*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 25 February 2014

ကျွန်ုပ် သက်ဝင် ယုံကြည်သော ဗုဒ္ဓ ၀ါဒ ၏ အခြေခံ မူများ



512x512_20140224_062116_217.jpg

(၁) ကျွန်ုပ် သက်ဝင်ယုံကြည်သော ဗုဒ္ဓ၀ါဒသည် လူသား တစ်ဦးချင်းစီ ၏ ပကတိထူးခြားမှု ကို အသိ အမှတ်ပြုလေးစားသည်။ သစ္စာ အလင်းရောင် သည် ဓမ္မစာပေ ကျမ်းဂန်းများ ဘာသာရေးဂိုဏ်းဂဏ အစုအမက် များ ၏ ပြင်ပ၌ တည်ရှိ သည်ဟု လက်ခံသည်။ တစ်ပြိုင်တည်းမှာ ဓမ္မ စာပေကျမ်းဂန်များ ဘာသာရေးဂိုဏ်း ဂဏ အစုအမက် များ ၏ အသုံးချ တန်ဖိုး ရှိမှု ကို လည်း လက်ခံသည်။ 

သို့သော်လည်း သစ္စာအလင်းရောင်သည် လူသားတစ်ဦးချင်းစီ၏ ဟာဒယနှလုံးအိမ် အတွင်း ၌သာ ထွန်းလင်း တောက်ပနိုင်သည် ဟု မြင်ပါသည်။


(၂) ကျွန်ုပ် သက်ဝင်ယုံကြည်သောဗုဒ္ဓ၀ါဒ သည် နှစ်ပေါင်း ၂၆၀၀ သမိုင်းကာလ အတွင်း ပထ၀ီဒေသ အသီးသီး၌ ပေါ်ထွန်း ခဲ့သော ကောင်းမြတ်သော ဗုဒ္ဓဓမ္မ၏ ဖြစ်ထွန်းတိုးတက်မှု မှန်သမျှ ကို အလေး အနက် အသိအမှတ်ပြုပါသည်။ ပန်းပေါင်း ဝေဆာ ပွင့်ဖူးနေသော ဗုဒ္ဓဓမ္မ ဥယျာဉ်တော်ကြီး အတွင်း မှ ထေရ၀ါဒ မဟာယာန ၀ဇိရာယာန န၀ယာန စသည့် ပိဋကတ် ဋီကာ အဋ္ဌကထာ သျှတ္တရ များနှင့် အနက်ဖွင့်မှုပေါင်းစုံ တို့၏ အသုံးချတန်ဖိုး ရှိမှု ကို လည်း လက်ခံသည်။ 

လူသား တစ်ဦးချင်းစီ ၏ ပကတိထူးခြားမှု ကို အသိအမှတ်ပြုလေးစား သောကြောင့် လူသားတိုင်း မိမိဘ၀နေ ဟန်   နှင့် လျှော် ညီ သော ဓမ္မကို ရွေးချယ်ကျင့်သုံးနိုင်မှု ကိုလည်း အခိုင်အမာယုံကြည် ပါသည်။

(၃) ကျွန်ုပ် သက်ဝင်ယုံကြည်သော ဗုဒ္ဓ၀ါဒသည် အဓိသီလ အဓိစိတ္တ အဓိပညာ တည်းဟူသော သိက္ခာ (၃) ပါး အားဖြင့် လူသား၏ လွတ်မြောက်မှု နှင့် အဇ္ဈတ္တငြိမ်းအေးမှု ကို မျက်မှောက်ပြုနိုင် သည် ဟု ယုံကြည်သည်။ 

အဆိုပါ သိက္ခာ (၃)ပါး ဆောက်တည်မှု ကို အခြေခံ သော အခြားသော ဂမ္ဘီရ ဓမ္မလမ်းစဉ်များ တည်ရှိမှု ကို လည်း အသိအမှတ်ပြုသလို အခြား သော ဂမ္ဘီရဓမ္မလမ်းစဉ်များ နှင့် နိုင်းယှဉ်လေ့လာမှု ၏ အကျိုး တရားကို လည်း ယုံကြည်သည်။ အခြားသော ဂမ္ဘီရဓမ္မ လမ်းစဉ်များ မှ သစ္စာအလင်းဆောင်ပုဂ္ဂိုလ်များ ကို လည်း အလေးအမြတ်ပြု ပါသည်။

