*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday, 18 August 2013

သီချင်းငှက်နဲ့ဝေးသွားသောအခါ


သီချင်းငှက်နဲ့ဝေးသွားသောအခါ

                                                                                                           
ရန်ကုန်မြို့မှာ ဝဿန်မိုးက သည်းသည်းမည်းမည်း ရွာနေတယ်။ စနေမိုး ထင်ပါရဲ့။ စနေနေ့ ရုံးပိတ်ရက်လည်းဖြစ်၊ မိုးကလည်း စွေနေတော့ အသွားအလာ ရှင်းနေတယ်။ သတင်းသမားတွေလည်း တစ်ယောက်နဲ့ တစ်ယောက် မဆုံဖြစ်ကြဘူး။ နေ့လည်ပိုင်းမှာ သတင်းသမား ဇေယျာမြတ်ခိုင်က ပြောလာတယ်။ ကိုငှက် (ထူးအိမ်သင်) ဆုံးသွားပြီ။ စောစောလေးတင်ကပဲတဲ့။

ခုတလော ဘယ်သူတွေက ဘယ်လို စိတ်ကူးအကြံနဲ့ သတင်းမှာ ကောလာဟလတွေ ထုတ်လွှင့်နေကြသလဲ မသိဘူး။ အဆိုတော် ဘယ်သူ ဘယ်သူတော့ ဆုံးသွားပြီဆိုတာ တစ်ယောက်မကဘူး။ တော်တော်များတယ်။ ဈေးထဲမှာ ရပ်ကွက်ထဲမှာ ပျံ့နှံ့နေတယ်။ နိုင်ငံခြား ရောက်နေတဲ့ အဆိုတော် တစ်ယောက်တောင် ပါလိုက်သေးတယ်။ သတင်းသမား တစ်ယောက်အဖို့ သတင်းဆိုတာ ကြားတာ သတင်းမဟုတ်ဘူး။ မြင်တာမှ သတင်းမှန်တယ် ဆိုတာရှိတယ်။ သေချာတဲ့ သတင်းတစ်ပုဒ်အတွက် သတင်းဖြစ်ပေါ်ရာ ဒေသ၊ အခြေအနေ၊ ဖြစ်စဉ်တွေကို တိတိပပသိရအောင် ကိုယ်တိုင် (သို့မဟုတ်) ဆက်သွယ်မှု လိုင်းကြောင်းကနေ အတည်ပြု စုံစမ်းကြရတာ၊ ခုတော့ သတင်းသမား အချင်းချင်းပြောတာ။ ယုံကြည်လောက်တဲ့ သတင်းဖြစ်နေတော့ ရုတ်တရက် အံ့အားသင့်ပြီး စိတ်မကောင်း ဖြစ်ရတယ်။ တကယ်တော့ ကျွန်တော့် သတင်းသမား ဘဝတစ်လျှောက်မှာ မွေးနေ့ အမှတ်တရ ကွယ်လွန်ခြင်း အတွက် အမှတ်တရ မရေးခဲ့ဖူးပါဘူး။

ဒီတစ်ခါတော့ ကျွန်တော် လေးစားတဲ့၊ ခင်မင်တဲ့ မိတ်ဆွေ ကိုထူးအိမ်သင် အကြောင်း ကျွန်တော် ဆုံဖြစ်ခဲ့ဖူးတဲ့ သူ့အကြောင်း သတင်း တစ်ပုဒ်၊ စာတစ်ပုဒ် ရေးသားလိုပါတယ်။


