*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 21 April 2014

အဖြစ်ဆိုး အလွန် ခရီးသည်တင် ယာဉ်လိုင်းအချို့ အပြောင်းအလဲ စတင်

 
 
တောင်ပြာတန်း ခရီးသည်တင် ယာဉ်ပေါ်တွင် ခရီးသည်များ  မီးလောင်သေဆုံးမှုဖြစ်ပွား ခဲ့ခြင်းက  အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းများ အနေဖြင့်  ခရီးသည်များအား အရေးပေါ်ထွက်ပေါက်နှင့် ပတ်သက်၍ အသိပညာပေးမှုပြုလုပ်လေ့ မရှိသည်ကို မီးမောင်း ထိုးပြလိုက်ခြင်းဖြစ်သည်။   

 ကားအတွင်း လူခြောက်ဦး မီးလောင်သေဆုံးမှုဖြစ်စဉ် သည် ယာဉ်တိုက်မှုကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ အရေးပေါ် ထွက်ပေါက် များနှင့် ပတ်သက်ပြီး ခရီးသည် များ သိရှိမှု နည်းပါးခြင်းကြောင့်ဖြစ် သည်။


မြန်မာနိုင်ငံသို့ ရောက်ရှိလာ သော အဝေးပြေး ခရီးသည်တင် ယာဉ်များ သည် အခြားနိုင်ငံများ တွင် ပြေး ဆွဲနေသော ယာဉ်များ နည်းတူ အရေးပေါ် ထွက်ပေါက် များ၊ အရေးပေါ်  အသုံးပြုရန် ပစ္စည်းများ ပါလေ့ ရှိသော်လည်း ယာဉ်မောင်းများ က အသုံးပြုရမှန်း မသိကြပေ။ 

အရေးပေါ်ထွက်ပေါက်များ၊ အရေးပေါ် အခြေအနေ တွင် အသုံးပြု ရန် ပစ္စည်းများနှင့် ပတ်သက်၍ လိုက်ပါ စီးနင်း မည့် ခရီးသည်များ အပေါ် ရှင်းပြလေ့ မရှိသည်ကိုလည်း အဝေးပြေး ယာဉ်လိုင်းများက ၀န်ခံကြ သည်။ 

ထို့ကြောင့်တောင်ပြာတန်း ခရီးသည်တင် ကားဖြစ်စဉ်က အဝေးပြေး ခရီးသည်တင် လုပ်ငန်းများ အပေါ် အရေးပေါ် ထွက်ပေါက်များနှင့် ပတ်သက်၍ သတိပေးခေါင်း လောင်းသံ ဖြစ်သည်။

‘‘လက်ရှိသုံးနေတဲ့ ကားတိုင်း မှာ အရေးပေါ် ထွက်ပေါက်တွေ ပါတယ်။ မှန်ခွဲ ရမယ့် တူတွေပါ တယ်။ အဲဒါတွေ ကို ရှင်း မပြကြ ဘူး။ ခုရှင်းပြဖို့ လိုနေပြီ’’ဟု ဂျေဂျေ အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေးအ ကြံပေး ဦးမြင့်ဦး ကအကြံပြုပြောကြားသည်။

အဖြစ်ဆိုး ကြုံတွေ့ခဲ့ရသော တောင်ပြာတန်း အဝေးပြေးယာဉ် လိုင်း၏ ကားတွင်လည်း အရေးပေါ် ထွက်ပေါက် များ၊ အရေးပေါ် အသုံးပြုရန် ပစ္စည်များ၊ မှန်ခွဲရန် အတွက် တူများ ပါရှိသည့် တရုတ်နိုင်ငံထုတ် Higer အမျိုး အစားယာဉ်ဖြစ်သည်။

‘‘အဲဒီနေ့ ကဖြစ်တဲ့ ယာဉ်က Higer အမျိုးအစား ယာဉ်ပါ။ အ ရေးပေါ် ထွက်ပေါက်တွေ ပါပါ တယ်’’ ဟု တောင်ပြာတန်း ခရီး သည်တင်ယာဉ်လိုင်း တောင်ကြီး  ဂိတ်မှူး မချိုက ပြောသည်။ အရေး ပေါ် ထွက်ပေါက်များ ပါသော် လည်း ယာဉ်မောင်း၊ ယာဉ်နောက် လိုက်နှင့် ယာဉ်မယ်များ ကိုယ်တိုင်  အရေးပေါ် ထွက်ပေါက်များ အ ကြောင်း မသိသလို ခရီးသည်များ ကို ရှင်းမပြနိုင်ခြင်းက လူခြောက် ဦး၏ တန်ဖိုးရှိ လှသော အသက် များဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

