*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday, 1 August 2014

" စားချင် လိုက်ခဲ့ " .. လို့ ခေါ်မိ လို့ ကြောက်မက်ဖွယ် ကြုံ ခဲ့ ရတဲ့ သရဲသောင်းကျန်း တဲ့ ည

 
 
၁၉၉၀ လောက်ဖြစ်မယ် ထင်တယ်။ ၆ တန်း စာမေးပွဲ အပြီး နွေရာသီ  ကျောင်းပိတ်ရက်။ ကျွန်နော်နေခဲ့တဲ့နယ်မြို့လေး နဲ့သုံးမိုင်လောက်ဝေး တဲ့ နယ်ရွာလေးက စာသင် အခန်းဖော် သူငယ်ချင်း တစ်ယောက် ရဲ့ဖိတ်ခေါ်မှု နဲ့ သူတို့ ရွာ ကို ၁၀ ရက်လောက် အလည် လိုက်ခဲ့ဖူးတယ်။ 

ရွာလေး က အိမ်ခြေ ၂၅၀ လို့ရွာ အဝင်ဆိုင်းဘုတ် မှာ ဖတ်ရတယ်။ တစ်ရွာလုံး က လယ်၊ ယာ နဲ့ ခြံ သမားတွေ ချည်းပဲ။

အရောင်းအဝယ် ကုန်သည် ပွဲစားလုပ်သူ လည်း နှစ်ယောက် သုံးယောက်ရှိ သတဲ့။ ရွာလေးက ချစ်စရာ ။ အေးချမ်း တယ်။ ရွာသားတွေ က ရိုးသားတယ်။ စကားပြော ရင် ရှင်းရှင်း ဘွင်းဘွင်း ။ ရွာက ကာလ သားတွေ ကလည်း တုံး တိုက်တိုက် ကျား ကိုက်ကိုက် ဆိုသလို မျိုးတွေ။ 


ကာယ ကို အသုံးပြု ပြီး လယ်ယာခြံ လုပ်ကိုင် စားသောက်ကြတော့ သူတို့ ကိုယ်တွေ ကမာကျောတောင့် တင်းပြီး အသားရောင်တွေ က အညိုတွေ များတယ်။ ညနေ ဖက်ဆို ဘောလုံး ကန်တဲ့သူက ကန်၊ ဝိုင်းခြင်း ခတ်တဲ့သူခတ် နဲ့ ပျော်စရာတွေ။ 

ကျနော် အလည် လိုက်လို့ လေးရက်လောက် ရှိတော့ ရွာမှာ ရှိတဲ့ လယ်ယာ သမားတွေ သူတို့ ရဲ့ စပါးတွေ ကို နင်းနယ် ပြီး စပါးကျည်တွေ ထဲ ကို သိမ်းပြီးချိန် နဲ့ဆုံတယ်။

နှစ်စဉ် စပါး တလင်းသိမ်း ပြီးကုန်တာ နဲ့ လယ်သမား ကာလသားတွေ စုပြီး တလင်းသိမ်းပွဲ ဆိုပြီး ညစာ နဲ့ယမကာ တွေ ခင်းကျင်း ချက်ပြုတ် စားသောက်ကြတယ်။ အဲဒီနေ့ က ကျနော် တို့တွေ လည်း စားသောက် လို့ကောင်းအောင် ဆိုပြီး ဝိုင်းဝန်းရေ ခတ်၊ ထင်းသယ် လုပ်ပေးကြတယ်။ 

ချက်ပြုတ်ကြတာ က ရွာထဲ မှာ မဟုတ် ပဲ လွပ်လွပ် လပ်လပ်နဲ့ သက်ကြီးတွေ ကို အနှောက် အယှက်ဖြစ် မှာ စိုးတယ် ဆိုပြီး ရွာအပြင် က စပါးတလင်း ထဲမှာပဲ ချက်ပြုတ်ပြီး တလင်းထဲ မှာပဲ အဲဒီ ပွဲကိုလုပ်တယ်။ အစား ကတော့ ထမင်း နဲ့ ကြက်သား ဗူးသီး ကာလသား ဟင်း။ 

အသောက် ကတော့ သောက်နေကျ ထန်းရည် နဲ့ တောအရက်ဖြူ  အစား ထူးရှယ် အနေနဲ့ အနီရောင် ပုလင်းတွေ။ ပြည်တွင်းဖြစ်ရော နိုင်ငံခြားဖြစ် အနည်း အပါးပါ ပါတာ တွေ့ရတယ်။