(၄) ကျွန်ုပ် သက်ဝင်ယုံကြည်သော ဗုဒ္ဓ ၀ါဒသည် အတိတ်အဓွန့်ကာလ နှင့် အနာဂတ်ကာလ တို့ ကို မပယ်သော် လည်း ပစ္စုပ္ပန် လူသားဘ၀၏ အရေးပါမှု ကို စူးစိုက်သည်။ လူသား ဘ၀၀န်းကျင် နှင့် လူ့ဘောင် အဖွဲ့အစည်း၏ အကျိုးစီးပွား ကို အလေးထားရှုမြင်သည်။ပစ္စုပ္ပန် လူသားဘ၀ ၏ သန့်စင်ကောင်းမြတ် မှု ကို ဂရုပြုဦးတည်ချက်ထားသည်။ လူသား၏ ဆင်ခြင်တုံတရား ယုတ္တိဗေဒ ပညာ ဒဿနပညာ များ၏ အတိုင်းအတာ ကို လွန်၍ အတိတ် နှင့် အနာဂတ်တို့ ကို အလွန်အကျွံ မှီခိုနေလွန်းခြင်း ကိုမူ အားမပေးပါ။

(၅) ကျွန်ုပ် သက်ဝင်ယုံကြည်သော ဗုဒ္ဓ၀ါဒသည် တရားသေ ၀ါဒ မျက်ကန်းယုံ ၀ါဒ တစ်ဖက်စွန်း ၀ါဒ ဟူသမျှ ကို ဆန့်ကျင် သည်။ လူသား ၏ ပကတိ ဆင်ခြင်တုံတရား ယုတ္တိဗေဒပညာ ဒဿနပညာ များ နှင့် လက်တွေ့ ကျင့်ကြံအားထုတ်မှု ဘာဝနာ လုပ်ငန်း တို့ ကို ဟန်ချက် ညီညီ တည်ဆောက် ရန် ကို အားပေးသည်။ 

 ပိုင်းခြား စိတ်ဖြာဝေဖန်သုံးသပ်မှု နှင့် ထိုးထွင်းသိမြင်မှု တို့၏ ပေါင်းစည်းနိုင်မှု ကို ယုံကြည်သည်။ ထို့ကြောင့် အတွေးသညာဟူသမျှ ပစ်ပယ်သည့် တုဏှိဘောဓမ္မ ကို လက်မခံပါ။ ဆင်ခြင်တုံတရား ယုတ္တိဗေဒပညာ ဒဿနပညာ များ၏ အသုံးဝင်မှုတန်ဖိုး ကို အသိအမှတ် ပြုသော်လည်း အမြင့်ဆုံး ဓမ္မသစ္စာဥာဏ်ပညာ သည် ဆင်ခြင်တုံတရား ယုတ္တိဗေဒပညာ ဒဿနပညာများ၏ အကန့် အသတ် ကို ကျော်လွန်နေသည်ဟုလည်း ရှုမြင်ပါသည်။

(၆) ကျွန်ုပ် သက်ဝင်ယုံကြည်သော ဗုဒ္ဓ၀ါဒသည် သမ္မုတိသစ္စာ (အစုအပေါင်းလောက) နှင့် ပရမတ္ထ သစ္စာ (အစိတ်အပိုင်း လောက) နှစ်ရပ်စလုံး ၏ နိုင်းရ အရှိတရား ကို လက်ခံသည်။ ယင်းလောက သစ္စာတရား နှစ်ရပ်စလုံး၏ တူညီသော တန်ဖိုးကို အလေးအနက် လက်ခံသည်။ 

ထို လောက-သစ္စာ နှစ်ရပ်စလုံး ၏ လူသားအတွက် အသုံးဝင်မှု နှင့် ၎င်းတို့ အပေါ် မစွဲလမ်းမတွယ် တာမှု=အရိယသစ္စာ ကိုလည်း လက်ခံသည်။

