*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 29 May 2014

နဂါးကြီး ကြိုက်တဲ့ ယွမ် တစ်သိန်း တန် မြန်မာ သတို့သမီး



‘‘တရုတ်ပြည် ဘက်မှာ အနှိပ်ခန်း ဖွင့်မယ်။ သမီး ကို အဲဒီမှာ အလုပ်ပေးမှာ။ အပြင်ထွက် စရာလည်း မလို ဘူး။ အေးအေး ဆေးဆေး သက်သက် သာသာပဲ။ လစာ လည်းကောင်းတယ်။ စပွန်ဆာ လည်းရှိတယ်။ သမီးတော့ သေချာပေါက် ချမ်းသာတော့မှာ’’......

အသက်(၂၀) အရွယ် မပုံ့ပုံ့ (အမည်လွှဲ) အား တရုတ်ပြည် နယ်စပ် ဘက်သို့လိုက်ကာ အလုပ် လုပ်မည် ဆိုလျှင် မပင် မပန်းဘဲ ငွေများစွာ ရပြီး ချမ်းသာနိုင်မည့် အကြောင်းကို အသက် သုံးဆယ်ကျော် အရွယ် အမျိုး သမီးက သူမ ၏လက်တွင် ၀တ်ဆင် ထားသည့် ရွှေလက်ကောက် များကို တချွင်ချွင် လှုပ်ယမ်း ရင်း ပြောပြနေခြင်းဖြစ်သည်။

‘‘ဟိုရောက်ပြီး ကိုယ် ကြိုက်တာတွေ့လို့ တရုတ်ယောက်ျား ကို ယူမယ် ဆိုရင်လည်း ရတယ်။ ကိုယ်က ဘာမှ လုပ်စရာ မလိုဘူး။ တစ်လ ကို ငွေသိန်းချီ ရမှာ။ ခြောက်လ တစ်ခါ ကိုယ့်မိဘ ဆီ ပြန်လည် လို့ရ တယ်။ တရုတ်ယောက်ျားနဲ့ ယူပြီး ကလေးမွေးပေး ရင် သူတို့ က ပိုသဘော ကျတယ်’’ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။


အသားဖြူဖြူ၊ ခန္ဓာကိုယ် ပါးလှပ်လှပ်နှင့် ဆံပင် ကို အရောင် ဆိုးထားသော မပုံ့ပုံ့ အား ၎င်းခေါ်ဆောင် သည့် တရုတ်ပြည် နယ်စပ်သို့ လိုက်ပြီး အလုပ်လုပ် မည်ဆို လျှင် များစွာ အဆင်ပြေနိုင်ကြောင်း ကို ရွှန်းရွှန်းဝေအောင် ပြောနေသည်။ 

ပုံ့ပုံ့ လိုအမျိုးသမီး ငယ်လေးများ အား တရုတ် အမျိုးသား ထံ ရောင်းစားမည် ဆိုလျှင် အမြတ်ငွေ မြိုးမြိုးမြက်မြက် အမြန် ရမည်ကို အမျိုး သမီးကြီးက သိနေသည်။ ထို့ကြောင့် တရုတ်ပြည် နယ်စပ်သို့ လိုက်ခဲ့ ရန် ပြောပြ စည်းရုံးနေစဉ် မှာပင် လမ်းစရိတ် အဖြစ် ကျပ် သုံးသိန်း ကို မပုံ့ပုံ့ အား တစ်ခါတည်း ထုတ်ပေး လိုက်သည်။

၂၀၁၄ နှစ်ဆန်းပိုင်း က မန္တလေးမြို့စွန် ရပ်ကွက် ရှိ တဲအိမ်ငယ် အတွင်း အမျိုးသမီးကြီး တစ်ဦးက ၎င်းအား တရုတ်ပြည် သို့လိုက်ခဲ့ရန် လာရောက် စည်းရုံးခေါ်ဆောင် သည့် အကြောင်းများကို မပုံ့ပုံ့က တစ် ဆင့် ပြန် လည်ပြောပြနေခြင်းဖြစ်သည်။ 

အိမ်ထောင်ဖက် သတို့သမီး ရှားပါးနေသော တရုတ် အမျိုးသားများ ထံ ရောင်းစား ရန် နှစ်စဉ် ရာ ချီသော မြန်မာ အမျိုးသမီးများ လူကုန်ကူး ခံနေရသည်။ 

