*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday, 25 April 2014

ခုံ ကလေး တစ်လုံး ရာဇ၀င်

ကျွန်တော် ငယ်ငယ်က အိမ်မှာ ထိုင်ခုံကလေး တစ်လုံး ရှိတယ်။ ကျောမှီ ပါ ကျွန်းသား ထိုင်ခုံလေးပါ။ စရွေး စွပ် နဲ့ လက်ရာကောင်းပြီး အရောင်တင်ဆီ ကို သေချာသုတ် ထားတဲ့ အစအနတွေ ကျန်နေသေး တယ်။ ပစ္စည်းကောင်း သုံးစွဲတဲ့ မျက်နှာကြီး အိမ်တစ်အိမ်က ဖြစ်မှာပေါ့။ 

 အရွယ်ရောက် အတော် အတန် သိတတ် တဲ့ အချိန်ရောက်တော့ သုံးပင်နှစ်ခန်း အိမ်လေးထဲက ဒီထိုင်ခုံ ဟာ လက်ထက်ပွား ပစ္စည်း မဟုတ်ဘူး ဆိုတာ ကျွန်တော် သဘောပေါက်တယ်။ ဒီတော့ ထိုင်ခုံလေးနဲ့ ပတ်သက်ပြီး အမေ့ ကို မေးမိပါတော့တယ်။ အမေ က ကျွန်တော့် အမေးကို ရယ်ရယ်မောမော နဲ့ ဖြေပါ တယ်။

  “ဟုတ်တယ်ကွဲ့။ အဲဒီ ထိုင်ခုံ သက်တမ်းက နှစ် ၄၀ လောက် ရှိပြီ။ နေဦး။ ဒီနှစ် က ဗမာလို ၁၃၃၈ မဟုတ် လား။ ဒါဆို ၃၈ နှစ် တင်းတင်းပြည့်ပြီပေါ့။ ဒီလိုကွယ့်။ မန္တလေးမှာ ၁၃၀၀ ပြည့်လောက် က ဖြစ် မယ်။ ကု လား-ဗမာ အဓိ ကရုဏ်း ဖြစ်ပါရောလား။ ရန်ကုန် မှာတော့ မြို့လယ်ခေါင်မှာ ရိုက်ကြနှက်ကြ တယ် ဆို လား”

အမေပြောတော့ ကျွန်တော် က ဖတ်ဖူး မှတ်ဖူး တာလေးတွေ ပြန်စဉ်းစား ရတာပေါ့။ ကမ္ဘာမှာ လည်း အင် အားချိန်ခွင်လျှာ က ပြောင်းစပြု။ အင်္ဂလိပ် တို့  အုပ်ချုပ်မှုက  မြန်မာပြည်တွင်းမှာ လည်း အစစအရာရာ ဖိနှိပ်ချုပ် ချယ်၊ အနိုင်ကျင့်မှုတွေ များပြားလာ။ ဒီတော့ လယ်သမားတွေ ကလည်း မကျေနပ်။ အလုပ် သမားတွေက လည်း မကျေနပ်။ ကျောင်းသားတွေ ကလည်း မကျေနပ်။ ဒီမကျေနပ် မှုတွေရဲ့ အင်အားတွေ က စုစည်းလာ တော့မယ်။ 

ဒါကြောင့် ဒီ အင်အားတွေ ကို ဖြိုခွဲ မှသာ အစိတ်စိတ် အမွှာမွှာ ဖြစ်ကုန်ပြီး အားလျော့ လာမယ်။ ဒီ ရည်ရွယ်ချက် နဲ့ အစိုးရက လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ဖန်တီးလိုက်တာပဲ။ မူလ အစမှာတော့ အထိ မခံနိုင်တဲ့ ဘာသာရေး ကိစ္စအားလုံး ဟာ လှည့်စားမှု အပေါ် ကောက်ကောက်ပါ လိုက်သွားကြသေး တယ်။ အယုံသွင်း ခံလိုက်ရတယ်။ ဒါပေမဲ့ အလှည့်စား ခံရသူတွေဟာ အဖိနှိပ်ခံတွေချည်း ဆိုတာ သဘော ပေါက်ပြီး အဓိက ပစ်မှတ်ကိုပဲ ပြန်ကာ ဦးလှည့် လိုက်ကြလို့ နာမည်ကျော် ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာပါ။ အမေက ဆက်ပြောတယ်။

