*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 21 March 2014

သဲအိုး ထဲက ရေ အေးအေး


ဓာတ်ပုံ − ညီညီဇော်

တစ်စတစ်စ ပူပြင်းလာသည့် ရာသီ ဥတုကြောင့် ရေအေးအေး တစ်ခွက်တော့ဖြင့် တကျိုက် ကျိုက်  သောက်ချင်သည့် ဆန္ဒ မကြာ ခဏပေါ်ပေါက် နိုင်ပါသည်။ ခေတ်ကာလ အလျောက်   ရေခဲ သေတ္တာ တို့၊ ရေအေးစက် (၀ါတာကိုလာ)တို့က လက်တစ်ကမ်းမှာ အလွယ်တကူ ရောက်နေ ကြပြီမို့ ရေအေးအေး တစ်ခွက် သောက်ရဖို့ အခက်အခဲတော့ မရှိနိုင်ပါ။ 


 ထိုကဲ့သို့ နည်းပညာဖြင့် ရေအေးအောင် ပြုလုပ်နိုင်သည့် တန်ဖိုးကြီး ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင် သည့် မြန်မာ့ ရိုးရာ လက်မှုပစ္စည်း လေး တစ်မျိုး ရှိနေပါသည်။ ထိုပစ္စည်းလေးက ရေခဲသေတ္တာ တို့၊ ရေအေး စက်တို့လို ရေအေးအေး တစ်ခွက်သောက်ရဖို့ အရေး ငွေသိန်းချီ သုံးရန်မလိုပါ။ အစိုးမရ တတ်သည့် လျှပ်စစ်မီးကိုလည်း မျှော်နေစရာမလိုပါ။ မြန်မာ့ရိုးရာ လက်ဖြစ်သဲအိုးလေး တစ်လုံး ဆောင် ထား ရန်သာလိုသည်။



ထိုသဲအိုးထဲမှ ရေအေးအေးလေး ကိုသောက်ရဖို့ ဖြတ်သန်းရသည့် လုပ်ငန်းတွေက များလွန်းလှ သည်။ ပထမဆုံး အဆင့်အနေဖြင့် ရွှံ့စေးမြေများကို သံတူရွင်းများဖြင့် စတင်တူးယူရသည်ဟု မြေသဲ အိုး များထွက်ရှိနေသည့် သမိုင်းဝင်မြင်းခြံ ခရိုင် ရန္တပိုရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူများက ဆိုပါသည်။ 


ရန္တပိုရွာသည် ဧရာဝတီမြစ်ဘေးတွင် ရှိ၍ မြစ်ရေကျချိန် မြစ်ကမ်းပါးဘေး အလွှာအထပ်ထပ် မြေ သား များ ထဲမှ အလယ်ရွှံ့စေးမြေကို တူးယူကြသည်။ တူးလာသည့်ရွှံ့စေးမြေခဲကြီးများကို အိမ်တွင် အခြောက်လှန်းရသည်။ 

အခြောက်လှန်းပြီးလျှင် စဥ့်အိုးပြတ်ဖြင့် ရေစိမ်ရသည်။ ရေစိမ်ပြီးရွှံ့စေးမြေများကို သဲဖြင့်တစ်ခါ အချိုး အစားအလိုက် ပြန်နယ်ရသည်။ သဲနယ်တာကိုတော့ များသောအားဖြင့် အမျိုးသားတွေ က ပြုလုပ်ရတာ များသည်။ ချွေးဒီးဒီးကျသော အလုပ်ဖြစ်သောကြောင့်ဖြစ်၏။

ပီနံအိတ်ကိုဖြန့်ကာ သဲကိုအောက်ကခင်း၊ အပေါ်ကရွှံ့စေးမြေတင်ကာ ခြေထောက်ဖြင့် နယ်ရခြင်းဖြစ် သည်။ ထိုသဲနယ်သည့်နေရာတွင်တော့ သတိထားရသည်။ 


သဲများလေအေးလေဆိုပေသိ သဲများသွားလွန်းလျှင်လည်း အိုးက ရေစိမ့်လွန်းအားကြီးသည်။ သဲနည်း သွားလျှင်လည်း မအေးတော့ပြန်။ သတ်မှတ်ထားသည့် အချိုးအစားကတော့ ရွှံ့စေးမြေ ရှစ်ပြည်ဝင်ခွဲ ၀င်တောင်း ခြောက်တောင်းဆို သဲကသုံးတောင်းဖြစ်သည်။