ကျနော် တို့သူငယ်ချင်းနှစ်ယောက် ကိုတော့ လူရာ မသွင်းဘူး။ ငယ်သေးတယ် အကြောင်းပြချက် နဲ့ ထမင်း နဲ့ကြက်သား ဗူးသီး ပဲ ကြိုက် သလောက်စား ရတယ်။ အဲဒီ ညက လ က သာတော့သာတယ်။ အပြည့် အဝတော့မဟုတ်ဘူး။ ဒါနဲ့ ည ၉ နာရီကျော်လောက် ထိ စားသောက်နေကြတာ။ ကျနော်နဲ့ သူငယ်ချင်း ကတော့ သူ့ဦးလေး ရဲ့ဘေးမှာ ပဲ ထိုင်ဆွဲနေကြတာ ။ 

ထမင်း မစားနိုင်တော့ ကြက်သား နဲ့ ကြက်ရိုးလေးတွေ ထိုင်ကိုက်ရင်း ပျော်နေကြတာ။ ဘက်ထရီ နဲ့ ဖွင့် တဲ့ ကက်ဆက် က သီချင်းတွေ ကလည်း မြူး မှမြူး။ ကာလသားတွေ တချို့လည်း က တဲ့သူ က ကုန်ပြီ။
ည ၁၀ နာရီကျော်လောက် ကျတော့ ပြန်တဲ့ သူတွေလည်း ပြန်ကုန်ပြီ။ 

ကျန်တာ ဆိုလို့ ကာလသား ၁၀ ယောက်ကျော်လောက်ပဲ ရှိတော့မယ်။ ညနက် လာတော့ သူငယ်ချင်း ဦးလေး က သူငယ်ချင်းကို မူးမူး နဲ့ ဟေ့ကောင်လေး ပြန်တော့ အိမ် က စိတ်ပူနေမယ် ဧည့်သည် ကိုခေါ် ပြီး ပြန်အိပ် ချည်တော့ ဆိုပြီး ငေါက်ဆတ်ဆတ် ပြောတာ နဲ့ သူငယ်ချင်း က ကျနော့်ကို ဗိုက်ပြည့် ရင် ပြန် ရအောင်တဲ့။ ကျနော်လည်း အေး ဆိုပြီးနှစ်ယောက်သား ပြိုင်တူ ထ ပြီး ရွာဘက်ခြေ လှည့်လိုက် တယ်။

ထ ပြန်လာရင်း တလင်းထောင့် မှာ ၁၀ ပေလောက်မြင့် တဲ့ စပါးနယ်ပြီးသား ကောက်ရိုးပုံ တစ်ပုံတွေ့ တာ နဲ့ ကျနော် က သူငယ်ချင်း ကို လသာသာ နဲ့ ကောက်ရိုးပုံပေါ် တက်ပြီး ခဏထိုင် ရအောင် ကွာ ဆိုပြီး နှစ်ယောက်သား ကောက်ရိုးပုံ ပေါ် တက်သွားပြီးထိုင်လိုက် တာ တစ်ကိုယ် လုံးမြုပ် ပြီး ခေါင်းလောက် ပဲ ပေါ်တော့တယ်။ 

 ဇိမ်ကျ သွားတော့ ချက်ချင်း မပြန်သေးပဲ ကောင်းကင်ပေါ်မော့ကြည့်ပြီး ကျောင်းခန်း ထဲက အကြောင်းတွေ စမြုံ့  ပြန်နေဖြစ်တယ်။ သူငယ်ချင်း ဦးလေး နဲ့ ကာလသား အချို့ကတော့ စားကြ သောက်ကြ တုန်း။

သူတို့ မမြင်လို့သာ မမြင်တာ ကျနော် တို့ကို ။ အကွာအဝေး က ရှိလှ ပေသုံးဆယ်ကျော်ကျော်ပဲ ရှိမယ်။ သူတို့စကားသံ တွေကို သဲသဲ ကွဲကွဲကြားနေရတယ်။ ကျနော်တို့ထိုင်ပြီး မိနစ်နှစ်ဆယ်လောက် ကြာတော့ ရွာသား တစ်ယောက် က ကက်ဆက်ကို ပိတ်လိုက်တော့ က နေတဲ့ လူတွေလည်း ရပ်သွားတယ်။ 