“မန္တလေးမှာ က ပထမဆုံး ရက်တွေ မှာသာ ဘာမှန်းညာမှန်း မသိလို့ နှစ် ဘာသာ အငြိအစွန်းလေးတွေ ရှိ တာ။ နောက်ရက်တွေ မှာ ဒါဟာ ပြဿနာမဟုတ်ဘူး။ မင်းတုန်းမင်းကြီး လက်ထက် ကတည်းက အေး အတူပူ အမျှ နေ လာကြတဲ့ တစ်မြို့တည်း သားချင်း ကျုံးရေ အတူသောက်သူချင်း ရန်သူ မဟုတ်ဘူး ဆိုတာ သိလာ ကြတယ်။ 

မန္တလေးရဲ့ အဓိက အားထားရတဲ့ ရဟန်း သံဃာတော်တွေ ကလည်း နံနက်လင်း တာနဲ့ မြင်တွေ့ နေရတဲ့ မျက်နှာတွေ ချင်း အချင်း မများစေချင်ဘူး။ ဒါကြောင့် နှစ်ဖက် စလုံးက စိတ်ရိုင်း ၀င်နေသူတွေကို လည်း ထိန်းတယ်။ လူနည်း စုဖြစ်တဲ့ ဘာသာဝင်တွေ ရဲ့ ဘုရားကျောင်းတွေ၊ အိမ်တွေ၊ ဆိုင်တွေကိုလည်း သင်္ဃန်းကြီးတွေ တဖားဖားနဲ့ နေ့ည စောင့်ရှောက် ထားကြတယ်။

 ဈေးချိုကြီး နားက တိုက်တန်းဝင်း တို့၊ ဆင် ကျုံးဝင်း တို့၊ အပ်ချုပ်ဝင်း တို့၊ ရွှေတိုက်ဝင်း တို့၊ အိုးတော်ဝင်း တို့၊ ကေလာဝင်း တို့ ဆိုလည်း သံဃာတော်တွေ က စောင့်ရှောက်ထား တာပေါ့။

ကျွန်တော့် မျက်စိ ထဲမှာ မြင်ကွင်း တစ်ခု ပေါ်လာတယ်။ ၁၉၈၄ ဦးကျားကြီး ၀င်း မီးဘေး တုန်းကပါ။ မြို့ လယ်ခေါင်မှာ အကြီး အကျယ်လောင်တဲ့ မီးပါ။ မန္တလေးမြို့ရဲ့ ၀င်းတွေ၊ ၀င်းတွေ များ ကူးစက်လောင်ကျွမ်း လိုက်တဲ့ မီး က ဒေါသ တကြီးပါပဲ။ ဒီ မီးဘေးကြီး မှာ သင်းပိုင် တိုတိုဝတ်၊ ဧကသီ ကို ရင်စည်းပြီး မန္တလေးမြို့ ရဲ့ သံဃာတော်တွေ က အသက်စွန့်ကာ မီးငြှိမ်း သတ်ခဲ့ကြတာပါ။

 မြို့လယ်ခေါင်က ဘာသာခြား များ ရဲ့ဝင်း တွေ၊ အိမ်တွေ၊ ပစ္စည်းတွေ၊ ဈေးဆိုင်တွေ အများကြီး ကို သံဃာတော်တွေက မီးငြှိမ်း သတ်ခဲ့တယ်။ မီး ဘေးက ကင်းလွတ်အောင် ကာကွယ်ခဲ့တယ်။ မီးသင့် သမျှ လည်း အိမ်ပေါက် ၀က စောင့်ရှောက်ပေးခဲ့ကြ တယ်။ အဲဒီ အချိန်မှာ ဘယ် ဘာသာဝင် မို့ နာစေ၊ သာစေ ဆိုတာ မရှိခဲ့ဘူး။ 