(၇) ကျွန်ုပ် သက်ဝင်ယုံကြည်သော ဗုဒ္ဓ၀ါဒသည် မျက်မှောက်ခေတ် သိပ္ပံပညာ (အထူးသဖြင့် ရူပဗေ ဒ နှင့် စိတ္တဗေဒ) ၏ ဖြစ်ထွန်းတိုးတက်မှု များနှင့် နှိုင်းယှဉ်လေ့လာမှု ကို အားပေးသည်။ သို့သော်လည်း ဘာသာရေး နှင့် သိပ္ပံပညာ တို့ ၏ လေ့လာ ပုံနည်းစံနစ် နှင့် ဦးတည်ချက် များ လုံးဝ ကွာခြားနေမှု ကိုလည်း အသိရောက်သည်။ ဘာသာရေး ကို သိပ္ပံပညာ ဖြင့် မတိုင်းတာ မဆုံးဖြတ်သင့်သလို သိပ္ပံပညာ ကို လည်း ဘာသာရေးအမြင်ဖြင့် ကောက်ချက်မချသင့် တန်ဖိုးမဖြတ် သင့် ကြောင်း ယုံကြည်ပါသည်။

(၈) ကျွန်ုပ် သက်ဝင်ယုံကြည်သော ဗုဒ္ဓ၀ါဒသည် အာဏာရှင်နိုင်ငံရေး ဟူသမျှကို ဆန့်ကျင်ရပ်တည် သည်။ နိုင်ငံရေးအာဏာ နှင့် ဘာသာရေး အဖွဲ့အစည်းများ ထွေးရောယှက်တင် ဖြစ်ခြင်း ကို ရှုတ်ချသည်။ လူသားတို့၏ အခြေခံ ဘာသာရေး လွတ်လပ်ခွင့် (လွတ်လပ်စွာ ကိုးကွယ် ယုံကြည် ခွင့်) ကို လေးနက်စွာ ထောက်ခံသည်။ 

 နိုင်ငံရေးအာဏာ အမာ ကို အသုံးပြု၍ အခြေခံ ဘာသာရေး လွတ်လပ်ခွင့် အပေါ် ဖိနှိပ်မှု မှန်သမျှ ကို ရှုတ်ချပါသည်။ ဘာသာရေးအလံ လွှင့်ထူ၍ လူသား အချင်းချင်း တိုက်ခိုက်သတ်ဖြတ်မှု နှင့် မတရား ကျင့်သုံးမှု မှန်သမျှ ကို ရှုတ်ချပါသည်။

(၉) ကျွန်ုပ် သက်ဝင်ယုံကြည်သော ဗုဒ္ဓ၀ါဒသည် လောက၏ တရားမျှတမှု ညီညွတ်မှု ချစ်ကြည်မှု လွတ်လပ်မှု စသော လောက ပါလတရားများ ဖြစ်ထွန်းပေါ်ပေါက် ရေး အတွက် ဖြောင့်မတ်သော လူသားတို့၏ အကြမ်းမဖက် ငြိမ်းချမ်းသော ရုန်းကန်မှုများ ကို တန်ဖိုးထား လေးစား သည်။ 

မိမိ တို့၏ ကာယကံ ၀စီကံ မနောကံ အားဖြင့် ပါဝင်မှု ကို အားပေး ချီးမြောက်သည်။ တရားမျှတမှု ညီညွတ်မှု ချစ်ကြည်မှု လွတ်လပ်မှု စသော လောကပါလတရားများ ဖြစ်ထွန်းပေါ်ပေါက် ရေးအတွက် အတိတ်ကံ အကြောင်းတရား နှင့် သဘာဝလွန်အကြောင်းတရားများအပေါ် ပုံချခြင်း ကို ဆန့်ကျင် ပါသည်။