ထို အဖြစ်ဆိုးနှင့် အမြန်လမ်း ပေါ်တွင် မကြာခဏကြုံတွေ့နေရ သော ယာဉ် မတော်တဆမှုများ ကြောင့် ယခုအခါ ခရီးသွားအချို့ ခရီးသည်တင် ဘတ်စ်ကားစီးရန် စိုးရိမ်နေကြသည်။

‘‘ဒရိုင်ဘာတွေ ကို လိုင်စင် ရှိ ရုံနဲ့ မပြီးစေ ချင်ပါ။ လိုင်စင် သက်တမ်း ဘယ်လောက်ရှိ ပါစေ။ လေ ယာဉ်တွေ လို Flight Hours (မောင်းနှင်ချိန် သက်တမ်း) ရှိစေ ချင်ပါတယ်။ ခြောက်လ တစ်ခါ ကျန်းမာရေး စစ်ဆေးစေလို ပါ တယ်။ 

ဥပမာ စိတ်ကျရောဂါ၊ သွေးတိုး၊ နှလုံး၊ စိတ်ဖိစီးမှု အစစ အရာရာပေါ့။နောက်ပြီး ကားတွေ မှာ အရေးပေါ် ထွက်ပေါက်အ ကြောင်း ယာဉ်မယ်၊ ယာဉ်မောင် တွေက ကားမထွက်မီ ရှင်းပြ၊ သရုပ်ပြစေချင် တယ်။ ဘယ်ဂိတ်မှ တစ် ခါမှ ရှင်းမပြဘူးပါ’’ ဟု 7Day Daily  သတင်းစာတွင်ဖော်ပြခဲ့ သော ‘တောင်ပြာ တန်းနှင့် သေရွာ ပြန်ည’သတင်းဆောင်ပါး ကို ဖေ့စ်ဘွတ်ခ် တွင် ဖတ်ရှုပြီးနောက် ကို အောင်ကျော်ဆန်း က အထက်ပါ အတိုင်းအကြံပြုသည်။

‘‘ခရီးက မသွားလို့လည်း မရ ဘူး။ ဒီအမြန်လမ်း က ကားတွေစီး ရမှာ နည်းနည်းကြောက် တယ်။ ရောက် ချင် တဲ့ အချိန်ရောက် ဖြည်းဖြည်းမောင်း ဖို့ အဓိကပဲ။ အန္တရာယ် ကင်းဖို့ပဲ အရေးကြီးတယ်’’ဟုဧပြီ ၂၀ရက် တွင် မိတ္ထီလာမြို့သို့ အ ဝေးပြေး ခရီးသည်တင် ယာဉ်ဖြင့် လိုက်ပါသွားသည့် အသက်(၃၀) အရွယ် ကိုကျော်စိုးက သူ၏ ခံစား ချက်ကိုပြောသည်။

မြန်မာနိုင်ငံ တွင် ပြေးဆွဲနေ သော အဝေးပြေး ယာဉ်လိုင်းများ ၌ အရေးပေါ် ထွက်ပေါက် အဖြစ် နောက်ဆုံး ခုံတန်း အနီး ယာဉ်၏ ညာဘက်တွင် အရေးပေါ်ထွက် ပေါက် အပေါက်ကြီး တစ်ပေါက် ပါရှိပြီး ဘယ်ဘက် တွင် ဘေးတွန်း အပေါက် တစ်ပေါက်ပါရှိသည်။ 

ထို့အပြင် ကားအမိုးပေါ် တွင် ဆွဲတွန်း၍ ရသော အရေးပေါ် ထွက်ပေါက်နှစ်ပေါက် ရှိပြီး မှန်များကို ရိုက်ခွဲ ရန် အတွက် ကားဘေး တစ်ဖက်စီ တွင် စိန်သွား ပါ တူသုံးလက် စုစုပေါင်း တူခြောက်လက် ပါရှိသည်။

အရေးပေါ် မှန်ခွဲရန် အတွက် ထားရှိသော တူများ ကို ယာဉ်လိုင်း များက ခရီးသည် များမြင်သာထင် သာအောင် ထားရှိခြင်း မရှိသလို၊ အချို့ယာဉ်လိုင်းများ တွင် ထိုတူ များ ကို ဖြုတ်ထားလေ့ ရှိသည်။