အဓိက ရန်သူ မီးဘေး ကိုပဲ အသက်စွန့် ခုခံ တိုက်ခိုက်ခဲ့ကြတာပါ။ အမေပြောတဲ့ “ဘာသာရေး အဓိ ကရုဏ်း ကာလတုန်း က သံဃာ တော်တွေက ဗုဒ္ဓတရားတော် နဲ့အညီ လူသားဆိုတဲ့ အမြင်တစ်မျိုး တည်းနဲ့ မေတ္တာရှေ့ထား စောင့်ရှောက် ခဲ့တာ ဖြစ်မှာပေါ့” အမေက သူ့စကား ဆက်ပြန်တယ်။

 “အမေ ကလည်း အဲဒီ အချိန် ဈေးရောင်း ထွက်ရင်းနဲ့ တောင်ဘလူဝ ထဲ ရောက်နေတာလေ။ တစ်ဝင်း လုံးက အမေ့ဖောက်သည်တွေ။ အမေ့ ဆီက ဘာမှ အရော အနှောမပါတဲ့ ပဲဆီ စစ်စစ်ရတယ် ဆိုပြီး ဆွေ မျိုး လို ခင် ကြတာ။ ငါ့သား မှတ်မိဦးမှာပေါ့။ 

သီတင်းကျွတ် လဆန်း ၁၂ ရက် အိမ်တော်ရာ ဘုရားပွဲ ဆိုရင်လည်း အမေ့ အိမ်ကို မိသားစု လိုက်တွေ မြင်း လှည်းငှား လာကြတာ။ (ကျွန်တော် မှတ်မိပြီ။ ဒေါ်မရမ်ဘီ တို့ ဒေါ်အမီနာ တို့ မိသားစုတွေလေ လို့ ပြန်ပြောတယ်။)

 အေး ...ဟုတ်တယ်။ သူတို့ အစ်နေ့ရောက်ရင်လည်း အိမ်ကို ချိုင့် ကြီး ချိုင့်ငယ်နဲ့ ဒန်ပေါက်တွေ၊ အချိုမုန့်တွေ ပို့ပေးတာ။ အားလုံး စားနိုင်အောင်ဆိုပြီး ကြက်သားနဲ့ ကို တကူး တက ပို့ပေးကြတာ။ အဲလို ဆက်ဆံ ခဲ့ကြတာလေ။ အမေက အမီနာတို့ အိမ်ထဲရောက်နေတုန်း ဈေးချို ဘက် တလှုပ်လှုပ်ဖြစ်လို့ ဆိုပြီး အမေ့ကို ပြန် မလွှတ်ဘူး။ သူတို့အိမ် ထဲပဲ နေခိုင်းတာ”

လောလောဆယ်တော့ အမေပြောနေ တာက အိမ်မှာ ရှိတဲ့ထိုင်ခုံလေးအကြောင်း မပြောသေးဘူး။ ဇာတ် သဘောပြော ရရင် ပြည်တည်နေတဲ့ သဘော။ ကျွန်တော် ကတော့ အခါကြီး ရက်ကြီးတွေရောက်တိုင်း အိမ်က အစ်မတွေ နဲ့ ဒေါ်အမီနာ တို့နဲ့ မန္တလေးတောင် သွားကြတာ။ တောင်သမန်ကျောက်တော်ကြီး သွား ကြတာ။ အင်းဝမယ်နု အုတ်ကျောင်း သွားကြတာ မြင်ယောင်နေမိတယ်။ 

