*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday, 4 April 2014

တံငါသည် မြေးအဖိုးနှင့် နတ်မနိုင် ကွက်သစ်

(၁)

သည် တလောတွင် မြေးအဖိုးနှစ်ယောက်  ။ အိပ်လိုက် စားလိုက် လည်လိုက်နှင့်ပင် ဇိမ်ကျနေလေသည်။ ကြာလာတော့ အဖွားဖြစ်သူ မိကျင်လှိုင် မှာ အမြင်ကတ်လာပြီ ဖြစ်သည်ကို မြေးအဖိုးနှစ်ယောက် မတိုင် ပင်ဘဲနှင့်ပင် အတတ်သိနေသည်။ မဖြစ် … သည်အတိုင်းနေလို့ မဖြစ်။ တော်ကြာ ထမင်းပင် ချက်မကျွေး ပဲ နေလိမ့်မည်။ သို့နှင့် …



အဖိုးဖြစ်သူမှာ သူ့ အလုပ်ကိစ္စရှိသည် ဟုဆိုပြီး လှော်တက် တစ်ချောင်းဆွဲကာ လှေဆိပ်သို့ ဆင်းသွား သည်။ ကျနော်လည်း ဘယ်သွား ရမှန်းမသိဖြစ်နေစဉ် လူဆိုး သူငယ်ချင်းများဖြစ်သော မောင်ပျော့ (လေးဂွ ပစ်ရာတွင် အထူးဂုဏ်ထူး ယူထားသူ)၊ ခါးတို (ခါတိုပြီး ပုကွကွဖြစ်နေလို့)၊ ပူးနောင်းဂျိန် (သူ့အိမ်၌ သူစိတ် ဆိုးရာတွင် နတ်ကနား ကသကဲ့သို့ မျောက်လို ခုန်တတ်၍)၊ သဲမောင် (ညီဖြစ်သူ) တို့ ခြံဝင်းထဲ ရောက် လာကြသည်။

မောင်ပျော့မှ “ဟေး … ငအောင် … နတ်ကပွဲ မသွားဘူးလားဟ … ဟိုမှာ စနေလောက်ပြီ”

သြော် … ဟုတ်ပါ့ … တစ်နှစ်မှ မသွားဖြစ်ခဲ့သည့် နတ်ကပွဲ စသည်မှာ ဒီနေ့ပဲကိုး။

“သြော် … အေးအေး … ငါမေ့နေလို့ကွ … သွားမယ် အခုပဲသွားမယ်”

စကားပြော မဆုံးသေး ခင်ပင် ရွာထိပ်မှ နတ်ဆိုင်း သံများ စတင်နေပြီဖြစ်လေသည်။ ထို့နှင့် လွယ်အိတ် ကို ပြေးလွယ်၍ုကုန်းကြောင်းဖြင့် အသော့နှင်ကြတော့သည်။

(၂)

နတ်ကရာ ခြံဝင်းသည် ကား ကျယ်ဝန်းလှသော်လည်း သက်တမ်း ၂၀၀ ကျော်ရှိနေပြီဖြစ်သော ညောင်ပင် ကြီး လေးပင်ကြောင့် အနည်းငယ်ကျဉ်းသည် ဟု ထင်ရသည်။ ရာသီဥတု ပူသော်လည်း ညောင်ပင် ကြီး များ၏ အရိပ်ကောင်းမှုကြောင့် အတော်ပင် အေးစိမ့်သည်။ ယခု ထိုညောင်ပင်ကြီးများ ရှိမရှိ မသိတော့ … နတ်မနိုင်သားများ ၏ လက်ချက်ကို နတ်မနိုင်သားတို့သာ သိသည်မဟုတ်ပါလော။

ပရိတ်သတ်နှင့် နတ်ကတော်များအပါဝင် လူပေါင်း ၄၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ နတ်ဆိုင်းဝိုင်း တီးနေကြသည့် ဦးပေတိုးတို့၏ လက်သံကလည်း ကြောက်ခမန်းလိလိပင်။ အရက်မူးမူးနှင့် တီးနေ သည်လားတော့ မပြောတတ်။ ဗြောသံ ဗုံသံ ဒိုးပတ်သံတိုသည့်ကား အချင်းချင်း စကားကပ်ပြောလျှင်ပင် မကြားတစ်ချက် ကြားတစ်ချက်နှင့်။