‘‘ကားတွေမှာ မှန်ခွဲရမယ့် တူ ပါတယ်ဆိုတာ တစ်ခါမှ မမြင်ဖူး ဘူး။ အရေးပေါ် ထွက်ပေါက်တွေ ဘယ်နေ ရာ မှာပါတယ်။ ဘယ်လို လုပ်ရမယ် ဆိုတာ ယာဉ်မယ်တွေ ကပြောပြရမယ်။ ဒါမှ တစ်ခုခုဖြစ် လာရင် ဘယ်လို လုပ်ရမယ်ဆို တာသိမှာ။

မနေ့က မန္တလေးကို အဝေးပြေးကားနဲ့ သွားတာ ဘုရားစာရွတ်နေရတယ်’’ ဟု ဧပြီ ၁၉ ရက်တွင် ရန်ကုန်မှ မန္တလေးမြို့ သို့ အဝေးပြေး ကားဖြင့် သွားရောက် သူ ကိုသန့်ဇင် ကသူ၏ခံစားချက်      ကို ပြောသည်။

‘‘တူတွေကို ခရီးသည်တွေ မြင်အောင် မထားကြဘူး။ ရှင်းပြ တာတွေ မလုပ်ခဲ့ကြဘူး။ အဝေး ပြေးကားတွေ အပေါ် ခရီးသည် တွေ ယုံကြည်မှု ရအောင်လုပ်ရ မယ်။ ခရီး ဆိုတာကလည်း မသွား လို့မရဘူး။ ယာဉ်မထွက်ခင် ဂိတ် တွေမှာ အသိပညာပေး တာတွေ၊ စာရွက်တွေဝေတာတွေ၊ ရှင်းပြ တာတွေလုပ်ရ မယ်’’ဟု မန္တလာမင်း အဆင့်မြင့် ခရီးသည်ပို့ဆောင် ရေး ဥက္ကဋ္ဌဒေါ်လဲ့လဲ့အေးကပြော သည်။

အထက်ပါ အဖြစ်ဆိုး ၏ သတိပေးမှုကြောင့် ယခုအခါ အ ဆင့်မြင့်ခရီးသည်တင် ယာဉ်လိုင်း အချို့မှာ အပြောင်း အလဲများပြု လုပ်ရန် စီစဉ်နေသည် ။ဂျေဂျေ၊ အီလိုက်၊ မန္တလာမင်း၊ မြတ်မန္တလာထွန်း အစရှိသည့် အဝေးပြေး ယာဉ်လိုင်းကြီးများ သည် ယာဉ်မောင်းများနှင့် ခရီးသည်များ အား အသိပညာပေး ၀န်ဆောင်မှု အသစ်များ  စတင် လုပ်ဆောင်နေပြီဖြစ်သည်။

ဂျေဂျေ အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းသည် ၎င်းတို့၏ ယာဉ်လိုင်းများ တွင် မောင်းနှင်နေသော ယာဉ်မောင်း ငါးဆယ်ဦး အားခေါ်ယူ၍ ယာဉ် မောင်း စည်းကမ်းချက်များ၊ အရေး ပေါ်အခြေ အနေကြုံတွေ့လာပါ က လုပ်ဆောင်ရန်များ ကို ဧပြီ ၁၈ရက်မှ စတင်၍ သင်တန်းပေးမှု များပြုလုပ်ခဲ့သည်။

‘‘အရက် မသောက်ဖို့၊ ထွက် မပြေးဖို့ ၊ တစ်စုံတစ်ရာဖြစ်ရင် လုပ်ဆောင်ဖို့ သူတို့ကိုယ်တိုင် ကတိပေးပြီး လုပ်နေ ပါတယ်။ နောက် ယာဉ်မောင်းတွေ ကို သူတို့ ရဲ့နောက်ကြောင်း အကုန်ပြန် လိုက်နေပါတယ်။ ဒါမှ ခရီးသွား တဲ့သူတွေ စိတ်ချရမှာပါ’’ဟု ဦး မြင့်ဦး ကပြောသည်။