သဲနယ်ပြီးသား မြေတွေကိုတော့ အိုးပြင်တဲ့နေရာမှာ အိုးထွင်းရသည်။ အိုးထွင်း အပြီး ရလာတဲ့ အိုးပုံ ကြမ်း ကို နှစ်နာရီခန့် နေရောင်နုနုပြရသည်။ နေရောင်ပြပြီးအိုးကို အရိပ်ထဲတွင်ထား ကာ လေဖြင့်ခြောက်သွေ့စေရသည်။ အရိပ်ထဲတွင် ထားဖို့ အိုးအရေအတွက်များတာမို့ အိုးထားဖို့နေ ရာ မရှိတာကြောင့် အိမ်အပေါ်ထပ်တွင်ပါ သိမ်းရတော့သည်။ 


ဒါကြောင့် ရန္တပိုရွာက အိမ်တွေရဲ့ အပေါ်ထပ်မှာ အိမ်သားတွေနေဖို့ဝေးစွ။ အိုးတွေက ပြောင်ပြောင် ပင် အိမ်ဦးခန်းမှာနေရာ ယူထားကြသည်။ ‘‘အိမ်ရဲ့ကောင်းတဲ့နေရာ သူတို့ယူထားတာ။ လူတွေ ကတော့ ဖြစ်သလို အိမ်အောက် ထပ်ချောင်ကြိုချောင်ကြားထဲပဲ နေလိုက်တာပဲ’’ဟု ရန္တပိုရွာမှ အိုး လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ရယ်မောရင်းပြောပြသည်။

အဲဒီလို လေနဲ့ အနည်းငယ်ခြောက်သွားသည့် အိုးစိမ်းတွေကို တစ်နေ့မှာ ပုံဖော် ရပါသည်။ အဲဒီ အဆင့်ကိုတော့ အိုးလောင်းသည် ဟုခေါ်ပါသည်။ အိုးလောင်းပြီး ပန်းဒီဇိုင်းဖော်တာကို အိုးမော် သည်ဟုခေါ်ပြန်သည်။ နောက်ဆုံး အချောသပ် တာကိုတော့ အိုးရှပ်သည် ဟုခေါ်ပြန်သတဲ့။

အိုးစိမ်းအဆင့်ပြီးပြီဆို အိမ်အတွင်းမှာ ပြန်သိမ်းထားရသည်။ မိမိတို့သတ်မှတ်ထားသော အိုးအရေ အတွက်ပြည့်ပြီ ဆိုလျှင် အိုးဖုတ်ရန် အတွက် ပြင်ဆင်ကြပြီဖြစ်သည်။ များသောအားဖြင့် အိုး အလုံးရေနှစ်ထောင်မှ လေးထောင်ကြား ဖုတ်ကြတာများသည်။ အိုးစိမ်း အဆင့်လုပ်ငန်းတွေ မှာတော့ မိမိအိမ်မှာရှိတဲ့ မိသားစုနဲ့ လုပ်လို့ရပေမယ့် အိုးဖုတ်တဲ့ အဆင့်ကတော့ အိမ်ရှိလေးငါးယောက်ဖြင့် လုပ်၍မရတော့ပါ။

ရန္တပိုရွာ၏ အိုးလုပ်ငန်း ဓလေ့ကတော့ ရွာအတွင်း အိမ်တစ်အိမ် အိုးဖုတ်တော့မည် ဆိုလျှင် တစ်အိမ် တစ်ယောက်နှုန်းဖြင့် လာကူရသည်ဟု ဆိုပါသည်။ နေ့ခင်းနေရောင်ဖြင့်သာ အိုးဖုတ်ရမည် မို့ နေ ပူပြင်းသည့် အချိန် မွန်းတည့် ဆယ့်နှစ်နာရီဝန်းကျင် ဆို အိုးဖုတ်မည့် အိမ်တွင် ရွာသူရွာသားတွေ ဆုံကြပြီ။ အတော်အားကုန်မည့် အလုပ်ပေမို့ များသောအားဖြင့် အမျိုးသားတွေလုပ်ရ၏။ 


အိုးဖုတ်မည့် အိမ်ဝင်းကွင်းပြင် နေပူပူတွင် ဖုတ်ရမည်ဖြစ်သည်။ ဖုတ်မည့် အိမ်ကွင်းပြင်တွင် သစ်ရွက်ခြောက်များကို အရင်ခင်းရသည်။ သစ်ရွက်ပေါ်မှာတော့ ထင်းတွေထပ်ခင်းရသည်။ ထင်းအပေါ်ကျ အိုးတွေကို ခရုပတ်ခွေပုံစံ အထပ်ထပ်စီရတာဖြစ်သည်။ 