ကိုထူးအိမ်သင်၊ ကျောင်းနာမည် (ကျော်မြင့်လွင်) ကို ဧရာဝတီတိုင်း မြို့တော် ပုသိမ်မှာ (၁.၇.၁၉၆၃) ရက်က မွေးဖွားခဲ့ပါတယ်။ အဘ ဦးထွန်းမြင့် (ကျန်းမာရေးအရာရှိ) နဲ့ အမိ ဒေါ်မြရင် (သူနာပြုဆရာမကြီး) တို့ရဲ့ သားသမီး (၆)ဦးအနက် သားကြီး သြရသ ဖြစ်ပါတယ်။ မွေးချင်း မောင်နှမတွေမှာ ထူးအိမ်သင် (ကျော်မြင့်လွင်)၊ မခင်မိုးရီ၊ ကိုဥာဏ်စိုး၊ မနွယ်နီခင်၊ မောင်အောင်မျိုးဟိန်း၊ မင်းဆုမွန် တို့ ဖြစ်ပါတယ်။ မူလတန်း ပညာကို ပုသိမ်မြို့ အမှတ် (၂၀) အ-မ-က မှာ စတင် ပညာသင်ကြားခဲ့ပြီး အ-ထ-က(၃) ကနေ အထက်တန်း အောင်မြင်ခဲ့ပြီး (၁၉၇၉-၈၀) ခုနှစ်မှာ ဧရာဝတီတိုင်း ဒေသကောလိပ် ပုသိမ်သို့ တက်ရောက်ခဲ့ပါတယ်။ (၁၉၈၁) ခုနှစ်မှာ မွန်ပြည်နယ် မော်လမြိုင်မြို့သို့ မိသားစုနဲ့ လိုက်ပါပြောင်းရွှေ့ခဲ့ပြီး မော်လမြိုင် တက္ကသိုလ်မှ ရုက္ခဗေဒဘာသာဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။ မော်လမြိုင် မြို့မှာ ဂီတဆရာ ဦးအောင်စိုး(KC,Francis) ထံမှ ဂီတပညာနဲ့ ဂီတသင်္ကေတ များကို စနစ်တကျ သင်ယူခဲ့ပါတယ်။ (၁၉၈၆) ခုနှစ်မှာ ပထမဆုံး တေးအယ်လ်ဘမ် (နာရီပေါ်မှ မျက်ရည်စက်များ) အမည်နဲ့ တေးသံသွင်းခဲ့ပြီး ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်တဲ့ တေးရေးသူ၊ တေးသံရှင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ပုသိမ်က ငယ်သူငယ်ချင်းတွေက သူ့ကို (ကိုဘဲဥ) လို့ခေါ်ပြီး၊ အရွယ်ရောက်ပြီး ကဗျာတွေ၊ သီချင်းတွေ ရေးတော့ (သျှပ်မှူးကျော်)တဲ့။ ဂီတလောက ရောက်တော့ (ကိုငှက်) လို့ ခေါ်ကြပါတယ်။ ကိုထူးအိမ်သင်ဟာ (၁၉၈၂) ခုနှစ်က (လင်းထက်) ကလောင်အမည်နဲ့ ရှုမဝ ရုပ်စုံမဂ္ဂဇင်းမှာ ဝထ္ထုတိုကို ပုံနှိပ်ဖော်ပြခြင်း ခံရတယ်။ အဲဒီအချိန်တုန်းက ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ် (၆)လမ်း၊ ဂျပ်ဆင်ရိပ်သာ အနီးက ကိုမောင်မောင်၊ မကြည်ကြည်ဝင်းတို့ရဲ့ ဘော်ဒါဆောင်မှာ ပုသိမ်သားတွေ စုပြီး အဆောင်ငှားနေကြတယ်။ အဲဒီမှာ ပုသိမ်ကောလိပ်မှာ တက်ခဲ့ဖူးတဲ့ ဆရာအောင်ဝေးနဲ့ ပြန်ဆုံတယ်။ မနက်စာကို ကိုယ့်ဘာသာကိုယ် ဦးချစ် လက်ဖက်ရည်ဆိုင်မှာ သောက်၊ ညနေစာကို ဟင်းတစ်မယ်ဖြစ်အောင် ပိုက်ဆံ စုပြီး ချက်စားကြရတယ်။ အသက်အကြီးဆုံး ဖြစ်တဲ့ ကိုအောင်ဝေးက ပင်တိုင် ထမင်း၊ ဟင်းချက်ရတယ်။ မနက်စာ တစ်နပ်ကတော့ ဖြစ်သလို ကြုံ သလိုပဲ အဆင်ပြေသလို စားလိုက်ကြတာပဲ။ မနက်စာ ငတ်တဲ့ ရက်လည်း မနည်းတော့ဘူး။ မအောင်မြင်သေးတဲ့ အနုပညာသမားဘဝတွေလေ။ မြန်မာတစ်ပြည်လုံးမှာ တစ်ဦးတည်း မြန်မာစာ ခရက်ဒစ်ထွက်ခဲ့တဲ့ ကဗျာဆရာ အောင်ဝေးဟာ တက္ကသိုလ်ဂုဏ်ထူးတန်း၊ မဟာတန်း တက်ရင်း ဂုဏ်ထူးတန်းက တပည့်လေးတွေ စာသင်ပေးရင်း သူတို့က တစ်ပတ်တစ်ခါ ဈေးဝင်ဝယ်လာပေးလို့ ဟင်းကောင်း ကျွေးကောင်း စားကြရတယ်။ နောက်ပိုင်း ကိုထူးအိမ်သင် ဖြစ်လာမယ့် (လင်းထက်) ကလည်း မော်လမြိုင် ပြန်သွားတယ်။ ဆရာအောင်ဝေးကလည်း မြောင်းမြမြို့ကို ပြန်သွားတယ်။ ဒီလိုနဲ့ လွမ်းစရာ စံရိပ်ငြိမ်၊ ဂျပ်ဆင်ရိပ်သာကို စွန့်ခွာခဲ့ကြတယ်။

