*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 25 May 2014

နှလုံးသားမြို့တော်



  အရှိန်လျှော့ ၍ ရပ်လိုက်သော ဆိုင်ကယ်ပေါ် မှ ဆယ်ကျော်သက် အရွယ် စုံတွဲ တစ်တွဲ တစ်ဦးနှင့် တစ်ဦး ကျီစား ရင်း ခြံဝင်း အတွင်းသို့ ဝင်သွားသည်။ သူတို့ ဝင်သွားသော နေရာက ‘အချစ် မရှိ မလာရ သည့် ချစ်သူ တို့ရွာ’။

ယင်းနေရာ မှာ ကျေးရွာ မဟုတ်။ စားသောက်ဆိုင် တစ်ဆိုင် ၏ နာမည်သာ ဖြစ်သည်။ သို့သော် ထို စားသောက်ဆိုင် သည် သာမန် စားသောက်ဆိုင် ကဲ့သို့ စားပွဲနှင့် ထိုင်ခုံများ ခင်းကျင်းထားခြင်း မဟုတ်။ လိုက်ကာ ကာရံ ထားသည့် ဝင်ပေါက် မှလွဲ၍ လုံခြုံစွာ ကာထားသော ပျဉ်ထောင် သက်ငယ်မိုး ခြောက်ပေ ပတ်လည် ခန့် တဲအိမ် လုံးချင်း ၁၉ အိမ် ခန့်ရှိသော စားသောက်ဆိုင် ဖြစ်သည်။



အဆိုပါနေရာ မှာ တက္ကသိုလ်ကျောင်း များ တည်ရှိနေသည့် အပြင် ကဗျာဆရာ မောင်ချောနွယ်၊ စာရေး ဆရာ ဒဂုံရွှေမျှား အပါအဝင် အထင် ကရ စာပေနှင့် အနုပညာရှင် များ ပေါ်ထွက်ရာ ပြည်မြို့  မြို့ပြင် လူနေအိမ် ကျဲပါးစွာ တည်ရှိသော ဘုရင့်နောင် လမ်းမ တစ်နေရာ တွင် ဖြစ်သည်။ ပြည်မြို့ သူမြို့သားများ အတွက် မူ ယင်းကဲ့သို့သော ဆိုင်လေးများ မှာ မဆန်းကျယ်လှပေ။

အဘယ့်ကြောင့် ဆိုသော် ပြည်မြို့ မြို့ရှောင်လမ်း များ၊ လူနေ ရပ်ကွက် များဖြင့် ဝေးသည့် နေရာများ တွင် ယင်းကဲ့ သို့သော ဆိုင်လေး များကို တွေ့ရ တတ်ခြင်းကြောင့် ဖြစ်သည်။ စားပွဲဝိုင်း တစ်ဝိုင်းနှင့် တစ်ဝိုင်း မတွေ့ရ ရုံ ကာရံထား သည့် ဆိုင်များမှ စ၍ နှစ်ဦးတည်း သီးသန့်တွေ့နိုင်သည့် လုံးချင်း တဲအိမ်လေး များအထိ ရှိသည်။ 


ဆိုင်အချို့တွင် အခန်း ဝန်ဆောင်ခ သီးသန့် သတ်မှတ်ထား သည်။ အစားအသောက် လာပို့ ချိန်မှလွဲ ၍ နှောင့်ယှက်မည့် သူ မရှိ သဖြင့် တဲအိမ်လေး များမှာ ချစ်သူ တို့အတွက် ကောင်းကင်ဘုံ ဖြစ်သည်။

“အခန်းခ အတွက် တစ်ထောင်ပေးရတယ်။ အခန်း ထဲမှာ အခန်း ကိုကာဖို့ အတွက် စောင် တစ်ထည် ၊ နောက်စောင် အပို တစ်ထည်၊ စားပွဲ ခုံတစ်လုံး ပေးထားတယ်။ လျှပ်စစ်မီးတော့ မရှိဘူး။ ဒီလိုနေရာ ကိုတော့ သမီးရည်းစားတွေ ပဲ လာတာ များတာပေါ့” ဟု ကိုယ်တိုင် သွားရောက် ခဲ့သည့် အသက် ၂၀ အရွယ် ကိုဇော်နောင် (အမည်လွှဲ) က ဆိုသည်။