စီပြီးအိုးတွေပေါ်မှာ ကောက်ရိုး ထပ်ခင်း၊ ကောက်ရိုးပေါ်မှာ ရေဆွတ်ထားသောပြာ အစို ထပ်တင်၍ ဖုတ်ရတာဖြစ်သည်။ အဲသည်လို လာကူသည့် ရွာသားတွေကို အိုးလုပ်တဲ့အိမ်ရှင်က အခကြေးငွေပေး ရန်မလိုပါ။ အိုးဖုတ်တဲ့နေရာနား အရိပ်ကောင်းကောင်းမှာ ဖျာတစ်ချပ် ခင်းပေး ပြီး ရေနွေး အိုးတည်ပေးထားသည်။ အဆာပြေ မုန့်လက်ဆောင်း၊ လက်ဖက်သုပ်၊ ကြံသကာ၊ မုန့်ဟင်းခါး၊ ထန်းလျက် စသည့်မုန့် တစ်မျိုးမျိုး ကျွေးမွေးတတ်သည်။ ညနေစောင်း အိုးတွေစီပြီး ဖုတ်ထားသည့် အဆင့် ရောက်ပြီဆိုလျှင်တော့ လာကူတဲ့သူတွေ အလုပ်ပြီးပြီမို့ အရက်ကြမ်းလေး များဖြင့် ဧည့်ခံရသည်။

အိုးဖုတ်တာက သုံးည အိပ်လေးရက်လောက်ကြာပြီး အဲဒီလို ရက်တွေဆို အိုးလုပ်သူတွေ ညကောင်းကောင်း မအိပ်ရတော့။ အိုးတွေ မီးအရှိန်ကြောင့် မည်းမသွားစေရန် ဂရုစိုက်ရသည်။ တုတ် တစ်ချောင်းဖြင့် လေပေါက်လေးတွေ သွားဖောက်ပေးရသည်။ အိုးဖုတ်တဲ့ အချိန် ရာသီ ဥတုကောင်း ရင်တော့ အိုးဖုတ်တဲ့ လုပ်ငန်း အထမြောက်အောင်မြင်ပေသိ၊ ရုတ်တရက် မိုးလေ ကျလာပြီဆို ရင်ဖြင့် အိုးဖုတ်သူတွေ ဒုက္ခရောက်ကြပြီ။ အိုးတွေမှာ တဖြည်းဖြည်း အရည်ပျော် ကာ မြေသို့ပြားပြားဝပ်သွားကြသည်ဟုဆိုသည်။

‘‘တစ်ဖိုဆိုရင် ဆယ်သိန်းကျော်တယ်။ လုပ်အားခတွေအပြင် ထင်းဖိုးတွေ၊ ကောက်ရိုးဖိုးတွေပါ ရှုံးကုန်တာ။ တစ်နှစ်ကဆို ရွာထဲက ငါးဖိုလောက်ကို ပျက်သွားတာ’’ဟု ရန္တပိုရွာမှ အိုးလုပ်ငန်း လုပ်ကိုင်သူ ဦးသိန်းဦးကဆိုသည်။

နာဂစ်ဖြစ်တုန်းက မိမိတို့ဒေသထွက် အိုးတွေ သုံးစွဲလေ့ရှိသည့် မြစ်ဝကျွန်းပေါ်ဒေသတွင် အပျက် အစီးများခဲ့တာမို့ အိုးတွေ ရောင်းအားကျ ခဲ့သည်ဟု ရန္တပိုရွာ အိုးလုပ်ငန်းလုပ်သူများကပြောသည်။ အဲဒီဒေသကလူတွေက အသက်နဲ့ကိုယ်ပင် အိုးစားကွဲခဲ့ကြချိန်၊ ရေအိုးလေး တစ်လုံးတည်ဖို့တောင် မဖြစ်နိုင်ကြတော့တာမို့ ရန္တပိုရွာထိပင် နာဂစ်ဒဏ်ရိုက်ခတ်တာ ခံခဲ့ရသည်။

‘‘အဲဒီတုန်းက ရေအိုးတွေ အိမ်ဝင်းထဲ အပြည့်မှောက်ထားရတာ။ ရေညှိတွေတောင် တက်တယ်’’ဟု မခင်မာချိုကပြောပြသည်။

