*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 29 April 2014

အိုဘားမားနှင့် တွေ့ဆုံခဲ့တဲ့ မြန်မာလူငယ်တွေ ဘာတွေပြောကြ သလဲ

 

ပုံစာ- အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည့် မြန်မာလူငယ် အချို့။ (ဓာတ်ပုံ- မမေဖြိုးဖြိုးအောင်ဖေ့စ်ဘုတ်)

28 April 2014

 ရန်ကုန်၊ မဇ္ဈိမ။ ။ အမေရိကန်သမ္မတ အိုဘားမားသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Town Hall Meeting ၌ ဧပြီ ၂၇ ရက်၊ ဒေသ စံတော်ချိန် ညနေ ၄နာရီ မှ စပြီး အာဆီယံ လူငယ် များနှင့် နှစ်နာရီ ခန့် တွေ့ဆုံခဲ့ ရာတွင် မြန်မာလူငယ် ၁၀ဦးလည်း ပါဝင်သည်။

တွေ့ဆုံပွဲတွင် သမ္မတ အိုဘားမားက အွန်လိုင်း တွင် ကြိုတင် မေးမြန်း ခွင့် ပြုထားသည့် မေးခွန်းများ ထဲမှ ၂ ခုနှင့် တက်ရောက် လာသူ များ ထဲမှ လူငယ် ၆ ဦး ကို ရွေးချယ်၍ သဘောထား ပြန်ကြားခဲ့သည်။




ယင်းတွင် မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက် ခဲ့သည့် ကိုစောထက်ခန့် ၏ အွန်လိုင်း မှ မေးခွန်း တစ်ခု လည်းပါဝင် ခဲ့သည်။ တွေ့ဆုံ ပွဲသို့ အာဆီယံ ၁၀ နိုင်ငံ မှ ရွေးချယ် ထားသည့် လူငယ် ၁၀၃ ဦးခန့် အပါ အ၀င် မလေးရှားကျောင်းသား လူငယ်များ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခွင့် ရခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက် ခဲ့သည့် မလေးရှားနိုင်ငံ ကွာလာလမ်ပူရောက် မြန်မာ လူငယ် ၁၀ ဦးထဲမှ အချို့နှင့် မဇ္ဈိမက ဆက်သွယ်မေးမြန်း ခဲ့ပြီး ယင်းတို့၏ သဘောထားမှတ်ချက် အချို့နှင့် မြန်မာ လူငယ်တစ်ဦး ၏ မေးခွန်း အပေါ် သမ္မတ အိုဘားမား ပြန်လည် ဖြေကြားခဲ့သည်ထဲမှ အချို့ ကို ကောက်နှုတ်ဖော်ပြ လိုက်ပါသည်။

ကိုသက်ဆွေဝင်း (ဒါရိုက်တာ၊ လူငယ်နှင့် လူမှု သဟဇာတဖြစ်ရေး စင်တာ)

“အမေရိကန် သမ္မတနဲ့ တွေ့ဆုံခွင့် ကို အာဆီယံ လူငယ်တွေ အကောင်းဆုံး အသုံး မချနိုင်ခဲ့ပါဘူး။ အဖိုးတန် အခွင့်အရေး ဆုံးရှုံးခဲ့ ရတယ်။ မေးခွင့် ရတဲ့သူတွေက ပုဂ္ဂိုလ်ရေး ဆိုင်ရာ မေးခွန်း အများစု ပဲ မေး ခဲ့ကြတယ်။ 


 အာဆီယံဒေသတွင်း က သန်းပေါင်း များစွာသော ပြည်သူတွေကို ကိုယ်စားပြု တဲ့ မေးခွန်း မျိုး မပါဘူး ၊ နောက်ဆုံးမေး တဲ့ ထိုင်းက လူငယ် က ခင်ဗျားနောင်တရဖူးလား လို့မေးတော့၊ အိုဘားမား က ခင်ဗျား ကို မေးခွင့်ပြု ခဲ့တာကို နောင်တ အရဆုံးပဲ လို့စပြောတယ်၊ ပြီးမှ နောက်တာပါ ဆိုပြီးပြောတယ်”
ကိုမင်းကိုကို (နတ်မောက်စင်တာ)

အိုဘားမားပြော သွားတဲ့ မိန့်ခွန်းတွေမှာရော နောက်ပြီးတော့ သူပြော သွားတဲ့ အဖြေတွေထဲမှာရော အားလုံး မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ကို အရမ်းကို ဦးစားပေးပြီးတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက်လည်း အာဆီယံ ရဲ့ ဖွံ့ဖြိုး တိုးတက်ရေးထဲ မှာ ပါဝင်တယ်ပေါ့။ မြန်မာနိုင်ငံမှာ အခုလောလော ဆယ် ပြုပြင်ပြောင်း လဲ မှုတွေကလည်း တိုးတက် မှုတွေရှိတယ်။ အဲတော့ မြန်မာနိုင်ငံ ကို အတုယူရမယ် ဆိုတာမျိုးလည်း ထည့်ပြော သွားပါတယ်။