ယခု ကဲ့သို့ ချစ်သူ စုံတွဲတို့များ ကို ပစ်မှတ် ထားကာ နှစ်ဦးတည်း သီးသန့်တွေ့ဆုံခွင့် ရနိုင်ရန် စားသောက် ဆိုင်၊ အအေးဆိုင် များအသွင် ဖန်တီး ၍ သီးသန့် ဝန်ဆောင်မှု ပေးထား သည့် အခန်းများကို ငှားရမ်းနိုင် သည့် စားသောက်ဆိုင် အသွင် ယူစီးပွားရေး ဈေးကွက် တစ်ခုမှာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း မှစ၍ ကျယ် ကျယ်ပြန့်ပြန့် ဖြစ်လာကြောင်း တက္ကသိုလ် ကျောင်းသား အသိုင်း အဝိုင်းမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံး တွင် တက္ကသိုလ်၊ ကောလိပ်ပေါင်း ၁၆၄ ခုရှိပြီး  ယင်းကျောင်းများ အနီး သို့မဟုတ် ကျောင်း သွားရာလမ်း သို့မဟုတ် ကျောင်းသားများ ကို အဓိက ပစ်မှတ်ထားကာ လူနေ ကျဲပါး သည့် နေရာများ တွင် သီးသန့် တဲများရှိသည့် ဆိုင်ငယ်များ မည်ရွေ့ မည်မျှ ရှိမည်ကိုမူ အချက် အလက် ကောက်ယူ ထားခြင်း မရှိသည့် အတွက် မှန်းဆရန် ခက်ခဲနေဆဲ ဖြစ်သည်။ သို့သော် ထို ဆိုင်ငယ်များ ဖွင့်လှစ်မှု သိသာစွာ များပြားလာသည်မှာ မူ ငြင်းမရသော အခြေအနေတစ်ခု ဖြစ်သည်။

တောင်ငူမြို့ မှ ၁၃ မိုင်ခန့် အကွာတွင် ရှိသည့် နည်းပညာ တက္ကသိုလ်နှင့် ၂ မိုင်ခန့် အကွာ တွင်ရှိသော ကွန်ပျူတာ တက္ကသိုလ် တို့ တည်ရှိရာနေရာ ဝန်းကျင်ဖြစ်သည့် ကေတုမတီမြို့သစ်နှင့် ထီးလှိုင် လမ်းတွင် အအေးဆိုင်၊ ကော်ဖီဆိုင် ဟုဆိုကာ သီးသန့် တဲအိမ် လုံးချင်းများ ငါးအိမ် မှ ၁၅ အိမ်ကြား ရှိသည့် ဆိုင်များ ရှိကြောင်း၊ တက္ကသိုလ်များ တည်ရှိပြီး နောက်ပိုင်း တွင် တည်းခို ခန်းများ အလျှိုလျှို ပေါ်ပေါက်လာခဲ့ကာ ပုံမှန် ကျောင်းတက် ရက်များတွင် စနေ၊ တနင်္ဂနွေ မှလွဲ၍ လူရှင်း တတ်သော်လည်း အဝေးသင် တက္ကသိုလ် ကျောင်းသား များ ကျောင်းတက် ရာသီတွင် ရက်သတ္တတစ်ပတ်လုံး စည်ကားလျက် ရှိကြောင်း မြို့ခံများက ပြောဆိုသည်။

သီးသန့် ကာရံကာ လုံခြုံမှုပေးထား သည့် အဆိုပါ တဲအိမ် များတွင် သမီးရည်းစား စုံတွဲများ တွေ့ဆုံပါက ဆိတ်ကွယ်ရာ တွင် ငယ်ရွယ် သူချင်း တွေ့ဆုံကြသည့် အတွက် မလိုလား အပ်သည့် နောက်ဆက် တွဲ ပြဿနာ များ ဖြစ်ပွားနိုင်သောကြောင့် သက်ကြီးနှင့် သက်လတ်ပိုင်း အရွယ် များက ပြောဆို ဝေဖန် ကြသော် လည်း လူငယ် အများစုမှာ မူ နှစ်ခြိုက် လက်ခံလျက် ရှိကြသည်။

“ဟိုတယ်၊ တည်ခိုခန်း သွားရတာ ကတော့ လူတွေ အမြင်မှာတော့ ရိုင်းတာပေါ့။ ဈေးကလည်း အနည်းဆုံး ၈ ထောင်လောက် ရှိတယ်။ ဒီလို အခန်းလေးတွေ ရှိတော့လည်း ချိန်းတွေ့ရတာ အဆင်ပြေတယ်” ဟု ကိုဇော်နောင် က ပြောဆိုသည်။