ယခုလို ပူပြင်းစပြုလာသည့် နွေဦးပေါက်ကာလ အချိန်အခါမျိုးဆို မြန်မာလူမျိုးဓလေ့ ရေအိုး အသစ် လဲကြပြီ။ မိုးတွင်းနဲ့ တဆောင်းလုံး ဘာသိဘာသာ ထားခဲ့ကြသည့် မိမိတို့အိမ်အတွင်းက သဲရေ အိုးတွေ ရဲ့အခြေအနေ ဆန်းစစ်ကြပြီ။ မှုန်တေတေဖြစ် လာတာမျိုး၊ သဲကုန်ပြီး မအေးတော့တာမျိုး ဆို ရေအိုး အသစ်ဝယ်ဖို့ စဉ်းစားကြပြီ။ မြန်မာလူမျိုးတော်တော်များများ သဲအိုးကို မက်ကြသည်မှာ လည်း ဆန်းတော့     မဆန်း။ 


ညဘက်တစ်ရေးနိုးသည့်အချိန်၊ နံနက်ခင်း အိပ်ရာထသည့်အချိန်၊ နေ့ခင်းနေ့လယ်ဘက် အပြင် ကပြန် လာသည့်အချိန်ဆို သဲအိုးလေးထဲက ရေအေးအေးသောက်ရသည်မှာ အရသာရှိလိုက် သည့်ဖြစ်ခြင်း။ မြန်မာလူမျိုးတော်တော်များများကတော့ အအေးဆုံးလဖြစ်တဲ့ ပြာသိုလမှာလုပ် တဲ့ ပြာသို အိုးကို အမက်မောဆုံးဟု အိုးလုပ်ငန်းလုပ်ကိုင်သူများက ဆိုပါသည်။

အချို့သဲအိုး မက်မောသူများဆို သဲအိုးနှစ်လုံး တစ်ခါတည်း ၀ယ်သွားသည်။ လေးငါးရက်လောက် စမ်းသောက်ပြီး မအေးဘူးဆို အပိုဝယ်လာသည့်အိုး ချက်ချင်းလဲပစ်သတဲ့။ အချို့တွေကျ ရေအိုးဆိုင်တွေမှာ ၀ယ်ရတာ အားမရဘဲ ဖိုအထိလာမှာ တတ်သူတွေလည်း ရှိသည် ဟု အိုးလုပ်ငန်းလုပ်ကိုင်သူများက ဆိုပါသည်။ အိုးတစ်လုံးကို သဲများများဖြင့် လုပ်ခိုင်းသည်။ နောက် တစ်လုံးကို ပုံမှန်သဲအိုးတစ်လုံးဝယ်သည်။ 


သဲများတဲ့အလုံးထဲ ရေထည့်၊ အောက်ကစဥ့်အိုးခံ၊ စဥ့်အိုးထဲ ကျလာတဲ့ရေကို မှ နောက်ထပ် သဲအိုး တစ်လုံးထဲ ထပ်ထည့်ကာ သောက်တတ်ကြ သူတွေလည်းရှိသည်ဟု အိုးလုပ်ငန်းလုပ်ကိုင်သူများ ကပြောပါသည်။

မိမိတို့လုပ်တဲ့အိုးတွေကို မက်မက်မောမောသုံးစွဲကြသည်မို့ အကွဲအနာများ မပါသွားစေရန် ဂရုစိုက် ရသည်ဟု ရန္တပိုရွာ အိုးလုပ်ငန်းလုပ်ကိုင်သူများကဆိုပါသည်။

‘‘ဒီမှာသာ သုံးလေးရာတန်တာ။ သူတို့ဆီရောက်သွားရင် တစ်ထောင်လောက်ဖြစ်ကုန်တာဆိုတော့ အကွဲတွေ ဘာတွေ ပါသွားမှာစိုးတယ်။ ဒီမှာက တစ်လုံးလောက် ပစ်လိုက်လည်း ဘာမှမဖြစ်ဘူး’’ဟု မခင်မာချိုကဆိုပါသည်။ ရေအိုးလေးကို လှအောင်ပအောင်၊ အေးမြအောင် စိတ်ထဲထားပြီး လုပ်နေ ရသည့်အတွက် ကုသိုလ်ရသည် ထင်ကြောင်း ရန္တပိုရွာသူများကပြောသည်။

‘‘ပင်ပန်းပေမယ့် ကိုယ့် အလုပ်က အကုသိုလ် အတော်ကင်းတဲ့အလုပ်လို့တွေးပြီး ကြည်နူးရ တယ်’’ဟု ရန္တပိုရွာသူ တစ်ဦးကပြောပြသည်။