အသိ ပညာဗဟုသုတ နည်းပါးခြင်း၊ စီးပွားရေး ကျပ်တည်းခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ အိမ်တွင်းရေး မိသားစုပြဿနာ များ ရှိခြင်း၊ ငွေကြေး အလွယ်တကူ ရလိုခြင်းနှင့် ဘ၀ ရပ်တည်ရေး အခက် ခဲဖြစ်နေသော အမျိုးသမီးများအား လူပွဲစား များက အဓိက ပစ်မှတ်ထား ကာ လူကုန် ကူးရန် ကြိုးစားနေမှု များ မြန်မာနိုင်ငံ တွင် တစ်နေ့ တခြား များပြား လာနေကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့ တာဝန်ရှိသူ များက ပြောသည်။

လူပွဲစား များသည် အမျိုးသမီးငယ် များအား တရုတ်နယ်စပ် သို့ လိမ်လည် စည်းရုံးခေါ်ဆောင်ကာ တရုတ် အမျိုးသား များထံ ရောင်းစား ခဲ့ကြရာမှ လက်ရှိ အချိန်တွင် တရုတ် အမျိုးသားနှင့် လက်ထပ် ယူရန် ပေါ် တင်စည်းရုံး ကာ လူကုန် ကူးမှုများ ပင် ရှိနေကြောင်း ဗန်းမော်မြို့ တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး လူကုန် ကူးမှု တားဆီး ကာကွယ်ရေး တပ်ဖွဲ့စုမှူး ရုံး (မန္တလေး) ၏ တပ်ဖွဲ့ စုမှူးဖြစ်သည့် ရဲမှူးဖေသိန်းကျော် က ပြောသည်။

အဓမ္မ ထိမ်းမြား လက်ထပ်ပြီး လိင်ကျွန်ပြုရန်၊ ပြည့်တန်ဆာများ အဖြစ် စေခိုင်းရန်၊ လုပ်အားခေါင်းပုံဖြတ် ရန်၊ ကိုယ်လက် အင်္ဂါနှင့် ခန္ဓာကိုယ်တွင်း ရှိ ကလီစာ များ ရောင်းစား ရန် အပါ အ၀င် ပုံစံ ခုနစ်မျိုးဖြင့် လူကုန် ကူးမှုများ ဖြစ်ပွားလေ့ ရှိသော်လည်း လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ အတွင်း လူကုန် ကူးမှုများ အနက် တရုတ် အမျိုးသား များနှင့် အဓမ္မ လက်ထပ်ရန်၊ တရုတ် မယားအဖြစ် ရောင်းစားရန် လူကုန် ကူးမှု များမှာ အဆိုးရွားဆုံး ဖြစ်နေသည်။

၂၀၀၆ ခုနှစ် မှ ၂၀၁၃ ခုနှစ် အတွင်း မြန်မာနိုင်ငံ တွင် လူကုန်ကူး မှု ၉၉၉ မှု ဖမ်းဆီး အရေးယူနိုင်ခဲ့သည်။ အမျိုးသမီး ၁၈၀၀ ကျော် အပါ အ၀င် လူ ၂၂၀၀ ကျော် ကို လူကုန်ကူးမှု အန္တရာယ်မှ ကာကွယ် တားဆီးနိုင် ခဲ့သည်။ ယင်းဖြစ်စဉ် များထဲမှ ၇၀ ရာခိုင်နှုန်းကျော်ဖြစ်သော အမှုပေါင်း ၆၀၀ ကျော်မှာ တရုတ်နိုင်ငံ သို့ အဓိက ဦးတည်သော လူကုန် ကူးမှုများဖြစ်သည် ဟု လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ စားဝတ်နေရေး အဆင် မပြေခြင်းနှင့် တရုတ်နိုင်ငံ တွင် သတို့ သမီး လိုအပ်ချက် များပြားနေခြင်းကြောင့် မြန်မာ အမျိုးသမီးများ နည်းလမ်း မျိုးစုံဖြင့် စည်းရုံး ခံရကာ လူကုန် ကူးခံနေကြရသည် ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူး မင်းနိုင်က ပြောသည်။

