*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 18 August 2014

လောဘ တက်ကြပါ




တရုတ်ပြည် ရဲ့ထိပ်တန်းခေါင်း
ဆောင်ကြီး များထဲက တစ်ဦး အပါ အ၀င်ဖြစ်တဲ့“တိန့်ရှောင်ဖိန်” က “ကြီးပွား ချမ်းသာ တယ်ဆိုတာ မင်္ဂလာ တစ်ပါး ပါပဲ။ လူတိုင်းကြီးပွား ချမ်းသာကြ ရင်ကောင်းတယ်” လို့ပြောခဲ့ဖူး တယ်။ သူက တိုင်းပြည် တစ်ပြည် မှာကြီးပွား ချမ်းသာ တဲ့လူတွေ (သူဌေးတွေ) များလာ ရင်ကောင်းတယ်။ အဲဒီ တိုင်းပြည်ဟာ လည်း ကြီးပွား ချမ်းသာလာမှာ အမှန်ပဲတဲ့။

ကြီးပွား ချမ်းသာ ဖို့ဆိုတာ သမာသမတ်ကျတဲ့ ကြိုးစား အားထုတ်မှု များ ကနေမြစ်ဖျား ခံလာတာဖြစ် ပါတယ်။ နယ်ပယ် အသီးသီးမှာ ကြီးပွား ချမ်းသာချင်စိတ် ရှိတဲ့၊ အဲဒီ စိတ်မျိုးပေါ်ပေါက်လာအောင် စေ့ဆော် မှုတွေ ရှိတဲ့ အခြေအနေတွေ များလာခဲ့ရင် တိုးတက်မှု ရှိလာမှာသေချာပါတယ်။
 
ဒီနေရာမှာ ကဏ္ဍစုံဖြစ်တဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတွေမှာ အတော မသတ်နိုင် တဲ့လေ့လာ စူးစမ်းမှုတွေ၊ ကြိုးပမ်း အားထုတ်မှုတွေနဲ့ မဆုတ် မနစ်တဲ့ လုံ့လ၀ီရိယတွေ လိုအပ်ပါလိမ့် မယ်။
 
အဲဒီ ကဏ္ဍတွေမှာ ဘယ်လောက် ထိထိရောက်ရောက် လုပ်နိုင်သလဲ၊ အောင်မြင်မှု ရအောင်လုပ်နိုင်သလဲ ဆိုတာက အဲဒီ လူပုဂ္ဂိုလ်၊ အဲဒီ အဖွဲ့အစည်း၊ အဲဒီနိုင်ငံ ရဲ့ နိမ့်ကျမှု နဲ့မြင့်တက်မှု၊ သေးကျုံ့မှုနဲ့ ဆူဖြိုးမှုတွေ ကို အဆုံး အဖြတ်ပေးပါ လိမ့်မယ်။ 
 
အဲဒီတိုင်းပြည်၊ အဲဒီနိုင်ငံကလူတွေရဲ့ အတောမသတ်နိုင်တဲ့လေ့လာသင်ယူလိုစိတ်နဲ့ ကျားကုတ်ကျားခဲ လုပ်ကိုင်ဆောင်ရွက်လိုတဲ့စိတ်ဓာတ်တွေကအမှတ်ပေးပါလိမ့်မယ်။

ဒီနေရာမှာ သူတို့ဟာ သူတို့ တစ်တွေ လက်တွေ့ ကြုံဆုံနေရတဲ့ အခြေအနေ တစ်ရပ် အပေါ်မှာ  ရောင့်ရဲ တင်းတိမ် လို့နေတာမျိုး ကတော့ တိုးတက်ဖို့ထက် ဆုတ်ယုတ်ကျဆင်းမှု ကို ပိုမိုဖြစ်ပေါ်စေလိမ့်မယ်။ အတော မသတ်နိုင်တဲ့ လိုချင် တပ်မက် စိတ်တွေကို အကြောင်း အမျိုးမျိုးကြောင့် ချိုးနှိမ်နေရရင် အနုတ် လက္ခဏာဆီ ကိုရွေ့နေသလိုမျိုးဖြစ်နေပါလိမ့်မယ်။ ဒါဆိုရင် ဘာလုပ်ကြမလဲ၊ 
 
လိုအပ်ချက် အရဖြစ်ပေါ်လာ ခဲ့တဲ့ ကိစ္စတွေပေါ် မှာအောင်နိုင်သူ တစ်ယောက် အဖြစ်ရပ် တည်နိုင်အောင် ဘယ်လို လုပ်ကြမလဲ၊ ဘာတွေ လုပ်ကြမလဲ ဆိုတဲ့မေးခွန်း ဟာပေါ်ပေါက်လာမှာ ဓမ္မတာပါ။ ဒီတော့ အဖြေ က ရောင့်ရဲမှု ကင်းမဲ့စွာ နဲ့လုပ်ကြပါ ဆိုတာပဲဖြစ်ပါလိမ့်မယ်။ 
 
