပါး ကို ရှောင်ကြဉ် ကာ သစ္စာလေးပါး မြတ် တရားကို သိမြင်တော် မူခဲ့သည်။


''ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ''ဟူသော ထို သစ္စာလေးပါး မြတ် တရားသည် ဓမ္မစကြာ တရားတော် ပင်ဖြစ်သည်။ အထူး သဖြင့် ဓမ္မစကြာ တရားတော်သည် ဗုဒ္ဓရှင်တော်မြတ် ဘုရား ၏ တိကျ ခိုင်မာသော သဘော တရားကို ထင်ရှားစွာ တွေ့မြင်နိုင် သည်။

 ဂေါတမ မြတ်စွာဘုရား သည် လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ဖြည့်ကျင့် ဆည်းပူး ခဲ့သော ပါရမီတော် အဟုန် တို့ကြောင့် ရရှိ ခဲ့သည့် သဗ္ဗညုတ ရွှေဉာဏ်တော် စွမ်းအားဖြင့် ဓမ္မစကြာ တရားတော် ကို ဟော ကြား ညွှန်ပြခဲ့ခြင်းပင် ဖြစ်သည်။ 

ဓမ္မစကြာ ဟူသော စကားရပ် တွင် ''ဓမ္မ''သည် သစ္စာလေးပါး အမှန် တရားဖြစ်၍ ''စကြာ''သည် အဆက် မပြတ် လည်ပတ်နေခြင်း ဖြစ်ရာ သစ္စာလေးပါး ကို လည်ပတ်အောင် လည်စေပြီး၊ လှည့်၍ ဟောပြခြင်း သည် ဓမ္မစကြာပင် ဖြစ်သည်။ 

စည်းစိမ် ခံခြင်း၊ ဇိမ်ခံခြင်း သည် အစွန်း တစ်ဖက်ဖြစ်၍ ဆင်းရဲခြင်း၊ ချို့တဲ့ခြင်း၊ ငတ်ပြတ်ခြင်း သည် အစွန်း တစ်ဖက် ဖြစ်သကဲ့ သို့ လောဘ သို့မဟုတ် ချစ်ခြင်း သည် အစွန်း တစ်ဖက်၊ ဒေါသ သို့မဟုတ် မုန်းခြင်း သည် အစွန်း တစ်ဖက် အသီးသီး ဖြစ်သည်။

ထို့ကြောင့် ဗုဒ္ဓ ရှင်တော်မြတ်ဘုရား က သစ္စာ တရား ရှာဖွေ သူသည် အစွန်းနှစ်ပါး ကို ရှောင်ရမည် ဟု ဟောကြားညွှန်ပြခဲ့သည်။ 


 အထူး သဖြင့် ဗုဒ္ဓရှင်တော် မြတ်ဘုရား သည် ထိုးထွင်း ၍ သိတော် မူအပ်သော သစ္စာလေးပါး ကို မြင် တတ် သည့်၊ ပညာ မျက်စိကို ပြုတတ်သည့်၊ သစ္စာလေးပါး သိခြင်းကို ပြုတတ် သည့် အကြင် အလယ် အလတ် ဖြစ်သည့် အကျင့်သည် ကိလေသာ ငြိမ်းခြင်းတည်း ဟူသော သဥပါဒိသေသ နိဗ္ဗာန် အကျိုးငှာ သစ္စာလေးပါးကို ထူးမြတ်သော ဉာဏ်ဖြင့် သိခြင်းငှာ၊ သစ္စာလေးပါးကို ကောင်းစွာသိခြင်းငှာ၊ အနုဝါဒီသေသ နိဗ္ဗာန် အကျိုးငှာပင် ဖြစ်သည်။ 