မြန်မာနိုင်ငံ ၏ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်သော တရုတ်နိုင်ငံ သည် ၁၉၇၅ ခုနှစ်ဝန်းကျင် မှ စတင်ကာ တစ်အိမ်ထောင် ကလေး တစ်ဦးနှုန်း သာ ယူရမည့် စနစ်ကို စတင် ကျင့်သုံးခဲ့သည်။ ရိုးရာ အစဉ်အလာအရ သားယောက်ျားလေး ကိုသာ တန်ဖိုးထား သည့် တရုတ် မိဘများကြောင့် လက်ရှိ တရုတ်နိုင်ငံ တွင် အမျိုးသား ဦးရေသည် အမျိုးသမီး ဦးရေထက် သိသာ စွာ ပိုမို များပြားလျက်ရှိနေသည်။ 

တရုတ်နိုင်ငံ အစိုးရ ၏ ထုတ်ပြန်မှုများ အရ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း တရုတ် အမျိုးသား သန်း ၄၀ မှာ အိမ်ထောင်ပြု ရန် သတို့ သမီးရှာ မရဘဲ ဖြစ်နေသည်။ တရုတ် အမျိုးသားများ အတွက် သတို့သမီး လိုအပ်ချက် မှာ ဆက်လက်မြင့် တက်နေမည်ဖြစ်ပြီး လာမည့် ၂၀၅၀ ပြည့်နှစ် တွင် တရုတ် အမျိုးသား များနှင့် လက်ထပ် ရန် သတို့ သမီး သန်း ၅၀ လိုအပ်မည် ဟု ဆိုသည်။

ကုလသမဂ္ဂ ၏ အဆိုအရ ကမ္ဘာတစ်ဝန်း အမျိုးသား ဦးရေမှာ အမျိုးသမီး ဦးရေထက် ပိုမို များပြားနေသည်။ တရုတ်နိုင်ငံ တွင် အမျိုးသမီး ၁၀၀ လျှင် အမျိုးသား ၁၂၅ ဦး ရှိနေသည်ဟု ဆိုသည်။ တရုတ်နိုင်ငံ ရှိ ကျန်စီ၊ ဂွမ်ဒေါင်း၊ ဟိုင်နန်နှင့် အန်ဟွေးပြည်နယ် များတွင် အမျိုးသား ဦးရေမှာ အမျိုးသမီး ဦးရေထက် ၃၀ ရာခိုင်နှုန်း ပိုများနေသည်။ 

တရုတ်ရိုးရာ ဓလေ့အရ ထိမ်းမြား လက်ထပ် စရိတ်ကြီးမြင့်ခြင်းနှင့် အမျိုးသား အမျိုးသမီး အချိုး မညီဖြစ်နေခြင်း များကြောင့် မသန် စွမ်းသူ၊ ဆွံ့အသူ၊ စိတ်ပေါ့သွပ် သူနှင့် အသက်ကြီးသူ တရုတ် အမျိုးသား များမှာ အိမ်ထောင်ဖက် ရရန် ခဲယဉ်းနေသည်။

ထို့အတွက် အိမ်နီးချင်းနိုင်ငံ များဖြစ်သည့် မြန်မာ၊ လာအိုနှင့် ဗီယက်နမ်မြောက်ပိုင်း မှ အမျိုးသမီးများ သည် တရုတ်တောသား တို့၏ အဓိက ပစ်မှတ်ဖြစ်လာနေသည်။ နိုင်ငံခြားသူ ကို ၀ယ်ယူပြီး ဇနီးမယား အဖြစ် ပေါင်းသင်းခြင်း သည် တရုတ် အမျိုးသားများကြောင့် ပိုမို ကျယ်ပြန့်လာနေသည် ဟု ဆိုသည်။

နိုင်ငံ အတွင်း သတို့ သမီးရှာ မရသော တရုတ် အမျိုးသားများက အိမ်နီးချင်းနိုင်ငံ များမှ အမျိုးသမီးများ ကို ပစ်မှတ် ထားပြီး ငွေပေး ၀ယ်ယူကာ ဇနီးမယား အဖြစ် ပေါင်းသင်းနေထိုင်ခြင်း သည် တရုတ်နိုင်ငံတွင် ဓလေ့ ထုံးစံ တစ်ခုသဖွယ် ဖြစ်လာနေသည် ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲမှူးချုပ် ၀င်းနိုင်ထွန်း က သူ၏ နိုင်ငံဖြတ်ကျော် ငရဲခန်းနှင့် သားကောင် တို့ နားခိုရာ ဆိုသည့် လူကုန် ကူးမှု ပညာပေး စာအုပ်နှစ်အုပ် တွင် ရေးသားထားသည်။