(၁၉၈၆) ခုနှစ် တစ်နေ့မှာ ဟိုင်းလတ် ဘတ်စ်ကားပေါ် ပြေးတက်တော့မယ့် ထူးအိမ်သင်က သူ့သီချင်းခွေ သွင်းနေပြီ။ မကြာခင် ထွက်တော့မယ်ဆိုပြီး သီချင်းခေါင်းစဉ် အရှည်ကြီးကို ရွတ်ပြတယ်၊ (ဆရာ ငြိမ်းကျော် ဝထ္ထုတွေလို နာမည်အရှည်ကြီး) ပလက်ဖောင်းပေါ်က ကျန်နေတဲ့ ဆရာအောင်ဝေးက “မင်းရဲ့ ခေါင်းစဉ်ကြီးက ရှည်လွန်းတယ်ကွ။ (နာရီပေါ်မှ မျက်ရည်စက်များ) လို့ ပေးလိုက်ကွာ။ မှတ်မိလွယ်တာပေါ့” လို့ ပြောလိုက်တယ်။ ခွေထွက်တော့ အစ်ကို ချစ်ခင်တဲ့ ဆရာအောင်ဝေး ပြောတဲ့အတိုင်း ခေါင်းစဉ်တပ်ထားတာကို ဝမ်းသာစွာ တွေ့ရတယ်လို့ ဆရာအောင်ဝေးက မှတ်မှတ်ရရ ပြောပါတယ်။