ထို အလယ်အလတ် အကျင့်မြတ် သည် အင်္ဂါ ရှစ်ပါးတည်း ဟူသော သမ္မာဒိဋ္ဌိ (ကောင်းစွာမြင်ခြင်း)၊ သမ္မာ သင်္ကပ္ပ (ကောင်းစွာကြံခြင်း)၊ သမ္မာဝါစာ(ကောင်းစွာဆိုခြင်း)၊ သမ္မာကမ္မန္တ (ကောင်းစွာ ပြုခြင်း)၊ သမ္မာ အာဇီဝ (ကောင်းစွာ အသက်မွေးခြင်း)၊ သမ္မဝါယမ (ကောင်းစွာ အားထုတ်ခြင်း)၊ သမ္မာသတိ (ကောင်းစွာ အောက်မေ့ခြင်း)၊ သမ္မာ သမာဓိ (ကောင်းစွာတည်ကြည်ခြင်း) တို့ဖြင့် ပြည့်စုံသည့် မဂ္ဂင် တရားမြတ် ပင် ဖြစ်သည်။

ရှေးမြန်မာ မင်းများလက်ထက် က ဝါဆိုလ ၏ ပွဲတော် မှာ ပဉ္စင်းခံ ရှင်ပြုပွဲတော်ဖြစ်သည်။ အင်ရုံ ရွာစား ဝန်ကြီး သီရိဥဇနာ စီရင် ရေးသား ခဲ့သည့် လောကဗျူဟာ ကျမ်းကြီး ၌ ဝါဆိုလ တွင် ပဉ္စင်းခံ ပွဲများ ကျင်းပ ပုံကို ရေးသားထားသည်။ 


ထိုကျမ်း ၌ ''ဝါဝင် အမိန့် ပြန်တမ်း'' အမိန့်တော်ပြန်သည် ကို ရေးသား ဖော်ပြထားရာ ''ပြည်သူပြည်သား အပေါင်း တို့ ယခု ဝါဆိုလ ရောက်ပေပြီ။ ပဉ္စသီ၊ အဋ္ဌသီ၊ ဒဿသီတို့ကို ဆောက် တည်၍ အလှူပေးခြင်း၊ သီလ သီတင်း ဆောက်တည်ခြင်း၊ ဘာဝနာ စီးဖြန်းခြင်း ကိုလည်း သဒ္ဓါစေတနာ ရှိသမျှ လှူဒါန်း ဆောက် တည်ကြကုန်'' ဟူသည့် စေ့ဆော် ချက်ကို တွေ့ရသည်။

၁၈၈၅ ခုနှစ် ပဒေသရာဇ်ခေတ် ကုန်ဆုံးသွားပြီး သည့် နောက်ပိုင်းတွင် ဝါဆိုလ ပဉ္စင်းခံ ရှင်ပြုပွဲတော်များ ကွယ်ပျောက် ခဲ့သည်။ ဝါဆိုပွဲတော် သည် ရာသီပွဲတော် အဖြစ် သံဃာတော် များအား ဝါဆို ဝါကပ်ပြုခြင်း၊ ဝါဆို ပန်းခူးခြင်း၊ ဝါဆို ပန်းကပ်ခြင်း၊ ဝါဆို သင်္ကန်းကပ်ခြင်း၊ ဘိုးဘွား သက်ကြီး များအား ပူဇော်ခြင်း၊ ဝါဆို ဆွမ်းကပ်ခြင်း များ အစရှိသော ကုသိုလ်ကောင်းမှု ပြုကြသည်။

ဂေါတမ မြတ်စွာဘုရား ၏ သားတော် ရဟန်း သံဃာတော် အရှင် သူမြတ်များသည် ဝါဆိုလပြည့်ကျော် ၁ ရက်မှ သီတင်းကျွတ် လပြည့်နေ့ အထိ ဝါတွင်းသုံးလ ကာလပတ်လုံး မိမိတို့ သီတင်းသုံးရာ ကျောင်း၌ပင် သီတင်းသုံး ကြရသည်။ 