ကျနော်တို့ တစ်အုပ်စု လုံး မလှမ်းမကမ်းတွင် ရှိနေသော ရွှေဖျင်းကြီး ရွှေဖျင်းလေး နတ်ကွန်းအောက်၌ ကုန်းကွ၍ ဝင်သွားကာ ထိုင်၍နေရာယူလိုက်ကြသည်။ တော်ကြာ နေရာများရှိတော့မည်မဟုတ်။ ရွာမှ နတ်ကတော် များ ဖြစ်ကြသည့် အဖွားမရှမ်း၊ ဒေါ်ပြုံးချို၊ ဒေါ်သန်းစိန်၊ ဦးတောကြီးနှင့် အခြားနှစ်ယောက်မှာ လှုပ်စိ လှုပ်စိ ဖြစ်နေပြီကို တွေ့လိုက်ရသည်။

ထိုအခြားနှစ်ယောက် မှာ မြို့မှလာသည်ဟု ပြောသော်လည်း ယောက်ျားဖြစ်ပါလျှက် မိန်းမထမီတွေ ဝတ်ပြီး ဘာတွေလူးထားမှန်းမသိ။ ကျနော်တွေ့ဖူးသည့် မြို့သားများမှာ အသားဖြူ ရုပ်ချောသော်လည်း ယခုနှစ်ယောက် ကား သူတို့ရုပ် ကိုကြည့်၍ ထမင်းစားမဝင်မှာ သေချာသည်။ သူတို့၏မျက်ခွက်ကို ဒူးရင်းသီးနှင့် ပစ်ပေါက်ချင်စိတ် ပေါက်သွားသည်။ ထားလိုက်ပါတော့ … အဓိကကား နတ်ကသည်ကို ကြည့်ဖို့ပင်။

နတ်ကတော်များကား ဘယ်နေရာ ဘယ်ဒေသေတွင် နေသည်မသိသော နတ်များကို ဦးတိုက်နေကြလေပြီ။

(၃)

ပထမပိုင်းတွင် အမျိုးအမည် မှတ်ဖို့ပင် ခက်ရလောက်အောင် များပြား လှသော နတ်များနှင့် နတ်ကတော် များ နတ်ဝင်လိုက် နတ်ထွက် လိုက်နှင့် အလုပ်ရှုပ်နေကြသည်။ အရက်ပိုမူးလေ လက်သံပိုပြောင်သည့် ဦးပေတိုး၏ ပတ်မတီးသံ လည်း နားကွဲမတတ်။ 


ကျနော်တို့ အုပ်စုကား စိတ်ဝင်စားစွာဖြင့် မျက်တောင် မခတ် ကြည့်နေမိကြသည်။ ဘေးမှ သူငယ်ချင်းဖြစ် သူ ပူးနောင်းဂျိန် ကား သူစိတ်ဝင်စား သည့် လိုင်းမို့လား မပြောတတ်။ နှပ်ချေးများ တွဲလောင်းကျနေသည် ကိုပင် သတိထားမိပုံမရ။

တစ်ခါတရံ ပရိတ်သတ်များ ထံသို့ နတ်ကတော်များ ထဲသို့ ပူးဝင်နေသည့် နတ်များကား အုန်းသီး ထန်းညက် များ၊ မုန့်များနှင့် အသီးအနှံ မျိုးစုံတို့အား စွန့်ကြဲပေးသနား တတ်ကြသေးသည်။ သို့သော် ကျနော့်စိတ်ထဲ၌ ကား သူတို့ စားမကောင်း၍သာ စွန့်ကြဲပေးသည်ဟု ထင်လေသည်။