ဘယ် ကိစ္စမှာ မဆို ရောင့်ရဲမှု ကင်းမဲ့စွာ ကြိုးစားအားထုတ်နိုင် ပါမှ ရည်မှန်းချက် ဟာပေါက်ရောက် ပါလိမ့် မယ်။ရောင့်ရဲမှု ကင်းမ ဘာဖြစ်မလဲ ၊ရောင့်ရဲမှု ကင်းမဲ့လာပြီဆိုမှတော့ လောဘ တက်လာကြ ရမှာသေချာ ပါတယ်။ 
 
အဲဒီလောဘ ဟာ “မတော်လောဘ” လို့ခေါ်တဲ့ အများစုကြီး ကိုဘေးဒုက္ခ အန္တရာယ် ကြုံစေ မယ့်လောဘ မျိုး မဟုတ်ဘဲ မိမိ ရည်မှန်းရာကိစ္စရပ်အသီးသီးဟာ လူ့လောကကြီးအတွက်အကျိုးရှိအောင်မြင်စေမယ့် “စေတနာလောဘ” မျိုးဖြစ်နေရ ပါမယ်။ ဒါဆိုရင် ကိုယ့်ရဲ့လောဘ ဟာ ကောင်းတဲ့လောဘ အဖြစ် သတ် မှတ် ရင် ရပါလိမ့်မယ်။

ပညာခေတ် လို့ခေါ်တဲ့ ဒီခေတ်ကြီး မှာ ကမ္ဘာကြီး ကလည်း ပညာ ကမ္ဘာကြီးဖြစ်နေ ပါပြီ။ ကျယ်ပြန့် များပြား လှတဲ့ ပညာရပ် အသီးသီး ဟာ အံ့မခန်း တိုးတက်လို့နေပါတယ်။ အဲဒီ တိုးတက် ဖွံ့ဖြိုးလာတဲ့ ပညာတွေနဲ့ လူသား ကမ္ဘာကြီးကို ပိုမိုနေချင်စဖွယ် ကမ္ဘာကြီး အဖြစ်ဖန်တီးနေကြပါတယ်။
 
ဒီအချိန် မျိုးမှာ ကိုယ်က ကိုယ့်ပတ်ဝန်းကျင် က၊ ကိုယ့်နိုင်ငံက ပညာရေး ကိုယောင်နေတဲ့ အဆင့် မှာတင် ရောင့် ရဲ တင်းတိမ်နေကြရင် ဆက်လက်ပြီး ကျယ်ကျယ်ပြန့်ပြန့် တိုးတက်ဖွံ့ဖြိုးဖို့ မကြိုးစားရင် ပညာလောဘ မရှိရင် ဘာဖြစ်သွားမလဲ။ အဖြေက ရှိပြီးသားပါ။ ရိုးရိုးလေး စဉ်းစားရုံနဲ့ ရနိုင်ပါလိမ့်မယ်။

ပညာရေး မှာ အတော မသတ်လောဘ တက်နေနိုင် မှ ပညာရဲ့ အကျိုး သက်ရောက်မှု ကိုရရှိလာ ပါလိမ့် မယ်။ ပညာလောဘကြောင့် တစ်စုံ တစ်ရာမြင့်မားမှု ရှိလာတဲ့ စီးပွားရေး အနေအထား ကို အားလုံးပဲ မလွဲ မသွေ ခံစားထိတွေ့ လာရပါလိမ့်မယ်။ ဒါပေမဲ့ ရောက်ရှိနေတဲ့ မျဉ်းပေါ် မှာတင် ကျွန်တော်တို့ ရပ်နေလို့ မဖြစ်ပါဘူး။ သေသေချာချာ ကိုပဲ ရှေ့တစ်ဆင့် တက်နိုင်အောင် စီးပွားရေးလောဘ ရှိရပါလိမ့်မယ်။

စီးပွားရေးလောဘကြောင့် လူနေမှု အဆင့် အတန်းမြင့် လာတဲ့ တိုင်းပြည်၊ ကမ္ဘာနဲ့ ရင်ဘောင် တန်းနိုင်တဲ့တိုင်းပြည် တစ်ခု အဖြစ်တည်ဆောက်နိုင်ပါ လိမ့်မယ်။ ကျန်းမာပျော်ရွှင်ပြီး မျှော်လင့် ချက်တွေ ရှင်သန်နေတဲ့ တိုင်းသူပြည်သားတွေ ဘ၀ကို ရရှိနိုင်မှာ လည်းသေချာပါတယ်။ ဒီတော့ ကျွန်တော်တို့ ရဲ့လောဘတွေ ကိုသတ်ပစ် လိုက်ရမလား၊လောဘ မကြီးရတော့ဘူးလား။