ထို့အပြင် မန္တလာမင်း ခရီး သည်တင် ယာဉ်သည် ယာဉ်ပေါ် တွင်လိုက်ပါ မည့် ခရီးသည်များ အား အရေးပေါ် ထွက်ပေါက် များ ရှိသည့်နေရာများ၊ မှန်ခွဲရန် အ တွက်ထားရှိသည့်နေရာများ ၊ ထို အရာများ မည်သို့ လုပ်ဆောင်ရ မည် ကို ဧပြီ ၁၈ရက်မှ စတင်ကာ ၎င်းတို့ ကား၏ ယာဉ်မယ်များက ခရီးသွားများအား အသိပေးပြော ကြားမှု များ စတင်ပြုလုပ်နေသည် ဟုဆိုသည်။

သို့သော် မထသ အဝေးပြေး က အထက်ပါ ယာဉ်တိုက်မှုဖြစ် ပွားပြီးနောက် ယာဉ်လိုင်းများ သို့  မည်သည့် ညွှန်ကြားချက် မျှ မညွှန် ကြားသေးကြောင်း ယာဉ်လိုင်း များကပြောသည်။ မထသ အဝေး ပြေးမှ တာဝန်ရှိ သူများအား ယခု ဆောင်းပါး အတွက် ဆက်သွယ် မေးမြန်းရာ ဆက်သွယ်၍ မရခဲ့ပါ။

ထို့အပြင် ယာဉ် မတော်တဆ မှု များဖြစ်ပွားလျှင် ခရီးသွားများ အတွက် အဓိက ကြုံတွေ့နေရ သည့် ပြဿနာ တစ်ခုဖြစ်သည်။ ယာဉ်တိုက်မှုဖြစ်ပွား ပါက ယာဉ်မောင်း ထွက်ပြေးသည်မှာ ယခု နောက် ပိုင်း ပိုများလာသည်။ 

အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းများသည် အရည် အချင်းပြည့်မီသော ယာဉ်မောင်း များကို ခန့်အပ် ထားရန် မှာ အရေးကြီးကြောင်း အဝေးပြေးခရီးသည်တင် ကားလုပ်ငန်းလုပ်ကိုင်သူများ က ပြောသည်။
အဝေးပြေး ယာဉ်လိုင်း အ များစုသည် ယာဉ်မောင်းနှ စ်ဦး ထားရှိလေ့ရှိကြသော်လည်း စည်း ကမ်း လိုက် နာ မှုမရှိသော ယာဉ် မောင်းများကြောင့် အမြန်လမ်းမ ပေါ်တွင် ယာဉ်မတော်တဆ မှုများ မှာ မြင့်တက်နေ ဆဲပင်။

‘‘နှစ်ယောက် ထားပေမယ့် တချို့ ဒရိုင်ဘာတွေ ဆိုရင် ၁၁၅မိုင် ရောက်ရင် ရှုံးတဲ့ သူမောင်းကြေး ဆိုပြီး ဖဲရိုက် တယ်။ စည်းကမ်း ပျက် ဒရိုင်ဘာကို ထုတ်လိုက်ပေ မယ့် နောက်နေ့ မှာ အဲဒီ ဒရိုင်ဘာ ကို ခေါ်မယ့် ဂိတ်က ရှိပြီးသား ။ ဂိတ်တစ်ဂိတ် တည်းက စည်းကမ်း တွေလုပ်နေလို့ မရဘူး။ အားလုံး ပူးပေါင်း ပါဝင်မှ ခရီးသည်တွေ အ တွက် လုံခြုံစိတ်ချရမှာ’’ဟု ဦးမြင့် ဦးက စိတ်ပျက်သည့် အမူအရာ ဖြင့်ပြောသည်။

အဝေးပြေး ယာဉ်လိုင်းများ တွင် ပြဿနာ တစ်စုံတစ်ရာဖြစ် ပွား ပါက ကျန် ခရီးသည်တင်ကား များက ကူညီပေးမှု သည် ခရီး သည်များ အား ကူညီပေးမှု ပင်ဖြစ် သည်။ တောင်ပြာတန်းလိုင်း မှ ယာဉ် မီးလောင် ကျွမ်းမှုဖြစ်စဉ် တွင် ထိုနေရာ အနီးသို့ ရောက်ရှိလာသော အခြားအဝေးပြေးယာဉ် လိုင်းများအား ဒုက္ခရောက်သော ခရီးသည်များက အကူအညီ တောင်းခံသော်လည်း တစ်စုံတစ်ရာ ကူညီမှု မပေးခဲ့ကြောင်း ဖြစ် စဉ်တွင်ပါဝင်ခဲ့ သူ မသန်းသန်းဝင်းက ပြော သည်။