 ကြည့်လေ့ … ကျနော်တို့ အုပ်စုရှေ့သို့ ကျရောက် လာသော စွန့်ကြဲခဲ့သည့်မုန့် များမှာ တစ်ခုမှ အရသာ မရှိ။ မုန့်လက်ကောက်တဲ့ … စားရသည် မှာ ဖွယ်တယ်တယ်နှင့်။ အရှေ့တွင် ကျလာသည် မုန့်များအား လုစား ရသည်မှာ ပျော်စရာတော့ အကောင်းသား။ တစ်ခါတရံ တွင်လည်း စား၍ကောင်းသည့် မုန့်များ လည်း ကျရောက် လာတတ်သည်။ ထိုအခါတွင်တော့ အချင်းချင်း (ဒါမှမဟုတ်) ကျနော်တို့ အရွယ် အခြား ရွာမှ လမ်းသရဲများနှင့် နပမ်း သတ်ကြပြီသာမှတ်။

(၄)

ညနေ သုံးနာရီကျော်ခန့် ရှိနေလေပြီ … အသေးအဖွဲ နတ်များ ကုန်သွားပြီဖြစ်၍ နာမည်ကြီးနတ်များ ထွက် ကကြတော့မည်။ ထိုအချိန်တွင် နတ်ကတော် အချို့လည်း မူးနေလေပြီ။ နတ်သောက်သည်က နည်းနည်း။ သူတို့သောက်သည်က များသည်ကိုး … မူးပေမပေါ့။

ဟော … ရောက်ချလာပါပြီ။ ဦးမင်းကျော် တဲ့ … ကျနော့်အဖိုးက အလွန်အရက်ကြိုက်သည့် နတ်ဟု ပြောပြ ဖူးသည်။ ပြီးတော့ ကြက်တိုက်တာလဲ ဝါသနာ ခေသူမဟုတ်တဲ့။ အင်း … ဒါလဲ ဖြစ်နိုင်တာပဲ နတ်ကတော့ မမြင်ရလို့ မသိဘူး။ နတ်ကတော် ဦးတောကြီးကား အရက် ထန်းရည် အလွန်ကြိုက်သလို ကြက် ခဏ ခဏ တိုက်ပြီး ရန်ဖြစ်သဖြင့် သူကြီးထိပ်တုံးနှင့် ခဏခဏ ညားခဲ့သည်မှာ အကြိမ်ပေါင်းမနည်း။

ဦးမင်းကျော် ဆိုသော နတ်ကား စတိုင်လ်ကြီးနှင့် ခါးထောက်၍ ပဲကများနေသေးသည်။ လက်တစ်ဖက်ထဲ တွင်တော့ ကျနော်တို့ရွာက ချက်အရက်မဟုတ်သည်မှာ သေချာသည်။ အရောင်မှာ နီညိုရောင်ဖြစ်ပြီး ပုလင်းမှာ ကျနော်တစ်ခါ မှ မတွေ့ဖူးပါ။ အဖိုးကို စစ်သား တစ်ယောက် လက်ဆောင် ပေးခဲ့ဖူးသည်နှင့် အနည်းငယ် ဆင်သည်။

အရက်သောက်လိုက် ကြက်ကြော် ဝါးလိုက် အရှေ့ရွာမှ ကရင် အဖွားအို လိပ်ပေးသည့် ဆေးပေါ့လိပ်ကို မယူ … ခေါင်းခါ ၍ ငြင်းသည်။ စီးကရက်မှ ရမယ်တဲ့။ တောက် ! … အလွန်ကြီးကျယ် တဲ့နတ်။ တောရွာ ဇနပုပ်ကို မှလာပြီး စီးကရက်တောင်းရတယ် လို့။ မတတ်နိုင် … နတ်ကတော် များ ကြံဖန်ရှာ၍ ဆက်သရ သည်။ 


ထိုအခါကျမှပင် အမျက်တော် ပြေတော့သည်။ အတန်ကြာသော် စားလိုက် သောက်လိုက်နှင့် ရေချိန် ကိုက်သွားသည် လား မပြောတတ်။ ပြန်ကြွချင်ပြီ ဟုဆိုကာ ဘာမပြော ညာမပြောနှင့် ထွက်သွားတော့ သည်။ နတ်ကတော် ဦးတောကြီးကား အရုပ်ကြိုးပြတ် လဲကျန်ခဲ့သည်။