ရပ်ဝေးခရီးသို့ မကြွရန် ပညတ်ထားသည်။ ရဟန်း သံဃာတော်များ ဝါကပ်ခြင်းတွင် ဝါထပ်သော နှစ်များ၌ ပထမ ဝါဆိုလပြည့်ကျော် ၁ ရက်မှ သီတင်းကျွတ် လပြည့်နေ့အထိ ''ပုရိမ ဝါကပ်သည်''ဟုခေါ်ကြသည်။ ဒုတိယ ဝါဆိုလပြည့်ကျော် ၁ ရက်မှ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်အထိကို ''ပစ္ဆိမ ဝါကပ်သည်' 'ဟု ခေါ်သည်။

ဝါဆိုလ တွင် ရာသီပန်း အဖြစ် မိကျောင်းပန်း များ ဝေဝေ ဆာဆာ ဖွေးဖွေး လှုပ် ပွင့်လေ့ရှိသည်။ ထို့ကြောင့် စာဆို ပညာရှင် များက ''ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး''ဟူ၍ စာဖွဲ့ခဲ့သည်။ ဝါဆိုလ သည် မိုးရာသီ ကာလဖြစ်၍ တောင်သူ လယ်သမားကြီး များ၏ လယ်ကွင်းများ တွင် ရေ များ ပြည့်လျှံ နေတတ် သဖြင့် ''ဝါဆို ဝါခေါင်၊ ရေဖောင်ဖောင်''ဟု စာဖွဲ့ခဲ့သည်။

ထို့အပြင် ဝါဆိုလ တွင် ညတာ တိုသဖြင့် ''နေ့ဝါဆို၊ ညပြာသို''ဟုတင်စားကြသည်။

ဝါဆိုလ ၌ နေ့တာ ရှည်လေ့ရှိသည်။ ဝါဆိုလ တွင် ထူးခြားမှု မှာ မွန်းတည့်ချိန် တွင် လူရိပ် မထွက်၊ နေပူ ပါက ရပ်နေလျှင် လူရိပ် မှာ လူ့အောက် တွင် ပျောက်လေ့ ရှိသဖြင့် ''ဝါဆိုလူ့အောက် အရိပ်ပျောက်'' ဟူ၍ ရှေးလူကြီးများက ပြောဆိုကြသည်။ 


 ရှေးပုဂံခေတ် ကာလက ဝါဆိုကို မလွတ်တာ၊ မြွယ်တာ၊ နွယ်တာ စသည်ဖြင့် အမျိုးမျိုး ရေးသားကြသည်။ ယင်း စကားရပ် များ၏ အဓိပ္ပာယ် မှာ လယ်မြေ တိုင်းသောလ၊ မြေတိုင်းလ ၊ နွေရာသီ လွန်ပြီးသောလ ဟူ၍ဖြစ်သည်။ ယနေ့ မျက်မှောက်ကာလ ၌ မြေစာရင်း ဝန်ထမ်း များသည် မိုးစပါးစိုက် ဧကများ စာရင်းပြု စုနိုင်ရန် လယ်မြေ များကို ကွင်းဆင်း တိုင်းတာခြင်း၊ သီးနှံ စာရင်း မှတ်သားခြင်းများ ဆောင်ရွက်သော လမှာ ဝါဆိုလ ပင်ဖြစ်သည်။

မြန်မာနိုင်ငံ တွင် ဝါဆို လပြည့် ဓမ္မစကြာ အခါတော်နေ့ တွင် နေပြည်တော်၌ ဥပ္ပါတသန္တိ စေတီတော်မြတ် ကြီး လိုဏ်ဂူတော် အတွင်း ရှိ ဗုဒ္ဓပဋိမာ ကျောက်စိမ်း ရုပ်ပွားတော်မြတ်များ အား နှစ်စဉ် ဝါဆို ရွှေကြာ သင်္ကန်း ဆက်ကပ် လှူဒါန်း ပွဲ အခမ်း အနားများ၊ မဟာ ဆုတောင်းပြည့် ရုပ်ပွားတော်မြတ်ကြီး အား ဝါဆိုရွှေကြာသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းနှင့် နေပြည်တော်ရှိ ဘုရား၊ ပုထိုး စေတီတော်တို့၌ ဗုဒ္ဓပူဇနိယ ပွဲတော်များ စည်ကား သိုက်မြိုက်စွာ ကျင်းပကြသည်။ 