အချို့ စုံတွဲများမှာ သီးသန့် တဲအိမ်လေး များ ရှိသည့် နေရာများ ကို ရွေးချယ် တတ်ကြပြီး အချို့မှာ အချိန် ပိုင်း ငှားရမ်းကြ သည့် တည်းခိုခန်း များကိုသာ ရွေးချယ် ၍ အချိန်ဖြုန်းတတ်ကြကြောင်း တက္ကသိုလ် ကျောင်း သားများ အသိုင်းအဝိုင်း မှ စုံစမ်းသိရှိရသည်။

မြို့ ပြင်ရောက် တက္ကသိုလ်များ အနီးတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားပေးရန် မလိုသည့် အချိန်ပိုင်း ငှားရမ်း သည့် တည်းခိုခန်း များတွင် တက္ကသိုလ် ယူနီဖောင်း များဖြင့် ပေါ်ပေါ်ထင်ထင် သွား လာနေ ကြကြောင်း၊ ယင်းကို တည့်မတ် ထိန်းကျောင်းပေး ရန် လိုအပ်နေကာ ဒေသ အာဏာပိုင်များ ကိုယ်တိုင် တားဆီးမှု မရှိဘဲ တက္ကသိုလ် ကျောင်းသားများ စာရိတ္တ ပျက်စီးစေရန်နှင့် ပညာရေး ပုံရိပ်၊ တက္ကသိုလ်ကျောင်း သား ပုံရိပ် များကို ကျဆင်းအောင် ပြုလုပ်နေ သကဲ့သို့ ဖြစ်နေကြောင်း 


 တက္ကသိုလ် ကျောင်းသားများ လမ်းလွှဲရောက်ကာ ပညာရေး နှောင့်နှေးနေရမှုနှင့် ပတ်သက် ပြီး မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် မှ အငြိမ်းစား ပါမောက္ခချုပ် လည်းဖြစ်သူ စာရေးဆရာ ကြည်မင်းက ဝမ်းနည်း စွာ ပြောကြားသည်။

“တက္ကသိုလ်တွေ ကို မြို့စွန် ပို့တယ်။ အားတဲ့ အချိန်မှာ တည်းခိုခန်း သွားကြတယ်။ တက္ကသိုလ် ကျောင်း သား ပုံရိပ် ဆိုတာ ဒီလို အတန်းအစား ပါလို့ ထင်ရအောင် လုပ်နေတယ် လို့ မြင်တယ်။ နာရီပိုင်း တည်းခို ခန်းတွေ ပေါ်လာတယ်။ လယ်သမား မြေတောင် သိမ်းသေး တာပဲ။ ဒီလို တည်းခိုခန်းတွေကို ဘာကြောင့် မသိမ်း ရမှာလဲ” ဟု ၎င်းကထောက်ပြသည်။

၁၉၄၀ ပြည့်နှစ်များ တစ်ဝိုက်က အင်္ဂလိပ် အစိုးရ လက်ထက်တွင် မက်ထရစ် စာမေးပွဲဟု ခေါ်ခဲ့ကြသည့် ဆယ်တန်း စာမေးပွဲမှာ အောင်မြင်ရန် ခဲယဉ်း လှသဖြင့် အောင်မြင်ပြီး ရန်ကုန် တက္ကသိုလ် တက်ရပါက လူတကာ အထင်ကြီး ဂုဏ်ယူခဲ့ကြသည် အထိ အစဉ်အလာ ကြီးမား ခဲ့လှပါသော တက္ကသိုလ် ကျောင်း သား ဘဝမှာ တဖြည်းဖြည်း နိမ့်ကျ လာခဲ့ပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်း တွင် တက္ကသိုလ်များ မြို့ပြင်ရောက်ခဲ့ ကာ တက္ကသိုလ် ကျောင်းသားများ လည်း မြို့ပြင် ထွက်ခဲ့ကြရသည်။

ပြောင်းလဲ ခံလိုက်ရသော စနစ်အောက် တွင် သားကောင် ဖြစ်ရသည့် တက္ကသိုလ် ကျောင်းသားများ မှာ နိုင်ငံရေး မှလွဲ၍ ကျန်ရှိသည်များ ကို လုပ်ဆောင်နိုင်သည့် အခြေ အနေတစ်ခု သို့ ရောက်လာခဲ့ သည်။ ကျောင်းသား၊ ကျောင်းသူများ မှာ တက္ကသိုလ် အဆောင်များ မထားရှိတော့ သဖြင့် ပြင်ပ အဆောင် များ တွင် အထိန်း အကွပ်မဲ့ လွတ်လပ်စွာ နေထိုင်ခဲ့ကြသည်။