တစ်ဖက်သို့ လှည့်ကြည့်သော် မနှဲလေး ဆိုသော နတ်ကား ဘယ်အချိန်က ဝင်လာသည် မသိ … တုန်တုန် တုန်တုန်နှင့် နတ်ကတော် အဖွား မရှမ်းနှင့် ခေါင်းချင်းက ပ်၍ စကားပြောနေသည် ကို တွေ့ရသည်။ ကြည့်ရသည် မှာ အဖွားမရှမ်း အား ဘာတွေချွဲနေသည် မသိ။ ထိုနတ်သည်ကား အလွန်ချွဲ တတ်ပြီး စကားပြော လျှင် ညုတုတုနိုင်လှ သည်ဟု နတ်ကတော် အဖွားမရှမ်း ပြောပြဖူးသည်။

ခဏကြာသော် ဆဲသံဆိုသံကြား၍ တစ်ဖက်သို့လှည့်ကြည့်လိုက်သည်။ ဒေါ်သန်းစိန် နတ်ဝင်၍ ကြမ်းနေလေပြီ။ အဆဲကြမ်းသည့်နတ်မှာ ဘာနတ်လဲမသိ။ တစ်ဖွဲ့လုံး စိတ်ဝင်စားသွားမိသည်။ အိုး … အမေဂျမ်းဆိုတဲ့ နတ်ဖြစ်ရမည်။

“မိဂျမ်းတဲ့ဟေ့ … တစ်ဂျမ်းထဲရှိသည် … ငါ့ကို ဘာမှတ်နေလို့လဲ … မအေ ! + @ _ # ) $ ( % * ^ & ” ဟု အဖွား မိကျင်လှိုင်ပင် မတတ်သည့် အဆဲနည်း ပညာများကို ပါးစပ်သေနတ် မှ တရစပ် ပစ် လွှတ်လေတော့ သည်။ အချို့ကလေးများနှင့် လူကြီးများကာ ကြောက်သွားပြီး နောက်သို့ရှဲသွားကြသည်။

အလွန်အဆဲကြမ်းသည့် အပြင် အနေအထိုင် ပါ ကြမ်းလှရာ နတ်ကတော် ဒေါ်သန်းစိန် ၏ ထမီကိုခါး ကြိုးစည်း ထားပေးရလေသည်။ ဆဲဆို ခုန်ပေါက်၍ ကြမ်းချင် ရာ ကြမ်းနေလေသည်။ ဘုရား ဘုရား … အလွန်ကြမ်းတမ်း သည့် နတ်ပါတကား။ နတ် ဘဝပင် ဤမျှ ကြမ်းနေလျှင် လူ့ဘဝနေစဉ် တွင် မည်မျှ ကြမ်းခဲ့သည် မသိ။ အဆဲကြမ်း လွန်း၍ အများတကာ မှ ရိုက်သတ်လိုက်သည် ဆိုတော့ အထောက် အထား ကား ဤမျှလောက်ကြည့်ရုံဖြင့် လုံလောက်သည်။

ကြည့်နေစဉ် ခါးကို တစ်ဦး တစ်ယောက် လက်လာ ကုတ်သဖြင့် လှည့်ကြည့်ရာ သူငယ်ချင်းဖြစ်သူများ ကျနော့် အား အပြင်ခေါ်ထုတ်နေသည် ကို တွေ့လိုက်ရသည်။

နတ်ကပွဲ ခဏခဏ လာဖူး၍ အတွေ့အကြုံရှိသော ညီ သဲမောင်မှ “အစ်ကို … အမေဂျမ်းထွက်တော့မယ် … သူထွက်သွားပြီး ရင် နတ်ပွဲပြီးပြီ … အဲဒါ အုန်းပွဲ ငှက်ပျောပွဲတွေ ရှိတဲ့နေရာကို သွားမယ်လေ … ခဏလေးကြာ ရင် ကြမ်းကြတော့မှာ လက်မနှေးစေနဲ့”

“စိတ်ချပါကွာ … ဒီလောက်တော့ အပျော့ပေါ့”
အပျော့ဟူ၍ မောင်ပျော့ က ကျနော့်အား ဘုကြည့် ကြည့်လိုက်သေးသည်။