ရန်ကုန်မြို့တွင် ရွှေတိဂုံ စေတီတော်ရင်ပြင်၌ ဝါဆို ရွှေကြာသင်္ကန်းများအား လှည့်လည် အပူဇော်ခံပြီး ဘုရားလေးဆူနှင့် ပတ္တမြား မျက်ရှင်ဘုရားတို့အား ဝါဆိုရွှေကြာသင်္ကန်းများ ကပ်လှူ ပူဇော်ကြသည်။

ထို့အတူ ဆူးလေစေတီတော် မုခ်လေးမုခ် ရှိ ဗုဒ္ဓ ရုပ်ပွားတော် များနှင့် အတုလမာန်အောင် ရုပ်ပွားတော်မြတ် အား ဝါဆို ရွှေကြာ သင်္ကန်းနှင့် သစ်သီး ဆွမ်း ဆက်ကပ် လှူဒါန်း သကဲ့သို့ ဗိုလ် တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်၊ ပုဇွန်တောင် မြို့နယ်ရှိ ရွှေဘုန်းပွင့် စေတီတော်၊ မရမ်းကုန်းမြို့နယ် ရှိ စွယ်တော်မြတ် စေတီတော်၊ သမိုင်းဝင် အပရာဇိတ ဆံတော်ရှင် ကျိုက်ဝိုင်း စေ တီတော် ၊ 


သီရိမင်္ဂလာ ကမ္ဘာအေး စေတီတော်၊ မဟာဝိဇယ စေတီတော်၊ သမိုင်းဝင် ကျိုက္ကစံ ဆံတော် ရှင် စေ တီတော်၊ လောက ချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၊ မိုးကောင်း စေတီတော်၊ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး ၊ မယ်လမုဘုရား၊ ဥက္ကလာပ စေတီတော်တို့၌ ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ ဆွမ်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်း စသည်ဖြင့် လှူဒါန်း ပူဇော်ကြသည်။ ထို့အပြင် ဝတ်အသင်း အဖွဲ့များကလည်း ဓမ္မစကြာ ဒေသနာတော်နှင့် ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ကြသည်။

ဗုဒ္ဓမြတ်စွာ ဘုရား ဟောကြားတော် မူခဲ့သော ပိဋကတ် သုံးပုံ ၏ အဆီ အနှစ်မှာ ''ဒုက္ခသစ္စာ၊ သမုဒယ သစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ''တည်းဟူသော သစ္စာတရား လေးပါးပင်ဖြစ်သည်။ ထို့အပြင် ဗုဒ္ဓ မြတ်စွာ ဘုရားရှင် လေးဆယ့် ငါးဝါပတ်လုံး ဟောကြားတော် မူခဲ့သည့် တရား အားလုံးသည် သစ္စာလေးပါး သိမြင် ရန်နှင့် ရရှိရန်တို့ပင် ဖြစ်သည်။ 


အထူးသဖြင့် သစ္စာ ရှိမည်ဖြစ်ပြီး သစ္စာ သိမှသာလျှင် ကိစ္စအားလုံး ပြီးမြောက်မည်ဖြစ်ရာ ဗုဒ္ဓ မြတ်စွာ ဘုရားရှင် သည် သစ္စာလေးပါး ဓမ္မစကြာ ဒေသနာတော် တရားဦးကို ဝါဆိုလပြည့်နေ့၌ စတင် ဟောကြားတော် မူခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တို့သည် နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့်နေ့ ၌ သီလဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်း ကပ်လှူခြင်း၊ ဆီမီးပူဇော်ခြင်း စသော ကောင်းမှုကုသိုလ် တို့ဖြင့် မေတ္တာဘာဝနာ ပွားများ ကျင့်ကြံ အားထုတ်ကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ကြပါစေကြောင်း ဆုမွန်တောင်း ၍ တိုက်တွန်း ရေးသားလိုက်ရပါသည်။


From...Myawady
 

No comments:

Post a Comment