တရုတ် နယ်စပ် တစ်လျှောက်တွင် လူကုန် ကူးခြင်းနှင့် သတို့သမီး အရောင်းအ၀ယ် လုပ်ငန်းများ ပိုမို ကျယ်ပြန့် လာနေပြီး မြန်မာ အမျိုးသမီးငယ် များလည်း တရုတ် အမျိုးသားထံ ရောင်းစားရန် နည်းလမ်း မျိုးစုံဖြင့် စည်းရုံး ခံနေရသည် ဟု ဆိုသည်။

 တရုတ် အမျိုးသားသည် တရုတ် အမျိုးသမီးကို လက်ထပ်ပေါင်းသင်းခွင့် ရရန် အနိမ့်ဆုံး ယွမ်ငွေ ငါးသောင်း (အမေရိကန်ဒေါ်လာ ၇၃၀၀) ပေးအပ် ရပြီး မြန်မာ အမျိုးသမီးကို ဇနီးမယား အဖြစ် ပေါင်း သင်းရန် ၀ယ်ယူမည် ဆိုလျှင် ယွမ်ငွေနှစ်သောင်း (အမေရိကန်ဒေါ်လာ ၃၀၀၀) သာ ပေးချေ ရသည်ဟု တရုတ်-မြန်မာ နယ်စပ်မှ သတို့ သမီးအောင်သွယ် လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောကြောင်း ရဲမှူးချုပ် ၀င်းနိုင်ထွန်း ၏ စာအုပ်တွင် ရေးသားထားသည်။

ထိုသို့ ဈေးနှုန်း ချိုသာခြင်းကြောင့် တရုတ် မိဘများမှာ လူကုန် ကူးပွဲစားများ မှတစ်ဆင့် မြန်မာ အမျိုး သမီးများ ကို ၀ယ်ယူကြသည် ဟု ဆိုသည်။ မြန်မာနယ်စပ် အနီး တရုတ်နိုင်ငံ အတွင်းရှိ ကျေးရွာ အချို့တွင် မြန်မာ အမျိုးသမီး ၁၀ ဦး မှ ၁၅ ဦး အထိ ရှိနေသည့် ရွာများပင် ရှိနေကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ၀င်းနိုင်ထွန်းက သူ၏ လူကုန်ကူးမှု ပညာပေး စာအုပ်များတွင် ရေးသားထားသည်။

တရုတ် အမျိုးသားနှင့် ပေးစား ခံရသူ မြန်မာ အမျိုးသမီးများ မှာ အသက် (၁၈) နှစ် အရွယ်နှင့် (၄၅) နှစ် ကြား အများ ဆုံးဖြစ်ပြီး တစ်ခါ တစ်ရံတွင် အသက် (၁၈) နှစ်အောက် မိန်းကလေးငယ်များ ပါ ပါဝင်သည် ဟု ဒု-ရဲမှူးမင်းနိုင် ကပြောသည်။ 

 ရှစ်နှစ် အတွင်း တရုတ် အမျိုးသားထံ ရောင်းစား ရန် လူကုန်ကူးမှု ၆၀၀ ကျော် ဖြစ်ပွားခဲ့ ရာ မြန်မာ အမျိုး သမီးများ အား တရုတ် မှ အမြင့်ဆုံးပေးဝယ်သည့်ဈေး မှာ ယွမ်ခြောက်သောင်းခွဲဖြစ်သည် ဟု ၎င်း ကပြော သည်။

တရုတ်သို့ ရောင်းစား ခံရပြီးလျှင် အများစု မှာ နေ့ခင်းဘက် တွင် တောင်ယာ လုပ်ငန်းများ လုပ်ကိုင်ရပြီး ညဘက်တွင် တရုတ်မယား အဖြစ် နေထိုင်ကြ ရသည်။ လူကုန်ကူး ခံရပြီး ပြန်လည် လွတ်မြောက် လာသူ
အချို့ သည် အချို့ တရုတ်အိမ် များတွင် သားအဖ သုံးယောက် ကို လင်တော် ရမှုများ ထိ ရှိသည် ဟုဆို သည်။
 