‘‘ကျွန်မတို့ ဒုက္ခရောက်တော့ တခြား ကားတွေကို အကူအညီ တောင်းတာ ဘယ်ကားမှ မပေး ဘူး။ လူတွေ ကလည်း သွေးတွေ ပေနေ လို့ မကူညီတာလား မသိ ဘူး’’ဟု မသန်းသန်းဝင်းက သူ့အ တွေ့ အကြုံ ကိုပြော သည်။

အဝေးပြေး ကားများတွင် ကီ လိုမီတာ ၁၀၀ထက် ပိုမောင်း၍ မ ရအောင် ပြုလုပ်ထား သင့်ကြောင်း ၊ရန်ကုန် -မန္တလေး ခရီးစဉ်အား ရှစ်နာရီမောင်း ရန် အချိန်သည် သင့်လျော်သည့်  အချိန်ဖြစ် ကြောင်း ဒေါ် လဲ့လဲ့အေး က အကြံ ပြုသည်။ 

 ခရီးစဉ် အချိန်စောဆိုက် ရောက်မှု ထက် ခရီးသည် များဘေး ကင်းစွာရောက်ရှိ ရန် ပို၍ အရေး ကြီးသည် မှာ ယာဉ်မောင်းများ သတိပြုရမည့် အချက်ဖြစ်သည်။

ခရီးသည် များ ထမင်းစား ရန် ကားရပ်နား ချိန်တွင် ယာဉ်မောင်း များနှင့် ယာဉ်နောက်လိုက် များ အား ထမင်းဆိုင်များ က အရက် ဘီယာ များနှင့် ဧည့်ဝတ်ပြုခြင်း သည် ခရီးသည်များ ၏အသက်အ န္တရာယ်ကို ဖိတ်ခေါ်နေ သယောင် ဖြစ်သည်။

‘‘ခရီးသည်တွေ အဆင်ပြေစွာရောက်ရှိဖို့ က ယာဉ်မောင်း သမားတွေရဲ့ တာဝန်ပါ။ လမ်းမှာ အရက်သောက် တာမျိုးတွေ ဘယ် လိုမှ မလုပ်သင့် ပါဘူး’’ဟု ဂျေဂျေ အဆင့်မြင့်ခရီးသွား ပို့ဆောင်ရေး မှ လုပ်သက် ၁၅နှစ် ရှိယာဉ်မောင်းဦးဝင်းကျော်အောင် ကပြောသည်။

အဝေးပြေး ယာဉ်လိုင်းများ တွင် အဆင့်မြင့် ယာဉ်များအသုံးပြု ပါက ခရီးသည်များ အတွက် ပိုမိုလုံခြုံ မှုပေးနိုင်ကြောင်း အီလိုက် အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး အထွေထွေမန်နေဂျာ  ကိုတေဇာ ထက် ကဆိုသည်။

အဝေးပြေး ယာဉ်လိုင်းများနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ယာဉ်မယ် များ ဆောင်ရန်ရှောင်ရန် အချက်များ

-ယာဉ်မထွက် မီ ဂိတ်တွင် ခရီးသည်များ အား အသိပညာပေး စာရွက် များဝေငှရန်။

-ယာဉ်ပေါ်တွင် အရေးပေါ် ထွက်ပေါက်များ၊ မှန်ခွဲရန် အတွက် တူများ ထားရှိသည့်နေရာ များကို ခရီးသည် များအားပြောပြ ရန်။ ပြုလုပ်ရမည့် ပုံစံများ သင်ပြရန်။

-အဝေးပြေး လမ်းနှင့် ပတ်သက်ပြီး အရေးကြီးသည့် ဖုန်းနံပါတ်များ ကို ခရီးသည်များ အားပြောပြရန်။

-ကျွမ်းကျင် သည့် ယာဉ်မောင်းနှ စ်ဦးထားရှိရန်။

-ယာဉ်မောင်း များ၏ ကျန်းမာရေး စစ်ဆေးရန်။ အိပ်ရေး ၀၀အိပ်ရန်။

-အရက်၊ ဘီယာသောက်ပြီး ယာဉ် မမောင်းရန်။

-အိပ်ငိုက်ပြီး ယာဉ် မမောင်းရန်။

-တစ်နာရီ ကီလိုမီတာ ၁၀၀ ထက် ပိုမမောင်းရန်။


 Author: ငြိမ်းချမ်း
From...7 DAY DAILY
 

No comments:

Post a Comment