တစ်ခါ ကများ မင်းကွန်း သွားကြ တော့ ဟိုမှာ နားမယ်။ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ် ဖို့တဲ့။ ဒေါ်အမီနာ တို့က ဆိတ်သားဟင်း နဲ့ထမင်းတွေ ချက်လာတာ။ ကျွန်တော်တို့ ကလည်း သူတို့ အိမ်ကို မြို့ထဲ လမ်းကြုံ ရင် ၀င်နေကျ။ မလိုင် ကူလ်ဖီ ကို ၀ယ် ကျွေးခိုင်းနေကျ”

အဲဒီနေ့ က အမေလည်း ဘာမှန်း ညာမှန်းမသိဘဲ သူတို့ အိမ်မှာ တစ်နေကုန် နေဖြစ်တယ်။ အဲလိုနေရင်းနဲ့ မအမီနာ့ သမီး စက်ပန်းထိုးနေတဲ့ စင်းကား အပ်ချုပ်စက် နဲ့ တွဲရက် ထိုင်ခုံလေးကိုမြင်တော့ အိမ်မှာ နင့် အစ် မကြီး စက်ချုပ်ခုံ မှာလည်း အခုလို တောင့်တောင့် တင်းတင်း ခုံလေး တစ်လုံးရှာပြီး ၀ယ်ပေး ရဦးမယ် လို့ တွေး မိရင်း ဒီခုံလေး ဘယ်မှာ ၀ယ်ရတာလဲ လို့ မေးတာပေါ့။

ဟုတ်တယ်။ ကျွန်တော့် အစ်မအကြီး ဆုံးကလည်း အိမ်မှာ စက်ပန်းထိုးတယ်။ ဈေးချုပ်ဘော်လီ ဇာတွေထိုး တာပါ။ ဒီ အလုပ်တွေကိုလည်း ဒေါ်အမီနာတို့ က စပ်ပေးတာ။ ဒီလို လည်း လုပ်ငန်း သဘော ဆက်စပ်ကြ တယ်။

အမေလည်းပြောရော။ မအမီနာ့ယောက်ျား ကိုကာစင် ကလေ “ကြီးဒေါ်ချောကို ဘာ လက်ဆောင်ပေးရ မလဲ စဉ်းစားနေတာကြာပြီ။ အစ က အိန္ဒိယက လာတဲ့ ငွေချည် ပုဝါလေး ပဲ ပေးရမလား။ ဘုရား သွား ကျောင်း တက် ခြုံရတာပေါ့ လို့ စဉ်းစား မိသေးတယ်။ ဒါပေမဲ့ ကြီးဒေါ်ချော ညီမ အမီနာက ပုဝါက လိမ္မော် ရောင်တောက်တောက် ဖြစ်နေတော့ အဆင်မပြေဘူးလို့ ပြောတယ်။ 

အခု ကြီးဒေါ်ချော ကို ဒီ ခုံလေးလက် ဆောင်ပေးပါရစေ။ အသစ်လေးပါ။ အရှေ့ဖက် တိုက်တန်း ခေတ် ဆန်းမီ ပရိဘောဂ တိုက်က ၀ယ်ထား တာ တစ်ပတ်ပဲ ရှိသေးတယ် လို့ပြောပြီး လက်ဆောင်ပေးလိုက်တာ။
နောက်ထပ် အမေထပ်ပြောတာ တစ်ခုက မှတ်မှတ်ရရ။

အမေ တောင်ဘလူဝင်း က ဈေးဗန်း နဲ့ ခုံလေး ရွက်ပြီး ပြန်လာတော့ တောင်ဘလူဝင်း က ဘာသာခြားတွေ ကို စောင့်ရှောက်ပေးနေ တဲ့ ရဟန်းပျိုလေး က သူ့ကျောင်းတိုက် ရှိတဲ့ စကုတိုက် ကိုပြန် ရင်း ခုံလေး ကို ကူ သယ်ပေးသတဲ့။

 Written by  ဆူးငှက်
Mizzima
From...Search Myanmar

No comments:

Post a Comment