(၁၀) ကျွန်ုပ် သက်ဝင်ယုံကြည်သော ဗုဒ္ဓ၀ါဒသည် သဘာဝတ္ထ သြကာသလောက ၏ ကြီးမြတ်မှု ကို အလေးအမြတ်ပြုသည်။ လူသား၏ ၀ိသမလောဘ အားဖြင့် သဘာဝပတ်ဝန်းကျင် ၏ စွမ်းအင်အရင်းအမြစ်များ ကို အဆင်ခြင်မဲ့ ထုတ်ယူသုံးစွဲမှု ကို ဆန့်ကျင်ပါသည်။ လူသား သည် ဇီဝလောကကြီး တစ်ခု လုံး၏ အစိတ်အပိုင်း တစ်ရပ်ဟူ၍သာ ရှုမြင်ပြီး ဇီဝ လောက ကြီး ၏ ဟန်ချက်ညီမှု ကို မိမိ ပယောဂ ကြောင့် မပျက်စီးစေရန် လူသားတွင် တာဝန်ရှိသည်ဟု ယုံကြည်သည်။
 
(၁၁) ကျွန်ုပ်သက်ဝင်ယုံကြည်သောဗုဒ္ဓ၀ါဒသည် လူမျိုး အသားအရောင် ဘာသာရေးယုံကြည်မှု ကို အခြေခံသည် ခွဲခြား ဆက်ဆံ မှု မှန်သမျှ ကို ဆန့်ကျင်သည်။ ဘာသာရေးကို အမျိုးသားရေးဝါဒ အိုင်ဒီယိုလိုဂျီ တစ်ခုခု ၏ အောက်၌ နိုင်ငံရေး ဇာတ်အသွင်းခံ ရမှု ကို စက်ဆုပ်ဖွယ်ကိစ္စ အဖြစ် ရှုမြင်သည်။ 

 လူ့ဘောင်လောက တစ်ခု လုံး၏ တစ်စိတ် တစ်ဝမ်း တစ်ကမ္ဘာ အဖြစ် ကို သမိုင်း၏ ဖြစ်သင့်သော ပန်းတိုင် အဖြစ် လက်ခံ သလို သီခြား ယဉ်ကျေးမှုများ ၏ ဗဟုသဘော ဆောင်၍ ငြိမ်းချမ်းစွာ အပြိုင် ရပ်တည်နေမှု ကို လည်း ထောက်ခံသည်။လူသားဝါဒတန်ဖိုးများ ကို အခြေခံသော ပရဟိတစိတ် နှင့် ပရဟိတလုပ်ငန်းများ၏ မွန်မြတ်မှု ကို အလေးအမြတ်ပြုသည်။

(၁၂) ကျွန်ုပ် သက်ဝင်ယုံကြည်သော ဗုဒ္ဓ၀ါဒသည် နိဗ္ဗာန် နှင့် သံသရာ=လောကီ နှင့် လောကုတ္တရာ တို့၏ နှစ်ခုမပြား တစ်သားတည်း ဖြစ်မှု ကို ယုံကြည်သည်။ လောကီ နှင့် လောကုတ္တရာ တို့၏ တစ် ဆက်တည်း တစ်ဖြတ်တည်း တစ်စပ်တည်းသော သဘော ကို ယုံကြည်သော ကြောင့် ပကတိအနှစ် သာရအားဖြင့် မကောင်းသော ဆိုးညစ်သော အရာဟူ၍ မရှိဟု အလေးအနက် ခံယူသည်။

 လောကီ တရားများ ဖြစ်သော လူမှုဘ၀ ကို ဖန်တီးချယ်လှယ်နေသော အလင်းအမှောင် စိတ်စေ တသိက် များ နှင့် အနုပညာ ဖန်တီးမှုများ ကို ပကတိအနှစ်သာရအားဖြင့် မကောင်းသော ဆိုးညစ်သော အရာများဟု မယူဆပဲ လူသား၏ အမြင့်ဆုံးသော ပန်းတိုင်ဖြစ်သည့် လွတ်မြောက်ခြင်း ငြိမ်းချမ်းခြင်း နှင့် မေတ္တာတရား တို့နှင့် အလျှော်ဖြစ်စေ နိုင်ရမည်ဟု လက်ခံပါသည်  ။။

ဖတ်သင့်တဲ့ ပို့စ်လေး မို့ အားလုံးကို ပြန်မျှဝေပေးလိုက် ပါတယ် ။ 
 ရေးသူ – အောင်ကျော်မိုး

From...Search Myanmar

No comments:

Post a Comment