‘‘လက်မပါတာ၊ ခြေနှစ် ဖက်ပြတ်နေတာ၊ နားနှစ်ဖက် ကန်းနေတာ၊ စိတ်မနှံ့ တာတွေဖြစ်နေ တဲ့ ယောက်ျားတွေ နဲ့ ယူကြ ရတာ။ တချို့ဆို သားအဖသုံးယောက်နေ တဲ့ အိမ်ကို ရောက် သွားတာ မျိုးရှိဖူးတယ်။ အဲဒါကျ ပြည့်တန်ဆာ ၀ယ်သလို ကို ဖြစ်သွားပြီ’’ဟု ရဲမှူးဖေသိန်းကျော် က ပြောသည်။

လူကုန်ကူး ခံရသူ အမျိုးသမီးများ ၏ ရင်နင့် ဖွယ် ရာ ဖြစ်ရပ်များမှာ တစ်ယောက် တစ်မျိုးစီ မရိုးနိုင်အောင် ရှိနေ သည်။ တရုတ် အမျိုးသားအား သားယောက်ျားလေး မွေးပေးပြီး ပါက အခြား တရုတ် အမျိုးသား တစ်ဦးထံ လျှော့ဈေးဖြင့် ပြန်လည်ရောင်းချ ခံရမှုများလည်း ရှိတတ်သည်။

တရုတ် ဇနီးမယားအဖြစ် လူကုန်ကူး ခံရပြီး ပြန်လည် လွတ်မြောက်လာသူ များတွင်လည်း HIV၊ AIDS စသည့်ရောဂါ များ၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာဒဏ်ရာ များ၊ ထိခိုက် မှုများ ကြုံတွေ့ခဲ့ရသည် ဟု ဆိုသည်။
မြန်မာနိုင်ငံ တွင်း ဒေသ ဖွံ့ဖြိုးမှု နည်းသော မြို့ရွာများ တွင် နေထိုင် သူများနှင့် နယ်စပ်ဒေသ များ တွင် နေထိုင် သူများမှာ လူကုန်ကူးမှု အန္တရာယ် အများဆုံး ရင်ဆိုင်ကြုံတွေ့နေရသည် ဟု မြန်မာနိုင်ငံ တွင်း လူကုန် ကူးမှုတားဆီး ကာကွယ်ရေး လာရောက် လုပ်ဆောင်နေသည့် World Vision မှ မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် လူကုန်ကူးမှု တိုက်ဖျက်ရေး လက်ထောက် စီမံချက်မန်နေဂျာ ဦးကျော်မြင့်ဦး က ပြောသည်။

အသိပညာ ဗဟုသုတ နည်းပါးခြင်း မှာ လူကုန်ကူးမှု များ ဖြစ်ပွားစေ သည့် အဓိက အကြောင်းရင်းဖြစ်ပြီး မိသားစု အခက်အခဲနှင့် ဘ၀ ရပ်တည်ရေး အတွက် နေရပ်ပြောင်းရွှေ့လုပ်ကိုင်ကြ ရာမှ လူပွဲစား များ၏ အခွင့် အရေးယူခြင်းခံ ရပြီး လူကုန်ကူး ခံကြရခြင်းဖြစ်သည်ဟု ဦးကျော်မြင့်ဦး ကပြောသည်။

ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး ဘိန်းနှင့်မူးယစ်ဆေးဝါး သုံးစွဲမှု များပြားနေသော တရုတ်နိုင်ငံ နှင့် ထိစပ်နေ သည့် ရှမ်းပြည် နယ်မြောက်ပိုင်း ပလောင် (တအောင်း)ဒေသ တွင် လူကုန် ကူးမှုနှင့် ပလောင် အမျိုးသမီး များ တရုတ် အမျိုးသားနှင့် လက်ထပ်မှု မှာ စိုးရိမ်ဖွယ်ရာ အခြေအနေ ထိ ရောက် ရှိနေပြီ ဟု တအောင်း အမျိုးသမီး အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဒီဒီပိုးစေင် (ဒီဒီပိုကြိမ်း) က ပြောသည်။

တအောင်း အမျိုးသမီး အစည်းအရုံး သည် ပလောင် အမျိုးသမီးများ အခွင့်အရေး အတွက် လှုပ်ရှား လုပ်ကိုင်နေသော အဖွဲ့ဖြစ် သလို ယခင်က ရွှေလီမြို့နှင့် လက်ရှိ တွင် မူဆယ်မြို့၌ နားခို ရာဂေဟာငယ်လေး များဖွင့် ကာ လူကုန်ကူးခံ အမျိုးသမီးများ အား ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်နေသော အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

