သံစဉ်လေးများနှင့် ဘဝ၏ မောပန်းနွမ်းနယ်မူ တစ်ချို့ကို အေးငြိမ်းချမ်းသာ နိုင်ကြပါစေ..
▼
ကမ္ဘာကို အာ၇ှမောင်းနှင်ချိန်..............
ကမ္ဘာကို အာရှမောင်းနှင်ချိန်
မကြာသေးမီ အချိန်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကမ္ဘာကို
မောင်းနှင်နေသော အာရှအမည်ရသည့် ဆွေးနွေးပွဲ တစ်ခုကို
နေးရှင်းမီဒီယာဂရု(ပ်)က ကြီးမှူးကျင်းပ ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင်
ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်ရှိပြီး တိုးတက်ဖွံ့ဖြိုးလာသော အာရှနိုင်ငံများ
အနေဖြင့် ကမ္ဘာကို ဦးဆောင်သည့် အခြေအနေ ရောက်ရှိလာနိုင်ခြေနှင့်
အာဆီယံနိုင်ငံများ၏ အခန်းကဏ္ဍနှင့်
ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပြောင်းလဲမှုများ အတွက်လည်း
အပြုသဘောဆောင်သော အမြင်များ ထားရှိခဲ့ကြပြီး အာဆီယံအဖွဲ့အတွင်း အရေးပါသော
ဦးဆောင်သူတစ်နိုင်ငံ ဖြစ်လာနိုင်ခြေ ရှိသည်ဟုလည်း သတ်မှတ်ခဲ့ကြသည်။
ကမ္ဘာ့လူဦးရေ ထက်ဝက်နီးပါးခန့် နေထိုင်သော တိုက်တစ်ခု ဖြစ်သည့်အပြင်
တရုတ်နှင့် အိန္ဒိယတို့၏ နိုးထမှုကြောင့် အာရှအနေဖြင့် ကမ္ဘာကို ဦးဆောင်သူ
ဖြစ်လာရန်မှာ ဖြစ်နိုင်ခြေ ရှိပါသည်။ ကမ္ဘာကို အာရှဦးဆောင်
လာနိုင်ပြီဆိုလျှင် အာရှတွင် တရုတ်နှင့် အိန္ဒိယအပြီး အကြီးဆုံး
ဖြစ်လာမည်မှာ အာဆီယံအဖွဲ့ ဖြစ်ပါသည်။ ထိုသို့ဖြစ်ပေါ်လာရန်အတွက်
အာဆီယံနိုင်ငံများ၏ ဥရောပသမဂ္ဂပုံစံမျိုး တစုတစည်းတည်းအဖြစ်
ပူးပေါင်းလုပ်ဆောင်မှုသည် အရေးပါပါသည်။ ယခုအာဆီယံသည် ဥရောပသမဂ္ဂပုံစံမျိုး
အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာရန် ကြိုးစားနေပါသည်။ သို့သော်
အာဆီယံနိုင်ငံများကြား အကျင့်ပျက်ခြစားမှုများ၊ ဒီမိုကရေစီစံနှုန်း
မပြည့်ဝမှုများ၊ ဘာသာရေး ကွဲပြားမှုများနှင့် အဖွဲ့အစည်းနှင့်
တိုးတက်ချင်စိတ်ထက် တစ်နိုင်ငံချင်း တိုးတက်လိုစိတ် များသည် အာဆီယံအဖွဲ့၏
ပူးပေါင်းလုပ်ဆောင်မှုအပေါ် များစွာအဟန့်အတား ဖြစ်စေနိုင်ပါသည်။
ယခုလက်ရှိ မြန်မာနိုင်ငံ အနေအထားဖြင့် မူပြောင်းလဲမှု မြန်ဆန်သော နိုင်ငံရေး
အခြေအနေများကြောင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများကြား ပြန်လည်
ရေပန်းစားလာခဲ့သည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုသည် လျင်မြန်စွာ
ဖြစ်ထွန်းလာနေသည့် အတွက် လက်ရှိတွင် အာဆီယံနိုင်ငံများကြား အလားအလာ
အကောင်းဆုံး တစ်နိုင်ငံ ဖြစ်လာနိုင်သည်ဟု အပြုသဘော သတ်မှတ်ထားခဲ့ကြပြီး
ဗီယက်နမ် နိုင်ငံဆိုလျှင် မြန်မာနိုင်ငံသည် ဗီယက်နမ်နိုင်ငံ အတွက်
နိုင်ငံရေးပြိုင်ဘက် ဖြစ်ကြောင်းနှင့် ဗီယက်နမ်နိုင်ငံ၏
တိုးတက်ဖွံ့ဖြိုးရေးအတွက် အတားအဆီးတစ်ခုပင် ဖြစ်လာနိုင်ကြောင်း
ထုတ်ဖော်ပြောဆိုခဲ့သည်။ အာဆီယံနိုင်ငံ များကြားတွင် မြန်မာနိုင်ငံ၏
အပြောင်းအလဲများနှင့် ပတ်သက်၍ ထိုကဲ့သို့ အပြုသဘောဆောင်သော အမြင်များနှင့်
အထင်ကြီးမှုများ ရှိနေသော်လည်း အမှန်တကယ်အားဖြင့် မြန်မာနိုင်ငံ၏
ပြောင်းလဲမှုများသည် အပြုသဘောဆောင်သည် ဆိုသော်လည်း ပြည်သူများကြားထဲထိ
ရောက်ရှိလာပြီး အားရစရာ ကောင်းလောက်အောင် လုံလောက်မှု မရှိသေးပါ။
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံဥက္ကဋ္ဌ ရာထူးကို ရယူတော့မည်
ဖြစ်သည်။ အာဆီယံကရော ကမ္ဘာကပါ အထင်ကြီး အာရုံစိုက်နေချိန် ဖြစ်သည်။
ယခုအချိန်သည် မြန်မာပြည် ပြန်နိုးထလာနိုင်ဖို့ အတွက် အကောင်းဆုံး
အခွင့်အရေးများ ရှိနေသည့် အချိန်အခါ ဖြစ်ပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့်
ယခုအချိန်ကောင်းကို လက်လွတ်မခံဘဲ အမိအရ အသုံးချကာ ကမ္ဘာ့အလယ်သို့
ဝံ့ကြွားစွာ ပြန်လည်ဝင်ရောက် နိုင်ရေးအတွက် စေတနာ မှန်ကန်စွာဖြင့်
တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက် ပေးကြပါရန် The Daily Eleven သတင်းစာက
တိုက်တွန်းရေးသား အပ်ပါသည်။
ဇူလိုင်လ ၂၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
No comments:
Post a Comment