*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 8 April 2014

သင်္ကြန်မဏ္ဍပ် များတွင် အ၀တ်လဲခန်းမှ လွဲ၍ အခန်းပို များ ဖျက်ခိုင်း


ရန်ကုန် သင်္ကြန်မဏ္ဍပ် အချို့တွင် စုံတွဲများ နှစ်ကိုယ်ကြားတွေ့ဆုံနိုင်သည့် အခန်းများ ထည့်သွင်း တည်ဆောက် ထားခြင်းကြောင့် အ၀တ်လဲခန်း မှလွဲ၍ အခြားအခန်းများ ပြန်လည် ဖျက်သိမ်းရန် မဏ္ဍပ် တည်ဆောက် သူများ ကို သတိပေးထားသည်။ 


 ‘‘ဒီနှစ်မဏ္ဍပ်တွေ ဘေးနဲ့ အနောက်မှာ ရိပ်သာလို၊ တည်းခိုခန်း လို စုံတွဲနှစ်ကိုယ်ကြား တွေ့ နိုင်တဲ့ အခန်းတွေ ထူးထူးခြားခြား လုပ်လာကြတယ်။ သာမန် အ၀တ်လဲ ခန်းလောက်ဆို ကျွန်တော်တို့ ဘာမှ မပြောဘူး။ နှစ်ကိုယ်ကြား တွေ့တဲ့ အခန်းနဲ့ အ၀တ်လဲခန်း ဆိုတာ အရမ်းသိသာပါတယ်။ ဒါတွေ လုံးဝထည့် မဆောက်ဖို့၊ ဆောက်ထားရင် ပြန်ဖျက် ဖို့ မြို့ နယ်မှူးတွေ ကတစ်ဆင့် သတိပေး ထားတယ်’’ ဟု ရဲမှူးကြီးမြင့်အေးက ပြောသည်။  

သတိပေးညွှန်ကြားချက် အတိုင်း လုပ်ဆောင်ထားခြင်းရှိ၊မရှိ ကို သင်္ကြန်မကျမီ ဧပြီ ၁၁ နှင့် ၁၂ ရက်တို့တွင် လိုက်လံ စစ်ဆေးသွား မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မဏ္ဍပ်များတွင် သင်္ကြန် လက်မှတ်များ ကို ရိုးရိုးတန်းနှင့် VIP တန်းဟု ခွဲခြားသတ်မှတ်ထားပြီး VIP တန်းအတွက် အထူး နားနေခန်း များတွင် အနားယူရန် ပြင်ဆင်ထားကြောင်း၊ အထူးတန်းဈေးမှာ တစ်ရက် လျှင် ကျပ် တစ်သိန်းကျော် ဈေးရှိပြီး ယမကာနှင့် အခြားဖျော်ဖြေမှုများ ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

မဏ္ဍပ်တွင် အလုံပိတ် နားနေခန်းများကို ဧည့်သည်များ နားနေခန်း အဖြစ် အမည်တပ်၍ စီးပွားရှာ စားခြင်း သည် ရိုးရိုးသားသား မဏ္ဍပ်ထိုးသူများ အတွက် ထိခိုက်မှုများဖြစ်ပေါ်နိုင်ကြောင်း The Invaders မဏ္ဍပ်မှ အဆိုတော် ရန်ရန်ချမ်းကပြောသည်။
 

မဏ္ဍပ်များတွင် ရေပက် ကစားသူများ နားနေရန် အခန်းများကို ယခင် သင်္ကြန်နှစ်များတွင် လည်း ထည့်ဆောက်လေ့ရှိကြောင်း အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်း တို့တွင် နေထိုင်ခဲ့ဖူးသည့် စာရေးဆရာ နေနော်က ပြောကြားသည်။
 

‘‘အရင်မဏ္ဍပ်တွေ ဆောက်ခွင့်ပြုခဲ့တဲ့ အင်းလျားလမ်းတို့၊ တက္ကသိုလ်ရိပ်သာလမ်း တို့ဆို ကျွန်တော်နေခဲ့ တာပဲ။ သင်္ကြန်တွင်း ဆို တွေ့နေရတာပဲ။ ပါတီတွေပေးတာ။ မဏ္ဍပ်ကဆောက်ထားတဲ့ အခန်းတွေထဲ မှာ နေချင်ရင် စုံတွဲတွေက မဏ္ဍပ်ဆောက်တဲ့ သူတွေကိုဈေးညှိရတယ်။ 

ရိုးရာသင်္ကြန်က ပျက်သွားတာကြာပါပြီ။ ကိုယ့်ကလေးတွေ အတွက် စိတ်ပူတယ် ဒါမျိုးတွေ’’ဟု အရွယ်ရောက် ကလေးနှစ်ဦး ဖခင် စာရေးဆရာ နေနော်က ပြောသည်။
 

‘‘ကျွန်တော်တို့ မဏ္ဍပ်မှာလည်း VIP အခန်း ရှိပါတယ်။ ဒါအလုံပိတ် မဟုတ်ဘူး။ ကိုယ့် မဏ္ဍပ်လာတဲ့ ဧည့်သည်တွေ ခဏတစ်ဖြုတ်နားလို့ ရအောင် ထည့်ထားတာ။ အထဲမှာ ထိုင်နေတဲ့ သူကိုလည်း မြင်နေ ရတယ်။ အခုလို VIP လို့ နာမည်တပ်ပြီး အလုံပိတ် စီးပွားရှာစားတာမျိုး ကိုတာဝန်ရှိ သူတွေ သေချာ စစ်ပါ။ တွေ့ရင် အရေးယူပေးပါ’’ဟု ၎င်းကပြောသည်။
 

သင်္ကြန်မဏ္ဍပ် အနီးတွင် အရက်သေစာ မရောင်းရ၊ သောက်စားခြင်း မရှိရဟု အစိုးရက ပုံမှန် စည်းကမ်း ချက် ထုတ်ပြန် ထားသော်လည်း နှစ်စဉ် သင်္ကြန်ပွဲတော် တွင်း အမျိုးသား၊ အမျိုးသမီးများ၏ အရက်သေစာသောက်စား မူးယစ်နေ သည့်ပုံများမှာ လူမှုကွန်ရက်များတွင် ပျံ့နှံ့လျက်ရှိသည်။
 

ယခုနှစ် ရန်ကုန်သင်္ကြန် တွင် မဏ္ဍပ်အကြီး၊ အသေး စုစုပေါင်း ၁၄၀ ကျော် ခွင့်ပြုထားပြီး ယခင်နှစ် ထက် နှစ်ဆခန့် ပိုမိုများပြား လာကာ ရန်ကုန် သင်္ကြန်မှာ အစွမ်းကုန် စည်ကားမည့်သဘောတွင် ရှိနေသည်။
 

Author:  အေးသူစံ

8 April 2014

7Day Daily
From...Search Myanmar..











No comments:

Post a Comment