 နောက် အာဆီယံနိုင်ငံမှာ ရှိတဲ့ လူငယ်တွေ အနေနဲ့လည်း ကျွန်တော်တို့ မြန်မာနိုင်ငံပေါ်မှာ ပိုပြီးတော့ စိတ်ဝင်စားမှုလည်း ရှိလာတယ်။ နောက်ပြီး အိုးဘားမား အနေနဲ့ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ ထပ်ခါ တလဲလဲ နှစ်ခါ၊ သုံးခါ ချီးမွမ်းပြောသွားတာတွေလည်း ရှိပါတယ်။
မသက်မွန်မြတ်သိမ်း

မြန်မာနိုင်ငံ ကို ကိုယ်စားပြုပြီး သွားခွင့်ရ တဲ့ အတွက် ဂုဏ်ယူမိတယ်။ ကိုယ်တိုင်တွေ့ပြီး မေးခွန်းတွေ မေး ခွင့်ရမယ်ဆိုတဲ့ အတွက် စိတ်လဲလှုပ်ရှားမိတယ်။ တကယ် မေးခွန်းမေးခွင့်ရတဲ့ အချိန်မှာ ကိုယ်တိုင် မပါ ဝင်ပေမယ့် မြန်မာနိုင်ငံ က မေးခွန်း တစ်ခု အရွေးခံ ရလို့ ပျော်ပါတယ်။

ကိုစောထက်ခန့်  ၏ မေးခွန်း

မြန်မာနိုင်ငံ မှာသာမက အာဆီယံ တလွှားမှာ ရှိနေတဲ့ မတူကွဲပြားတဲ့ ယှဉ်ပြိုင်မှုတွေ၊ ဘာသာစကားတွေ၊ ယုံကြည်မှုတွေ၊ ယဉ်ကျေးမှုတွေ နဲ့ အတူ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေချိန် မှာ နောင်လာမယ့် မျိုးဆက်တွေရဲ့ ခေါင်းဆောင်တွေ အတွက် သမ္မတ အိုဘားမားရဲ့ အားပေးစကားက ဘာဖြစ်မလဲ။

သမ္မတ အိုဘားမား ပြန်လည်ဖြေကြားချက်ထဲ မှအချို့-

********************************************

"ဆင်းရဲဒုက္ခတွေ၊ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေရဲ့ အကြီးမားဆုံး ရင်းမြစ်တစ်ခုက ကိုယ်နဲ့ မတူတဲ့ လူတွေကို ကွဲပြားခြားနားစွာ ဆက်ဆံနေမှုပဲ"

"မြန်မာနိုင်ငံဟာ လွန်စွာမှပင် ရဲရင့်လှတဲ့ လုပ်ငန်းစဉ်ကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ်"

"လူမျိုးရေး အမှတ် သရုပ်တွေကို နိုင်ငံရေး ထဲ သွတ်သွင်းကြမယ် ဆိုရင် မြန်မာနိုင်ငံကို လမ်းကြောင်း bအမှားပေါ် ဆွဲချ သွားစေနိုင်တဲ့ ပဋိပက္ခတွေ ကို ကျွန်တော်တို့ စမြင်နေရပြီ။ ဒါဟာ မြန်မာနိုင်ငံ တစ်နိုင်ငံ တည်းမှာပဲ မဟုတ်ပါဘူး"

"နေ့စဉ် ဘ၀တွေနဲ့ ဆန့်ကျင်ပြီးတော့ ရဲရဲ ၀ံ့ဝံ့ပြောဆို ရတာတွေ ရှိရမယ်၊ တစ်ပြိုင်နက် တည်းမှာ လည်း ခေါင်းဆောင် တစ်ယောက်အနေ နဲ့ ထွက်ပေါ် လာပြီဆိုရင်တော့ အဲဒီ ကွဲပြားခြားနား တဲ့သူတွေကို တစ်စု တစည်း တည်းဖြစ်အောင် ဆောင်ရွက်နိုင်တဲ့ နိုင်ငံရေးမျိုး ဖြစ်သင့်တယ်။ ဒါဟာ လက်ရှိ မျိုးဆက် အတွက် အရေးကြီးဆုံး အရာပဲ"

"ကျွန်တော်တို့ ဟာ တရားဥပဒေရှေ့မှောက် မှာ လူတိုင်း ကို ညီတူညီမျှ ဆက်ဆံခြင်း၊ လူတိုင်း ကို လေးစားခြင်း ဆိုတဲ့ တူညီ တဲ့ အမြင်ရှိကို ရှိရမယ်။ ဒါဟာ ခင်ဗျားတို့ အားလုံး ဆုပ်ကိုင်ထားတဲ့ ခံယူချက် တစ်ခု ဖြစ်ရမယ်"

ဥာဏ်လှိုင်လင်း၊ စုမြတ်ဝေ
Mizzima - News in Burmese


From...Search Myanmar

 




No comments:

Post a Comment