ကျနော်တို့ လည်း ဘာလဲ ဆိုပြီး လှမ်းကြည့်နေလိုက်တယ်။ အဲဒီ မှာ ကက်ဆက်ပိတ်တဲ့လူက အားလုံး ကိုပြောတယ်။ မင်းတို့ အားလုံး စားလို့ဝပြီလားတဲ့။ အားလုံး ကလည်း တညီ တညွတ်တည်း ဝ ပြီတဲ့။ အဲဒီ လူက ဆက်ပြီး အားလုံး ဝရင် ကျန်တာတွေ အားလုံးကျွေး လိုက်တော့မယ်နော်တဲ့။

အားလုံး ကလည်း ဗလုံး ပထွေးနဲ့ ကျွေးလိုက်တဲ့။ ကျနော် နဲ့ သူငယ်ချင်း လည်း တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာလဲပေါ့။ ပတ်ဝန်းကျင် မှာ ကျွေးရအောင် လည်း လူလည်း မရှိ၊ ခွေးလည်း မရှိ။ ကြည့်နေတုန်း ပဲ ကက်ဆက် ပိတ်တဲ့လူ ကပဲ သူ့ လူတွေနဲ့ ဆန့်ကျင်ဘက် ကို မျက်နှာ မူပြီး မင်း တို့ရောက်နေပြီလားတဲ့။ 

ကျနော်ကျောချမ်း သွားတယ်။ ရောက်ရင် အဲဒီ နားက စားပွဲ ကို ခေါက်ပြ ဆိုတော့ ခပ်လှမ်းလှမ်း က စားပွဲ က ဒေါက် ဒေါက် ဒေါက် ဒေါက် နဲ့ အသံတွေ ထွက်လာတယ်။ သူငယ်ချင်း က ကျနော့်လက်မောင်းကို လာ ကိုင်တယ်။

ကျနော် လည်း သူ့ လက်ကို ပြန်တင်းတင်း ဆုပ်ထား လိုက်တယ်။ အသက်ရှူ  ဖို့တောင်မေ့ပြီး စားပွဲကို စိုက်ကြည့်နေကြတာ။ ဟိုလူ ကတော့အေးဆေးပဲ။ ကဲ ဘယ်နှစ်ယောက်လဲ ၊ တစ်ယောက် တစ် ချက်ခေါက် တဲ့။ ကျနော် နားစွင့်ထားတာ စုစုပေါင်း ငါးချက်တောင်။ 

ဟုတ်ပီ နောက်ဆုတ်ကြ ဆိုပီး အဲဒီ လူက စားပွဲ ဆီကို ခပ်တည်တည် နဲ့ ထမင်း အိုးကြီး ကိုင် ပြီး လျှောက် သွားတယ် ပြီးတော့ ငှက်ပျော ရွက်တွေ စားပွဲပေါ် ခင်းလိုက်ပြီး ထမင်းအကျန်တွေ အားလုံး ပုံချ လိုက် တယ် ။

 နောက်တစ်ယောက် ကလည်း ဟင်းအိုးကြီး သယ်သွားပြီး ထမင်းပုံပေါ် သွန်ချ လိုက်တယ်။ ပြီးတာနဲ့ ကဲ စားကြတော့ ဆိုပြီး အဲဒီ လူနှစ်ယောက် သူ့လူတွေဆီ ကို အိုး အခွံတွေ ကိုင်ပြီး နောက်ပြန်လျှောက် သွား တယ်။

သူတို့ပြောပြီး တာနဲ့ စားပွဲ ဆီက အသံ ဗလံတွေ စပြီးကြား ရတော့တယ်။ နောက်တော့ကက် ဆက်ပြန် ဖွင့်ပြီး စားတဲ့ဟာတွေ က တစ်စားပွဲ၊ သောက်တဲ့လူတွေ က တစ်စားပွဲ နဲ့ ဟုတ်နေကြတာ။ ကျနော် တို့နှစ်ယောက်မှာ သာ ကောက်ရိုးပုံ ထဲ ဇောချွေးပြန်နေကြတာ။ ထ လည်း မပြေးရဲ။ စားနေရင်း လှည့် ကြည့် ပြီး ပြေးလိုက် လာရင်ပြသနာ။ 

ဒါနဲ့ ချွေးသုတ် ပြီး ဆက်ကြည့်နေလိုက်တာ နာရီဝက်လောက်ကြာတော့။ ကက်ဆက်သံ ရပ်သွားပြန်ရော။ ကျနော် တို့လည်း မျက်လုံးတွေ ပြူးထားပြီး နားတွေ စွင့်ထားရပြန်တယ်။ အဲဒီ မှာ တစ်ယောက်က ထ ပြီး၊ ကဲ အားလုံး စားပြီးရင် ပြန်ကြတော့ ကိုယ့်နေရာ ကိုယ် တဲ့။