ရန်ကုန်မြို့မှာ သောင်တင်ပြီး အမေနဲ့ ဝေးနေတဲ့ သားတစ်ယောက် ဘဝကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်နေရတာ ကြားတော့ မော်လမြိုင်ကို ပြန်ခေါ်တယ်။ အမေက “သား ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်ချင်တာလဲ” တဲ့။ “အမေ ကျွန်တော် အဆိုတော် ဖြစ်ချင်တယ်” ဆိုတော့ ရှိစုမဲ့စု ငွေနှစ်သောင်း ထုတ်ပေးလိုက်တယ်။ အဲဒီ ငွေနှစ်သောင်းကို ပိုက်ပြီး ဂီတလောကနဲ့လည်း အဆက်အသွယ်မရှိတော့ အဲဒီအချိန်က လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့ ACES တေးဂီတအဖွဲ့က ခေါင်းဆောင် (ဦးစိုးအောင်) ကို ၃၄လမ်း၊ စံပယ်ဦးတေးသံသွင်းနားမှာတွေ့တယ်။ အဖော်ပါလာတာက ကိုမြင့်မိုးအောင်။ “ကျွန်တော်တို့ မြန်မာသံစဉ် သီချင်းသွင်းချင်တယ်” လို့ တီးဝိုင်းသွားငှားတော့ ဘယ်လို မြန်မာသံစဉ်လဲ မင်းအောင်လို သံစဉ်လား။ ခိုင်ထူးလို သီချင်းသံစဉ်လား” လို့ မေးတယ်။ ဒီလိုလည်း မဟုတ်ဘူး ဆိုတော့ တီးဝိုင်းကလူတွေ တော်တော်စိတ်ညစ်သွားတယ်တဲ့။ တစ်ကယ် တီးခတ် သီဆိုတဲ့ အခါကျမှ သူတို့နဲ့ မတူဘဲ သီးခြား တစ်လိုင်းထွက်လာလို့ တီးဝိုင်းကလည်း ဝမ်းသာ အားပေးကြတယ်။ သီချင်းခွေ (မာစတာတိပ်) ကတော့ သွင်းပြီး သွားခဲ့ပေမယ့် တိပ်ခွေတွေ ထပ်ပွားဖို့၊ ကြော်ငြာဖို့၊ ကက်ဆက်ဘူး၊ ကာဗာအဖုံးရိုက်ဖို့ ဖြန့်ချီခတွေ မရှိတာနဲ့ ၆ လလောက် လက်ထဲ သောင်တင်နေခဲ့ဖူးတယ်။ သူ့ငွေငါးထောင် ထပ်ထုတ်ပြီး ကိုယ်တိုင် လိုက်လုပ်တော့မှ ချောချောမောမော သီချင်းခွေ ထွက်ခဲ့ပြီး တစ်ခွေတည်းနဲ့ အောင်မြင်ခဲ့ပါတယ် လို့ ဒုတိယသီချင်းခွေ (မှော်ဆရာအိပ်မက်) မထွက်ခင် (၁၉၈၇) ခုနှစ်မှာ ကျွန်တော် (ယခင်ဘားလမ်း) မဟာဗန္ဓုလပန်းခြံလမ်း (အထက်)က ပန်းနုလဝန်း တေးသံသွင်း အပေါ်ထပ်ခိုးလေးမှာ သွားရောက် တွေ့ဆုံ မေးမြန်းစဉ်က ကိုထူးအိမ်သင် ပြောပြခဲ့ဖူးပါတယ်။ သူ့ ပထမဆုံး ခွေသွင်းစဉ်တုန်းက ပုသိမ်၊မော်လမြိုင်၊ ပဲခူးက အပေါင်းအသင်း ရောင်းရင်းတွေက စက်ဘီးပေါင်၊ ဆွဲကြိုးပေါင်ပြီး ရန်ကုန် လိုက်အားပေး ကြတာ။ အသံသွင်းခန်းမထဲမှာ လူ ၃၀ လောက် သူ့ဘေးမှာ ဝိုင်းနေလို့ ဂီတာတီးတဲ့ ဇာလျမ်းက စိတ်ဆိုးပြီး အပြင်ထွက်သွားလို့ အပေါင်းအသင်းတွေကို အပြင်ထွက်ခိုင်းပြီး ကိုဇာလျမ်းကို ပြန်ချော့ရသေးသတဲ့။ မအောင်မြင်သေးခင် ဘဝတွေက စိတ်ဓာတ်ကျရင် တေးရေး သုခမိန်လှိုင်ရဲ့ “လူငယ်လေးတစ်ဦး” ဆိုတဲ့ သီချင်းကို ဂစ်တာနဲ့ ဆိုလေ့ရှိပါသတဲ့။

၁၉၉၂ ခုနှစ်က ရန်ကုန် အမျိုးအသားကဇာတ်ရုံမှာ ထူးအိမ်သင် မွေးနေ့ ၃၀မြောက် (ပုလဲရတု)ကို သူ့အမေ၊ ဂီတအပေါင်းအသင်း၊ တေးချစ်သူ ပရိသတ်များနဲ့ ရုံပြည့်ရုံလျှံ အောင်မြင်စွာ တင်ဆက်နိုင်ခဲ့ဖူးတယ်။ သူ့တေးချစ် ပရိသတ်တွေ ရင်မှာ ပီတိများနဲ့ တသသ အမှတ်ထင်ထင် ကျန်ရစ်ခဲ့ဖူးတယ်။ နောက်ပိုင်း နှစ် ၄၀ ပြည့် မွေးနေ့ပွဲကိုတော့ မလုပ်တော့ပါဘူး။ ၁၉၈၆ ခုနှစ်ကနေ (၁၄-၈-၂၀၀၄) နေ့အထိ ၁၈ နှစ်တာ ဂီတခရီးမှာ တေးအယ်လ်ဘမ် ၁၃ ခု ထွက်ရှိခဲ့ပါတယ်။ (နာရီပေါ်မှ မျက်ရည်စက်များ၊ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲ့များ၊ အကြင်နာအိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ကောင်းကင်၊ ထူးအိမ်သင် Unplugged Live၊ မြို့ပြလရောင်တမ်းချင်း၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ ဝင်ရိုးစွန်းမီး၊ အစိမ်းရောင်ရက်စွဲများ၊ တစ်နေ့စာ အလွဲများ) ဖြစ်ပါတယ်။