ပလောင်ဒေသ ရှိ ကျေးရွာ တိုင်းတွင် တရုတ် အမျိုးသားနှင့် လက်ထပ် ထားသူ တိုင်းရင်းသူ အမျိုးသမီး အနည်းဆုံး ငါးဦးနှင့် အထက် ရှိနေကြောင်း ၎င်းကပြောသည်။ ပလောင် အမျိုးသမီးများ တရုတ် အမျိုး သားနှင့် လက်ထပ်ခြင်း သည် အချို့က လူကုန်ကူး ခံရ၍ဖြစ် သလို အချို့မှာ နယ်စပ်သို့ သွားရောက် လုပ်ကိုင်ရင်း ကိုယ်တိုင် သဘောတူ လက်ထပ်ထားသူ များလည်း ရှိသည်။

လက်ဖက် စိုက်ပျိုးရေး ကို အဓိက စီးပွားရေးလုပ်ငန်း အဖြစ် လုပ်ကိုင်သော ပလောင် (တအောင်း) ဒေသ တွင် လက်ဖက်ဈေးနှုန်း ကျဆင်းခြင်းကြောင့် အလုပ် လက်မဲ့ပြဿနာ ကြီးထွားနေသည်။ ထို့ အတွက် ဒေသခံ တိုင်းရင်းသူ၊ တိုင်းရင်းသား များမှာ အခြားဒေသများ သို့ ရွှေ့ပြောင်း အလုပ်သမားများ အဖြစ် သွားရောက် လုပ်ကိုင်မှု များသည်။ 

ထို့အပြင် ပလောင်လူငယ် အများစုမှာ မူးယစ်ဆေး စွဲမှုပြဿနာကြောင့် စားဝတ်နေရေး ခက်ခဲပြီး အမျိုး သမီးများ ပြင်ပထွက် အလုပ်လုပ် ကိုင်ရာမှ အဆင် မပြေဖြစ် ၍ ယခုကဲ့သို့ တရုတ် အမျိုးသားများနှင့် လက်ထပ်ပေါင်း သင်းခြင်းနှင့် လူကုန်ကူး ခံရမှု များပြားနေခြင်းဖြစ်ကြောင်း ဒီဒီပိုးစေင် (ဒီဒီပိုးကြိမ်) က ပြောသည်။

‘‘ဒီမှာနေရတာ ဆင်းရဲတယ်။ စားဝတ်နေရေး အဆင် မပြေဘူး။ ဟိုမှာ အလုပ်လုပ် ရင်းနဲ့ ရောင်းစား ခံရတဲ့ သူရှိ သလို အိမ်မှာနေရင်း နဲ့ ပွဲစားတွေက လာပြီး မြှူဆွယ် စည်းရုံးလို့ ပါသွားပြီးတော့ ရောင်းစား ခံရတာတွေ လည်း ရှိတယ်။ တရုတ်ပြည်ရောက်သွား ရင် ချမ်းသာမယ် ဆိုပြီး တရုတ် အမျိုးသားကို ကိုယ်တိုင် သဘောတူပြီး ယူတဲ့ လူလည်း ရှိတယ်။ 

ဒါပေမဲ့ တကယ့်လက်တွေ့ မှာတော့ ဟိုရောက် သွားရင် ဒုက္ခရောက် သွားတာများတယ်။ တရုတ်တွေ က ကလေးလိုချင်တယ်။ ကလေးမွေးပြီး ရင် နောက် တစ်ယောက် ကို လျှော့ဈေးနဲ့ ထပ်ရောင်း တာမျိုးလည်းရှိတယ်’’ ဟု ၎င်းက ပြောသည်။

လူကုန်ကူးမှု များသည် မြန်မာနိုင်ငံ အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် ဖြစ်ပွား လျက်ရှိ သည်။ လူကုန်ကူးတား ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော မြန်မာနိုင်ငံ အတွင်း လူကုန်ကူးမှု အဖြစ်အများဆုံး ၄၁ မြို့နယ် တွင် မန္တလေးခရိုင်ခြောက်မြို့နယ် အပါအ၀င် လက်နက်ကိုင် တိုက်ပွဲများဖြစ်ပွားနေသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တရုတ် နယ်စပ်မှ မြို့ရွာများ ပါဝင်နေသည်။