လက်ရှိ တွင် မြို့ပြင် ၌ ဖွင့်ထားသည့် တက္ကသိုလ် များကြောင့်  ပြင်ပ အဆောင်များ အပြင် နာရီပိုင်း တည်းခို ခန်းများ၊ လုံးချင်းတဲ အိမ်များ၊ ဘီယာဆိုင်၊ KTV၊ ဘီလိယက်ခုံ၊ တီဗီ ဂိမ်းဆိုင်များ  ထပ်မံ ဖွင့်လှစ် ထားကြပြီး ကျောင်းသားထု ကို ဆွဲဆောင်ထားကြသည်။

ယင်းကဲ့သို့သော ဆိုင်အချို့မှာ သက်ဆိုင်ရာ မြို့နယ်စည်ပင် သာယာ နယ်နိမိတ်ပြင်ပ တွင် ရှိနေကြပြီး မြို့နယ် တွင်းရှိ စားသောက်ဆိုင်၊ အအေးဆိုင် များမှာ သတ်မှတ်ထားသော အင်္ဂါရပ်နှင့် မညီညွှတ်ဘဲ အကာ အရံ အပြည့် ပုံစံမျိုးဖြင့် ဖွင့်လှစ်ခွင့် မရှိကြောင်း ပြည်မြို့နယ် စည်ပင် သာယာရေး ကော်မတီမှ ဝန်ထမ်း တစ်ဦးက ပြောကြားသည်။

“တက္ကသိုလ်နား မှာ ဆိုင်ဖွင့်ရင် အအေးဆိုင် နဲ့ စားသောက်ဆိုင်နဲ့ အတူ ဘာလုပ်နေလဲ ဆိုတာ ကို ကျောင်းနဲ့ အစိုးရက သိဖို့ လိုတယ်။ တချို့ကတော့ သက်သောင့် သက်သာရှိ ဖို့ ရည်ရွယ်ပေမယ့် ဒီကိစ္စတွေ အတွက် ဖြစ်သွား တာမျိုး ရှိတယ်။ ကျောင်းသူ၊ ကျောင်းသား တိုင်း ဒီလိုဖြစ်နေတာ မဟုတ်ပေ မယ့် တက္ကသိုလ် ကို အရိပ်မည်းဖြစ်စေ တဲ့ အရာတွေ ကိုတော့ တားသင့်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း က မှတ်ချက်ပြု ပြောဆိုသည်။

၁၉၈၈ ခုနှစ် မတိုင်ခင် က တက္ကသိုလ် ကျောင်းသားဘဝများ ကဲ့သို့ ပျော်ပွဲ ရွှင်ပွဲများ၊ စာကြည့်တိုက်၊ အနုပညာ အသင်းများဖြင့် မိသားစု ကဲ့သို့ စည်းစည်း လုံးလုံးဖြင့် လုပ်ဆောင်ခဲ့ကြ သည့် ဘဝများကို ယခုခေတ် တက္ကသိုလ် ကျောင်းသားများ ကို ပြန်လည် ရစေချင်ပြီး တက္ကသိုလ် များကိုလည်း မူလနေရာ တွင် ပြန်ထားစေ ချင်ကြောင်း ဒေါ်ဖြူဖြူသင်း က ဆိုသည်။

“ယူနီဖောင်းနဲ့ လည်း တည်ခိုခန်း သွားနေတာ ကို မြင်နေရတာပဲ။ သန်လျင် GTC ၊ စီးပွားရေး တက္က သိုလ်တွေ နား မှာလည်း ရှိနေတာပဲ” ဟု ရူပဗေဒ ဘွဲ့ဖြင့် ကျောင်းပြီးထားသူ တစ်ဦးက ပြောဆို သည်။

မကြာသေးမီ ကာလ အတွင်းကလည်း နည်းပညာကျောင်း ရှိ စာသင်ခန်း ထဲတွင် ချစ်သူနှစ်ဦး တို့၏ အတူနေ ဗီဒီယိုဖိုင် အင်တာနက်ပေါ်တွင် ပျံနှံ့ သွားခဲ့သည်။ ယင်းကိစ္စ အပေါ် တက္ကသိုလ်များ မြို့ပြင် ရောက်ရခြင်းကြောင့် ဟု ဝေဖန် သူများ ရှိသကဲ့သို့ ကျောင်းပညာရေး နိမ့်ပါးမှု များ၊ ခိုးရိုက် သူကို အပြစ် တင်ကြသည့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး နောက်ဆုံး တွင် ထို စုံတွဲမှာ ကျောင်းတစ်ပိုင်း တစ်စနှင့် ပင် တရားဝင် လက်ထပ် လိုက်ရသည်။