အုန်းပွဲ ငှက်ပျောပွဲများ ရှိရာနားသို့ လူကြီးရော ကလေးများပါ တစ်ဖြည်းဖြည်း တိုးကပ် လာနေသည်ကို အထာ နပ်သော နတ်ထိန်းကြီးများ က ကြိမ် တစ်ယောက် တစ်ချောင်းကိုင် ကာစောင့်ပြီး မိုက်ကြည့်ကြည့် နေကြသည်။ သို့သော် နတ် မနိုင် ကွက်သစ် သားများမှာ နတ်ထိန်းမပြောနှင့် မည်သည့် နတ်ပင်လာလာ ကြောက်မည့်ပုံမပေါ်။

အဆဲကြမ်း သည့် အမေဂျမ်းလဲ ထွက်ခွာလေပြီ။ ပရိတ်သတ် များ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ နတ်ကတော်များ လည်း ဒူးတုပ် တန်းစီ၍ နတ်များအား နှုတ်ဆက်လျှောက်တင်ရုံပင် ရှိသေးသည်။ မည်သူမ စ၍ ညာသံပေးလိုက်သည် မသိ။

“ချတော့မယ်ဟေ့ …”

နဂိုကမှာ လက်ယားနေပြီဖြစ်သော ပရိတ်သတ်များမှာ “ဟေး” ဟူ၍ ညာသံပေးလျှက် ရောမခေတ် စစ်သည် များ အလား နတ်အုန်းပွဲများ ရှိရာသို့ အပြေးဝင် ၍ လုကြလေတော့သည်။ နတ်ကတော်များ အပေါ်မှ ခုန်ကျော် သူက ခုန်ကျော်၊ နတ်ထိန်း များ ကြိမ်လုံးဖြင့် ကြမ်းနေသည်ကို တရုတ်သိုင်းကွက်များ တတ်ထားသည့် အလား ရှောင်သူက ရှောင်ထွက် သွားပြီး မရှောင်နိုင်သည့် သူများ ကတော့ ကြောကော့ သွား သည်ကို မြင်ရသည်။ နောက်ဆုံး အင်အား မမျှရှာသော ကြိမ်လုံးကိုင် နတ်ထိန်းများကား ပရိတ်သတ် ခြေဖဝါးအောက် သို့ ရောက်သွား ရရှာလေသည်။ နတ်ကတော်များအဖို့ တွေးပင်မတွေးဝံ့။

နောက်တစ်နေ့ နံနက်တွင်တော့ လူကြီးရော ကလေးများပါ ဒဏ်ရာ အသီးသီးနှင့်။ အချို့ ဒဏ်ရာပြင်း သူများ ကတော့ ဆေးဆရာ ဦးပိန်၏ အိမ်တွင် တန်းစီနေကြရသည်။ ဝင်လုတုန်းက ဘယ်လောက်ရသည် မသိ။ ဒဏ်ရာ ကတော့ အတော်ရကြသည်။ သို့သော် … လူတိုင်း အပြုံးကိုယ်စီဖြင့်သာ။

ကျနော်တို့ အဖွဲ့တွင်တော့ အကောင်ရော အသက်ပါ အငယ်ဆုံးဖြစ်သည့် ပူးနောင်းဂျိန်ကတော့ ညာဖက် လက် တစ်ခုလုံး ရောင်ကိုင်း သွားသည်။ ဒါပေမယ့် သူလဲ အပြုံးမပျက်ပင်။ ဒီနှစ်မနိုင်ရင် လာမည့်နှစ် နိုင် ရမည်ဟုပင် ကြိမ်းဝါးနေသေး။

(ကဲ … ဒီလောက်ဆို ဘာကြောင့် နတ်မနိုင် ကွက်သစ်လို့ ခေါ်ရသလဲဆိုတာ သိလောက်ပြီထင်တယ်၊ ဒါတွေဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က အမှန် တကယ် အဖြစ်အပျက်လေးတွေပါ၊ ဒါပေမယ့် တဖြည်းဖြည်း နဲ့ အဲဒီနတ် ကနား ပွဲတော်ဟာ ပျောက်ကွယ်ခဲ့ ရပြီဖြစ်တယ်၊ သက်တမ်းနှစ် ၂၀၀ ကျော် သည့် ညောင်ပင်ကြီး သာ ထီးထီးကြီး ကျန်ရစ်နေခဲ့ပါပြီ)

အဉ္ဇလီ
 ဧ၇ာဝတီ Blog
From...Search Myanmar
 

No comments:

Post a comment