သတိထားရမှာ က ရောက်နေတဲ့နေရာမှာ တင်ရပ်နေရင် ကိုယ်နဲ့ ရင်ဘောင်တန်းနေတဲ့ လူတွေက ရှေ့ ကိုရောက် သွားမှာဖြစ် သလို ကိုယ့်နောက်က လူတွေ ကလည်း ကိုယ့်ကို မီလာရုံ မက ကျော်တက် သွားကြ ပါလိမ့်မယ်။ ဒါဟာ မလွဲနိုင်တဲ့ တရားပါ။ ကြိုးစားပါ။ ကြိုးစားမှုလောဘ ကို မသတ်ကြပါနဲ့။ အရာတိုင်း ထောင့်တိုင်း မှာ လောဘ မသတ်နိုင် မှသာ ကျွန်တော်တို့ ရပ်တည်နိုင် မှာဖြစ်ပါတယ်။

ပညာရေး မှာလောဘ မသတ် ပါနဲ့။ စီးပွားရေး မှာ လောဘ မသတ်ပါနဲ့၊ စူးစမ်းလေ့လာမှု မှာလောဘ မသတ် ပါနဲ့၊ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး မှာ လောဘ မသတ် ပါနဲ့၊ကိုယ့်နိုင်ငံကာကွယ်ရေး အတွက်လော ဘ မသတ်ပါနဲ့။ 
 
တစ်နေရာရာ မှာရောင့်ရဲ တင်းတိမ် မှုနဲ့လောဘ သတ်နေလိုက်ရင် အဲဒီနေရာ ကစပြီး ကျဆင်း ပြိုပျက် သွားပါ လိမ့်မယ်။ ဒါကို စွဲစွဲမြဲမြဲ ယုံကြည်ပြီးလောဘ မသတ်ဘဲလောဘတက်ကြပါ လို့တိုက်တွန်းချင်တယ်။

ပညာရေးမှာ ကျည်ပွေ့ အတက်ပေါက်တဲ့ ဘ၀ကပဲ စရ စရ၊ လောဘ တက်ကြ ရင်ကောင်းပါတယ်။ စီးပွားရေး မှာ ဖွတ်ကျောပြာ စု အနေအထား ကိုပဲရောက်နေနေ ၊လောဘတက်ကြပါ။ ကျန်းမာရေးမှာ လျှာပွတ်ဆေး သုံးလေးလုံး နဲ့ ကျန်းမာရေးစောင့်ရှောက်နေရ ဦးတော့ ရှေ့မှာကောင်းဖို့ အတွက်လောဘတက်ကြပါ။ 
 
တဲပေါ်က လူတွေ တိုက်ပေါ်ရောက်ဖို့ (စင်ကာပူ မှာတော့ ရွံ့နွံ့အိုင်ထဲ ကနေ အထပ်ရှစ်ဆယ် အဆောက် အဦးပေါ်ရောက်ခဲ့ ပါပြီ) လောဘ တက်ကြပါ။ ကာကွယ်ရေးကို ၀ါးရင်းတုတ် ကိုင်ပြီးပဲ လုပ်နိုင် လုပ်နိုင် တိုက်ချင်းပစ် ဒုံးပေါ်ခွ ထိုင်နိုင်တဲ့ အထိလောဘတက်ကြပါ။

ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံ ချမ်းသာကြယ်ဝရေး အတွက် လောဘ တက်တာဟာ ငရဲကျမယ် မထင်ပါဘူး။ အားလုံးကောင်းဖို့ အတွက်လောဘ တက်နေရတာ မို့ လူသာဓုခေါ်၊ နတ်သာဓုခေါ်ရမယ့် ကိစ္စလို့မြင် ပါ တယ်။ ရှိတာလေး စား၊ ရှိတာလေး ၀တ်၊ ရှိတဲ့တဲကုတ်လေး မှာရောင့်ရဲ တင်းတိမ်မှု ရှိစွာ ဆန္ဒတွေကို ချုပ် တီးပြီးနေရတာ ကသာ လောကငရဲ ကိုကျနေတယ် လို့မြင်ပါတယ်။

အားလုံးကို တိုက်တွန်းချင် ပါတယ်။ ဘယ်သူမှ ဆန္ဒမှန်တွေ ကိုကျောခိုင်းပြီး အတင်း အဓမ္မရောင့်ရဲ မနေကြ ပါနဲ့။ ကောင်းတဲ့ ကိစ္စတွေ အတွက် တိုင်းပြည် အတွက်လောဘ တက်ကြပါ။ အဆုံးအစမဲ့ လောဘ တက်ကြ ပါလို့ တိုက်တွန်းချင် ပါတယ်။

Credit to: ထက်ကျော် ( HR Journal မှ )

*** ကောင်းတဲ့ ကိစ္စတွေ အတွက် တိုင်းပြည် အတွက်လောဘ တက်ကြပါ ***
 
 
KZ
From... နည်းစနစ်ကျကျ အတွေးအခေါ်
 

No comments:

Post a Comment