တက္ကသိုလ် တစ်ဝိုက်တွင် ကျောင်းသား များ၏ စာရိတ္တ ကို ယိမ်းယိုင်စေသည့် ဆိုင်များ အများအပြား ရှိနေခြင်း ကို သက်ဆိုင်ရာ က ဖယ်ရှားသင့်ကြောင်း၊ ကျောင်းသားများ အတွက်လည်း အထိန်း အချုပ် ကောင်းမွန် သည့် အဆောင်များ ထားပေးရန် မျှော်လင့်မိကြောင်း  ရန်ကုန်တက္ကသိုလ်ရှိ ဆရာများ ထံမှ သိရသည်။

လူငယ်များ အကြား ယခုလက်ရှိ ဖြစ်ပေါ်လျက် ရှိသည့် ကိစ္စရပ် များနှင့် ပတ်သက်၍ ၎င်းတို့ ၏ စူးစမ်း လိုသည့် စိတ်ကို အားကစားနှင့် လူမှုရေး နယ်ပယ်များ သို့ ရောက်ရန် တည့်မတ် သင့်ကြောင်း မြန်မာစာ ဌာန (တွဲဖက်ပါမောက္ခ) ဦးမျိုးသန့် က မှတ်ချက်ပြုသည်။

“လူငယ်တွေ ကို ပရဟိတ နဲ့ သက်ဆိုင်တာတွေ သင်မယ်။ ပြည်သူ့ နီတိကို ခေတ်မီအောင်ပြင်ပြီး သင်ကြား မယ်။ တာဝန်ယူတတ် တဲ့ စိတ်ဓာတ်တွေ ရှိဖို့ လိုမယ်။ ဗုဒ္ဓ အဆုံးအမနဲ့ မြန်မာ့ ယဉ်ကျေးမှုက ခွဲခြား လို့ မရဘူး။ ပျက်စီးခြင်း လမ်းမကို ရောက်နေတဲ့ လူငယ်တွေ ကို အားကစားတို့ လူမှုရေး ဘက် တို့ ပြန်ရောက်အောင် လုပ်ဖို့ လိုမယ်။ စီးပွားရေး သမားတွေ ကလည်း ကိုယ့်အတွက် ကိုပဲ ကြည့်တဲ့ အတ္တစိတ် ဖြစ်နေတယ်” ဟု ၎င်းက ထောက်ပြသည်။

ပြောင်းလဲ လာသည့် ခေတ်နှင့် အညီ လိုက်ပါ ပြောင်းလဲ လာသည့် ဝတ်စားဆင်ယင်မှု၊ အတွေးအခေါ်၊ လူနေမှု စရိုက်များနှင့် ပတ်သက်ပြီး ဝေဖန် မှုများ ကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိသည်။ တရှိန်ထိုး သွားနေသည့် ပြောင်းလဲ မှုကို မည်သူမျှ ရပ်တန့်နိုင်မည် မဟုတ်သော်လည်း လမ်းမှန်ရောက်ရန် မည်ကဲ့သို့ ထိန်းကျောင်း တည့်မတ်ပေးမည် လဲ ဆိုသည့် အချက်မှာ စဉ်းစားရန် လိုအပ်လာပြီ ဖြစ်သည်။

အမှောင် မှာ တစ်စထက် တစ်စ ကြီးစိုးလာသည်။ ယင်း အချိန်တွင် တစ်ဦးခါး တစ်ဦး တင်းကျပ်စွာ ဖက်လျက် စကားတီးတိုးပြောရင်း ချစ်သူနှစ်ဦး တဲအိမ် အတွင်းမှ ထွက်လာကြသည်။ တစ်နေ့တာ အတွက် အဆိုပါ တဲအိမ် ကို အသုံးပြုခ အဖြစ် ကျပ်တစ်ထောင် အပါအဝင် အခြား ကျသင့်ငွေများ ကို အဆိုပါ စုံတွဲ ရှင်း၍ ပြန်ရန်ပြင်နေစဉ် အခြား စုံတွဲ နှစ်တွဲ တဲအိမ်များ ဆီသို့ ဦးတည် ဝင်ရောက်သွားကြသည်။
အဆိုပါ တဲအိမ်လေး များတွင် နေ့စဉ် ချစ်သူစုံတွဲများ ဝင်လာမစဲ တစ်သဲသဲပင်။

Written by  မြတ်နိုးခင်
The Voice Weekly


No comments:

Post a Comment