ပုသိမ် ဒေသကောလိပ်မှာ အတူတူ တက်ဖြစ်ခဲ့တဲ့၊ ကဗျာတွေ သီချင်းတွေ ရေးနေတဲ့ သူငယ်ချင်း မြင့်မိုးအောင် (ကိုဖြူဖွေး) ကို “စကားလုံး မရှိတဲ့ ကောင်းကင်” အခွေအတွက် ယုံကြည်စွာနဲ့ ရေးခိုင်းပြီး ရန်ကုန်မြို့ကို ခေါ်ယူခဲ့တယ်။ တေးရေးသူဖြစ်ဖို့ မရည်ရွယ်ခဲ့တဲ့ ကိုမြင့်မိုးအောင် တစ်ယောက် သူနဲ့တွဲရင်း တေးရေးသူ တစ်ယောက်အဖြစ် အောင်မြင်လာခဲ့တာလို့ ကိုမြင့်မိုးအောင်(ကိုဖြူဖွေး) က ပြောပြပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ် မန္တလေးမြို့မှ VEC ပညာ့ရိပ်သာမှာ (၁၀) တန်း အောင်တဲ့ လူငယ်တွေကို ဂုဏ်ပြု အခမ်းအနားလုပ်တော့ ရန်ကုန်က ထူးအိမ်သင်နဲ့ ဟေမာနေဝင်းတို့ နှစ်ယောက် သီဆိုဖို့ စီစဉ်ခဲ့တယ်။ ကိုထူးအိမ်သင်နဲ့ သူ့အမေကို သောကြနေ့ညနေ ရထားနဲ့ တင်ပေးလိုက်တယ်။ ဟေမာနေဝင်းက ပွဲကျင်းပမယ့် တနင်္ဂနွေနေ့မနက် လေယာဉ်နဲ့မှ လိုက်နိုင်မယ်ဆိုလို့ လက်မှတ်တစ်စောင် ၈၀၀ ကျပ်တန်ကို ၁၅၀၀ ပေးပြီး လိုက်ဝယ်တာ မရလို့ စူပါရုဖ်ကားနဲ့ မန္တလေးကို ၈၀၀၀ ကျပ်ပေးပြီး စနေည ၁၀ နာရီက ထွက်တဲ့အခါ မန္တလေးကို နောက်နေ့ တနင်္ဂနွေနေ့လည် ၁၂ နာရီမှ ရောက်တယ်။ အဲဒီလို ဟေမာနေဝင်း ရောက်မလာသေးချိန်မှာ ထူးအိမ်သင်ဟာ သီချင်းအပုဒ် ၃၀ ကျော်ကို Shell တီးဝိုင်းနဲ့ ဆိုရင်း စောင့်နေရဖူးတယ်။

ထူးအိမ်သင်ဟာ ဂီတကို အရူးအမူး မြတ်မြတ်နိုးနိုး ခင်တွယ်သူမို့ နိုင်ငံခြားက လာရောက် ဖျော်ဖြေ တင်ဆက်တဲ့ ပြင်သစ်၊ ဂျပန်၊ ဂျာမဏီ တီးဝိုင်းတွေရှိရင် စထရင်း၊ ဟိုတယ်နီကိုးလ်၊ အင်းလျားလိတ်၊ ဆီဒိုးနား ဟိုတယ်တွေမှာ နားထောင်လေ့ရှိပြီး ပညာဆည်းပူး တတ်သူ ဖြစ်တယ်။ ယိုးဒယား၊ သြစတြေးလျ၊ အမေရိကန် နိုင်ငံတွေကို ဂီတဖြေဖျော်ပွဲအတွက် ခရီးသွားခဲ့ဖူးပါတယ်။

သူဟာ ဟောလိုဂစ်တာ၊ လျှပ်စစ်ဂစ်တာ၊ လေမှုတ် တူရိယာ၊ ပကားရှင်းတွေကို စနစ်တကျ တီးခတ်နိုင်စွမ်း ရှိသူလည်း ဖြစ်ပါတယ်။ လိဒ်၊ ရစ်သမ်၊ ဘေ့စ် ဂစ်တာတွေကိုလည်း ကြုံသလို တီးတယ်။ သူ့ကို စင်မြင့်ဖျော်ဖြေပွဲအတွက် အခကြေးငွေ မြင့်မြင့်မားမား ပေးပေမယ့် ဆိုချင်မှဆိုပြီး တစ်ပြားတစ်ချပ်မှ မပေးရဘဲ သူကျေနပ်ရင်လည်း ကျေကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင် ပါဝင်သီဆိုလေ့ရှိတယ်။