လူကုန်ကူး မှုနှင့် တရုတ် အမျိုးသား များနှင့် လက်ထပ်ပေါင်းသင်းနေသူများ ကို တားဆီး ထိန်းချုပ်နိုင်မှု မရှိပါက လာမည့်နှစ် များတွင် ပလောင် (တအောင်း) တိုင်းရင်းသား များ လူမျိုးပျောက်မည် ကိုပင် စိုးရိမ်နေ ရသည်ဟု ဒီဒီပိုးစေင်(ဒီဒီပိုးကြိမ်)က ပြောသည်။

၂၀၀၅ ခုနှစ် တွင် မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး ထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၂၀၀၈ ခုနှစ် တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ကို သီးခြား ဖွဲ့စည်းခဲ့ပြီး လူကုန်ကူးမှု တားဆီးရေး နိုင်ငံတော် အဆင့် အလေးထား လုပ်ဆောင်လျက်ရှိသည်။ 

ထို့ပြင် ကုလသမဂ္ဂ (UNIAP) ၏ ညှိနှိုင်းဆောင်ရွက် မှုဖြင့် တရုတ်နိုင်ငံ အပါအ၀င် မဲခေါင်ခြောက်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု များ လုပ်ဆောင်နေကြောင်း လူကုန်တား တပ်ဖွဲ့မှ ဒု-ရဲမှူးမင်းနိုင်က ပြောသည်။ 

ထို့အတူ တရုတ်နိုင်ငံနှင့် လည်း ပူးပေါင်းပြီး နှစ်နိုင်ငံ နယ်စပ်မြို့ များဖြစ်သည့် မူဆယ်-ရွှေလီနှင့် လွယ်ဂျယ်-ကျန်းဖုန်းမြို့ များတွင် နယ်စပ် ဆက်ဆံရေးရုံးများ ဖွင့်ကာ လူကုန်ကူးမှု တားဆီးနိုင်ရေး ဆောင် ရွက်နေသည်ဟု ဆိုသည်။

လူကုန် ကူးမှုများ လျော့ကျစေရန် အသိ ပညာပေးဟောပြောခြင်း များ ပြုလုပ်ပေးနေသော် လည်း ဒေသခံ အများစုမှာ စိတ်ပါ ၀င်စားမှု နည်းသည့် အတွက် လူကုန်ကူးမှု တားဆီးနိုင်ရေး အခက်အခဲ များရှိနေကြောင်း လူကုန်ကူးတား တပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူးမင်းနိုင်က ပြောသည်။

လူကုန်ကူးမှု များ လျော့နည်း ပပျောက်စေရန် အသိပညာပေးဟောပြောပွဲ များတွင် တက်ရောက် နားထောင် ရန် လိုအပ် မည်ဖြစ်သလို ဒေသခံ လူထု အနေဖြင့် ကိုယ်တိုင်ကြုံ မဟုတ်ဘဲ လူကုန်ကူးမှု မသင်္ကာမှု များတွေ့လျှင်ပင် ၀ိုင်းဝန်း ပူးပေါင်းဖော်ထုတ်ပေးရန် လိုအပ်သည် ဟု ၎င်းက ဆက်လက်ပြော သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၈) နိုင်ငံသားများ မူလ အခွင့်အရေးနှင့် တာဝန်များ ပုဒ်မ (၃၅၈) တွင် လူကုန်ကူးမှု များကို တားမြစ်သည် ဟူသည့်အချက် ပါဝင်သည်။ လူကုန်ကူးမှု များ ပြုလုပ် သည်ကို အထောက် အထားများနှင့် တကွ မိပါ ကလည်း ထောင်ဒဏ် အနည်းဆုံး ဆယ်နှစ်မှ တစ်သက် တစ်ကျွန်း၊ သေဒဏ် အထိ ကျခံရနိုင်ကြောင်း လူကုန်ကူး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