စကား ဆုံးတော့ ကာလသား တစ်ယောက်က ထပြီး နေအုံးကွ ဘယ်သူတွေလဲ ဆိုတာ မေးကြည့်ရင် မကောင်းလား တဲ့ ။ နောက်တော့ တစ်ယောက်က စားပွဲ ဘက်ကို မျက်နှာ မူ ပြီး ငါတို့ နာမည်မေးမယ် ကိုယ့်နာမည် မှန်ရင် စားပွဲ ကို ခေါက်ပြတဲ့။ 

သူတို့တွေ တစ်ယောက် တစ်ပေါက် နာမည်တွေခေါ်နေ သံကြားတယ် ။ ပြန်ခေါက်သံတော့မကြားရဘူး။ ကျနော် က တိုးတိုးလေး သူငယ်ချင်း ကိုမေးတယ်။ ဘာ နာမည်တွေလည်း ဆိုတော့။ သူငယ်ချင်း က ထစ် ထစ်ငေါ့ငေါ့ နဲ့ သူတို့မေးနေတဲ့ နာမည်တွေ က ငါတို့ရွာ က သိပ်မကြာခင် က သေသွား တဲ့လူတွေ ရဲ့ နာမည်တွေ တဲ့။ ပြောပြီး တာနဲ့ ငါကြောက်တယ် ကွာ ပြေးကြ ရအောင်တဲ့။

ကျနော် က ငြိမ်ငြိမ်နေ ပြေး ရင် အသံကြားပြီး လိုက်ဖမ်း လိမ့်မယ် လို့ ဆိုတော့ သူလည်း ငိုမဲ့မဲ့ နဲ့ ငြိမ် သွားတယ်။ ကျနော်  တို့လည်း ပြန်ကြည့်နေတုန်း… တစ်ယောက်က ကိုဦး လားကွာ ဆိုတော့ စားပွဲ ကို ဒေါက်ဒေါက်ဒေါက်ဒေါက် နဲ့ ခေါက်လိုက်တာ၊ ကြားယုံ နဲ့တင် ကြက်သီးတွေ ထ ရော။ 

အဲဒီ မှာ ကာလသား တစ်ယောက် က ဟာ ကိုဦး သူငယ်ချင်း နေကောင်းလား ဘာညာ နဲ့ အသက် ရှိစဉ် က အရက် အတူသောက်ကြ ပျော်ကြတာတွေ ကို မူးမူး နဲ့ အော်ပြောပြီး ငိုပါလေရော။ နောက်မှ သိရတာ ကိုဦး ဆိုတာအဲဒီ ရွာက အရက် အသောက်များပြီး အသဲရောဂါ နဲ့ဆုံးသွား တာတဲ့။

ငိုရင်း ကနေ ထ၊ အရက် ပုလင်းကို လှမ်းဆွဲပြီး စားပွဲဆီ ကို လျှောက်သွား လို့ ကျန်တဲ့လူတွေ က ထပြီး ဝိုင်းဆွဲ ကြရော။ အဲဒီ လူလည်း ငြိမ်ရော တစ်ယောက် က ထပြီး ကဲ ဖိတ်ထားတဲ့ဧည်သည်တွေ စားသောက်ပြီးရင် ကိုယ့်နေရာ ကိုယ်ပြန်ကြတော့ ဆိုပြီး ပြောပေမယ့် စားပွဲ က ခေါက်သံတွေ က ရပ် မသွားတဲ့ အပြင် ပိုလို့တောင် ကျယ်လောင် လာသလိုထင်ရတယ်။

 ဒါနဲ့ ပြန်ဖို့ ထပ်ပြောပေမယ့် စားပွဲ က ခေါက်သံတွေ က ရပ် မသွားဘူး။ ဒါနဲ့ အထပ်ထပ်ပြောလို့ မရ တဲ့အဆုံး ကာလသားတွေ ဒေါသ ဖြစ်လာတယ် နဲ့တူတယ် ၊ တစ်ယောက်က ကဲ.. ကောင်းကောင်းပြော တာ မရ တဲ့ဟာတွေ တွေ့ကြသေးတာပေါ့ ဆိုပြီး အနားက ထင်းချောင်း ကို ကောက်ကိုင်ပြီး စားပွဲ ကို ပြေး ရိုက်ပါလေရော ။