စင်မြင့် ဂီတပွဲ အချို့မှာ သူ့နာမည် မကြော်ငြာထားပေမယ့် ဆိုချင်ရင် စိတ်ပါလက်ပါ ဆိုလေ့၇ှိတယ်။ သူဟာ အမေနဲ့ သမီးငယ်လေးကို အင်မတန် ချစ်သူပါ။ အမြဲတမ်း ဦးစားပေးလေ့ ရှိတယ်။ အမေကိုလည်း ဂုဏ်ပြု သီချင်း ရေးဆိုခဲ့ဖူးတယ်။ သူနဲ့ မောင်မောင် ဇော်လတ်တို့ ပေါင်းပြီး မဟာဝီရ အိုဗုဒ္ဓ ဆိုတဲ့ သီချင်းနဲ့ မဇ္ဇျိမပဋိပဋာ အလယ် အလတ် ကျင့်စဉ်လမ်း” ကို လူငယ်ထုကြားမှာ လမ်းပြပေးခဲ့တယ်။ ၂၀၀၅ ခုနှစ်အတွင်းမှာ မြန်မာ နဲ့ မလေးရှား၊ သြစတေးလျ၊ အင်္ဂလန်နိုင်ငံတွေမှာ ပြသမယ့် လူမင်းရဲ့ “ကျန်စစ်မင်း” ဇာတ်ကား ဇာတ်ဝင်သီချင်းနဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့ “အရိမဒ္ဒနပူရ၏ မဟာအောင်ပွဲ” ဇာတ်ကားမှာ ဇာတ်ဝင်ခန်း အဖြစ် မဟာဝီရ အိုဗုဒ္ဓ သီချင်းများ ပါဝင်တာမို့ အမှတ်တရ ဖြစ်စေဦးမှာပါ။

လင်းလက် တောက်ပနေဆဲမှာပဲ ကိုထူးအိမ်သင်ဟာ (၁၄.၈.၂၀၀၄) စနေ နေ့လယ် (၁၁း၄၀) နာရီအချိန်မှာ သုခကမ္ဘာ အထူးကုဆေးခန်းမှာ သူ့ချစ်တဲ့ မိသားစုနဲ့ တေးချစ်သူ ပရိသတ်ကို စွန့်ခွာသွားခဲ့ပါပြီ။ ကွယ်လွန်ချိန်မှာ ဇနီး မသွယ်သွယ်ထွေးနဲ့ သမီးငယ် မိကွန်ထော တို့ ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးခရီးကို မိသားစု၊ တေးချစ်ပရိသတ်၊ ဂီတ အသိုင်းအဝိုင်းမှ ဝမ်းနည်းကြေကွဲစွာ လိုက်ပါပို့ဆောင် ပေးခဲ့ကြပါတယ်။ ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ဂူသွင်း သင်္ဂြိုဟ်တာ ဖြစ်ပါတယ်။ သူမြတ်နိုးတဲ့ သီချင်းရဲ့ ဂီတ သင်္ကေတများကို ကျောက်ပြားထွင်းထုပြီး အုတ်ဂူမှာ တပ်ဆင် ထားမယ်လို့ သူ့မိသားစု၊ ဂီတမိတ်ဆွေ သူငယ်ချင်းများက ပြောပြ ပါတယ်။

သူအနှစ်သက်ဆုံး ကဗျာလေးကတော့

အိပ်မက်သည် သူ၊ သူသည် အိပ်မက်၊ အိပ်မက်သည် အသက်ဖြစ်စေ၊
ဆောင်းဦးလျှင် နှင်းကြွင်း၏၊ အချစ်ကြွင်းစေ၊ မြတ်နိုးခြင်း ကြွင်းစေ၊
မေတ္တာ ကြွင်းစေ၊ ချစ်ခြင်း အားဖြင့် …
                                       ထူးအိမ်သင်
တဲ့။


                                                                                    ကြွေလွင့်သွားတဲ့ ကိုထူးအိမ်သင်သို့ မှတ်မှတ်ရရ
                                                                                                          အောင်ကျည်စိုးမြင့် (ANA)


ကိုထူးအိမ်သင် ၇ဲ့ ဘ၀ ဖြတ်သန်းခဲ့သမျှ အမှတ်တ၇လေးဖြစ်လို့ ပြန်လည်မျှဝေတင်ပြပေးလိုက်ပါတယ်..

                                                                                   ကိုကျော်ကြီး

No comments:

Post a Comment