မြန်မာလူမျိုးများ ရေအိုးအေးအေးလေးကို မိမိတို့ တစ်အိမ်တည်း သောက်ရရုံတင်အားမရတတ်။ လမ်းပေါ်က လမ်းသွားလမ်းလာတွေပါ သောက်ရအောင် ရေချမ်းစင်ထားတတ်သည့်ဓလေ့ကလည်း ရှိပါသေးသည်။ မိမိတို့အိမ်ရှေ့ အရိပ်ကောင်းကောင်း သစ်ပင်တစ်ပင်ရှိပြီဆို ရေအိုးစင်လေး တည်ထားတတ်ကြသည်။ လမ်းသွားလမ်းလာတွေ အားရပါးရသောက်သွားတာမြင်ရင် ပီတိတွေဖြာတတ်ကြသည်။ ရေကုန်လောက်ပြီဆို အပြေးအလွှား သွားဖြည့်တတ်ကြသည်။ 


ယခုတော့ ထိုဓလေ့က မြို့ပေါ်မှာနည်း သွားလေပြီ။ သို့ပေသိ ကျေးလက်တောရွာမှာတော့ အတန် အသင့်ရှိနေတုန်း။ ခေတ်ကာလပြောင်းလာတော့ အရင်လို အုန်းမှုတ်ခွက်ကိုအရိုး တပ် တာတွေ သိပ် မတွေ့ ရတော့။ ပလတ် စတစ်ခွက်လေးတွေဖြစ်ကုန်သည်။ ရေအိုးစင်တွေကို ရွာအ၀င်တို့၊ တစ်ရွာနဲ့ တစ်ရွာအကူး ခရီးတစ်ဝက်လောက်က အရိပ်ကောင်းကောင်း အပင်အောက်မှာတို့တွင် တည်ထားတတ်ကြသည်။

အဲဒီ ရေအိုးစင်တွေ တည်ထားသည့် ရေအိုးစင် အလှူရှင်က ရွာကနေ ဆိုင်ကယ် တစ်စီးဖြင့် ပလတ် စတစ်ပုံးများဖြင့် ထည့်လာသည့်ရေများကို လာလာဖြည့်သွားတတ်ကြသည်။ သောက်ရေ ခွက်လေးတွေ ကို ဆေးကြောပေး သွားတတ်ကြသည်။ 


ထိုရေအိုးစင်လေးတွေက တောသွားတောပြန်တွေ၊ မြို့နှင့်တော ကုန်ကူးနေသူတွေ၏ အိုအေစစ်လေးတွေလို့ ပြောရင်လည်း မမှားနိုင်။‘‘ရေအိုးစင် တည်ဖို့ လာဝယ်တယ်ဆို ရောင်းမနေ ဘူး။ ပေးပစ်လိုက်ကြတာပဲ’’ဟု အိုးလုပ်ငန်းလုပ်သူ ဦးသိန်းဦးကပြောသည်။

ဒီနှစ် နွေဦးပေါက်မှာတော့ဖြင့် အိုးတွေ ဈေးကောင်းကာ အတော်လေးလုပ်နေရသည်ဟု ရန္တပိုရွာ သူများကဆိုသည်။ အရင်နှစ်တွေက အိုးတစ်လုံးနှစ်ရာ့ငါးဆယ်၊ သုံးရာလောက်သာ ပေးရပေမယ့် ဒီနှစ်ကတော့ လေးရာလောက်ရနေသည်ဟုဆိုသည်။

‘‘ခတ်လိုက်ရတာ (အိုးကိုရိုက်ရတာ) လက်မောင်းကိုအောင့်လို့’’ဟု ရန္တပိုရွာသူ အိုးလုပ်ငန်းလုပ်သူ မခင်မာချိုကပြောသည်။ နည်းပညာတွေ မြင့်မားလာတာကြောင့် ရေအေးအေးတစ်ခွက်သောက်ရဖို့ ဘယ်လောက်ပင် လွယ်ကူနေပါစေ။ ခက်ခက်ခဲခဲနှင့် ရလာသည့်သဲအိုးထဲက ရေအေးအေးလေးတွေ ကိုတော့ဖြင့် မက်မက်မောမော သောက်နေကြသူများကတော့ ရှိနေတုန်းပင်ဖြစ်ပါသည်။

ရေးသားသူ- ညီညီဇော်
7Day News Journal




No comments:

Post a Comment