အဲဒီ မှာ ခုဏ ငိုတဲ့လူ နဲ့မူးပြီးအိပ်ပျော်နေ တဲ့တစ်ယောက် က လွဲလို့ ကျန်တဲ့ ကာလသားတွေ ထင်းချောင်းတွေ ဆွဲပြီး စားပွဲ ကိုရော ၊ လေ ထဲတွေ ကိုပါ စွပ်ရိုက်ကြ ပါလေေ၇ာ။ အားလုံးမောလို့ ရိုက်နေ တာ ရပ်လိုက်ပေမယ့် စားပွဲ ကိုတော့ လာခေါက်နေတုန်း။

 နောက်ဆုံးတော့ ငိုနေတဲ့တစ်ယောက် က ဒယိမ်းဒယိုင် နဲ့ ထပြီး သူငယ်ချင်း ကိုဦး ပြန်ပါတော့ကွာ မင်းကောင်တွေခေါ်ပြီးတော့…. မနက်ဖန်ကြ ရင် မင်းမိန်းမ ကို မင်း မကျွတ်သေးတဲ့အကြောင်း ငါပြောပြပြီး အလှူ  လုပ် အမျှဝေပေးမယ်၊ မင်း အခုတော့ ပြန် ပါတော့ကွာ လို့ပြောရော ခေါက်နေ တာ ငြိမ်သွားတယ်။

နောက် တစ်ယောက် ကလည်း ဆက်ပြောတယ် ဟုတ်တယ် ကိုဦး အခု မင်းတို့ကို ငါတို့ က စေတနာ နဲ့ ခေါ်ကျွေးတာ မင်းတို့ စကား နားမထောင်ရင် နောက်နှစ်တွေ ကျတော့ ငါတို့ ခေါ် မကျွေးတော့ ဘူးးတဲ့။ အားလုံး ခဏငြိမ်သက် သွားတယ်။ နောက်တော့တစ်ယောက် က …အားလုံး ပြန်ပြီလား။ မပြန်သေးရင် ခေါက်ပြ ဆိုတော့ ဘာသံ မှ မကြားရတော့ဘူး။ 

ခဏကြာတော့ကာလသား အားလုံး ပြန်ဖို့ပြင်နေ တာ မြင်တော့ သူငယ်ချင်း လည်း ကျနော့်ကို လက်တို့ပြီး ကောက်ရိုးပုံ အနောက်ဖက် က လျှောချ၊ အိမ်ကို တန်းပြေးကြတာ။ 

အိမ်ရောက်တော့ ရေသောက်ပြီး ရင်တွေ တုန်နေတာ နဲ့ နှစ်ယောက်သား အတော်နဲ့အိပ်မပျော်ဘူး။ မနက် ကိုးနာရီလောက်ကြတော့ နှစ်ယောက်သားနိုး တယ်။ နားစွင့်ကြည့် လိုက်တော့ ညက ငိုတဲ့လူက ကိုဦး မိန်းမ ကို အကြောင်း စုံပြောပြလိုက် လို့ ကိုဦး မိန်းမ အော်ငိုနေ သတဲ့။

 နောက် တစ်ရက် ရွာဦးကျောင်း ဆရာတော် ကို ဆွမ်း၊ သင်္ကန်း လှူ့၊ တရားနာလာကြသူတွေ ကိုတော့ မုန့်ဟင်းခါး ချက်ကျွေး၊ လှူ ပြီး အမျှဝေတယ် လို့ သိရတယ်။

 နောက်တစ်ရက် မှ သိလိုက် တာက အဲဒီ ညက ကာလသားတွေ အပျော် ဆိုပြီး ရွာသချိုင်း က အပင် တစ်ပင် ရဲ့ အကိုင်းကို ချိုး ယူလာပြီး ဒီည ငါတို့ တလင်းသိမ်းပွဲ ရှိတယ် စားချင်တဲ့ သူ လိုက်ခဲ့ ဆိုပြီး ခေါ်ထား တာတဲ့လေ။ သူငယ်ချင်း ရွာက အပြန် လမ်းမှာ စိတ်ထဲ က နေပြီး ကိုဦးတစ်ယောက် အ မျှဝေတာ ရပြီး ကောင်းရာ ဘုံဘဝရောက်ပါစေ လို့ ဆုတောင်းပေးမိ လိုက်တယ်။

Credit:  သဘက် ဘီလူး အစရှိသော  ပေတလောကသားများ အကြောင်း
From...Search Myanmar

 

No comments:

Post a Comment