သို့သော် အလုပ်အကိုင် အခွင့်လမ်း နည်းပါးခြင်းနှင့် ဆင်းရဲမွဲတေ ကာ ဘ၀ရပ်တည်ရေး အခက်အခဲ များကြောင့် မြန်မာနိုင်ငံ အတွင်း လူကုန် ကူးမှုများ ဆက်လက်ဖြစ် ပွားနေဆဲ ဖြစ်သည်။ ၂၀၁၃ ခုနှစ် နောက် ပိုင်းတွင် လူကုန်ကူးမှု ကျူးလွန် ခံခဲ့ရသည့် အမျိုးသမီး အချို့မှာ လူကုန် ကူးမှု များ ပြန်လည် ကျူးလွန်လာကြ သည့် ဖြစ်စဉ် များပင် ရှိလာသည်ဟု ရဲမှူးဖေသိန်းကျော် က ပြောသည်။
ထိုသို့ လူကုန်ကူး ခံရသူက ပြန်လည် လူကုန်ကူးမှု များတွင် ၎င်းတို့ ၏ တရုတ် အမျိုးသားများ၏ ခိုင်းစေမှု များကြောင့် ပါဝင်နေ သလို တချို့ဖြစ်စဉ် များတွင် လူကုန် ကူးခြင်းမှာ ငွေကြေးများစွာ အလွယ် တကူရ ရှိနိုင်သည့် နည်း လမ်းဖြစ်ကြောင်း ကို သိရှိ သွားကြသောကြောင့် အဆင့်ဆင့် လူကုန် ကူးကြခြင်းဖြစ်နိုင် သည်ဟု ရဲမှူးဖေသိန်းကျော် က သုံးသပ်သည်။
မန္တလေးမြို့ တွင် နေထိုင် သည့် မပုံ့ပုံ့ သည် လူပွဲစားခေါ်ဆောင် ရာနောက်သို့ လိုက်ရန် သဘောတူ လိုက်သည်။ နောက် တစ်နေ့ နံနက် တွင် မန္တလေး မှ မူဆယ်သို့ မော်တော်ကားဖြင့် ထွက်ခွာကြ မည်ဖြစ် သည်။ သို့သော် မပုံ့ပုံ့ မှာ လူကုန်ကူး ခံရမည့်ဘေးမှ လွတ်မြောက်ခဲ့သည်။ ၎င်းနှင့် လူ ပွဲစားတို့ ကားပေါ်ရောက်ပြီး မှ လူကုန်ကူးတား တပ်ဖွဲ့ဝင်များ က အချိန်မီ တားဆီး ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ တားဆီးနိုင်ရန်နှင့် လူကုန်ကူးပွဲစား ကို ဖမ်းဆီးနိုင် ရန် မပုံ့ပုံ့ က လူကုန်ကူးတား တပ်ဖွဲ့ဝင်များနှင့် ကြိုတင် ညှိနှိုင်း အချိန်း အချက်ပြုလုပ် ထားခြင်းဖြစ်သည်။ တကယ်တော့ မပုံ့ပုံ့ သည် လူပွဲစား ကို ဖမ်းဆီးနိုင် ရန် လူကုန်ကူးတား တပ်ဖွဲ့မှ စေလွှတ် ထားသည့် အသွင် ယူထားသော တည်ကြက်ပင်ဖြစ် သည်။ 

၎င်းက လူကုန်တား တပ်ဖွဲ့ဝင် မဟုတ်ပါ။ အမျိုးသားရေး အတွက် ကိုယ့်စရိတ်နှင့် ကိုယ် လူကုန် ကူးမှုများ ကို ပူးပေါင်းဖော် ထုတ်ပေးနေသူ ဖြစ်ပါသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အတွင်းက မပုံ့ပုံ့နေထိုင်သော ရပ်ကွက် အတွင်း လူကုန် ကူးမှုနှင့် သက်ဆိုင် သည့် ဟောပြောပွဲ တစ်ခုသို့ တက်ရောက် ခဲ့ပြီး နောက်ပိုင်းမှ စ၍ မန္တလေးတိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့ထံသို့ သွားရောက် ကာ ပူးပေါင်း ခဲ့ခြင်းဖြစ်သည်။ ယနေ့ အချိန်ထိ ဆိုလျှင် မပုံ့ပုံ့ အသွင်ယူပြီး ဖမ်းဆီးခဲ့ပြီးသည့် အမှုသုံးမှု ရှိခဲ့ပြီဖြစ်သည်။


မောင်တာ၊ အေးမွန်ရာပြည့်
7Day News Journal အတွဲ (၁၃)၊ အမှတ်(၁၂)






2 comments: