ကျွန်တော်သည်
၂၀၀၁ ခုနှစ်လောက် ကတည်းက ရန်ကုန်တွင် လာရောက် အခြေချနေထိုင် ခဲ့ရသူဖြစ် သည်။
နယ်မှ တက်လာကာ ရန်ကုန်တွင် အသက်မွေးဝမ်းကြောင်း
အလုပ် လာလုပ်ရသူဖြစ်သောကြောင့် အလုပ်နှင့် ဝင်ငွေကို အဓိက ထားပြီး
ရပ်တည်နိုင်ရေး အတွက် ကြိုးပမ်းခဲ့ရသည်။
ရန်ကုန်ရောက်ခါစ မိသားစုကို နယ်မှခေါ်ထားရန် မတတ်နိုင်သေး သဖြင့် တစ်ဦးတည်း ဒုက္ခခံကာ အဆောင်တွင် သွားရောက် နေထိုင်ရသည်။ ထိုစဉ်က အဆောင်နေထိုင် စရိတ်မှာ တစ်လ ၇၀၀၀ ကျပ်ဖြစ်ပြီး၊ နှစ်လစာကြိုသွင်း၊ တစ်လချင်း ရှင်းစနစ်ဖြင့် နေထိုင်ခဲ့ရသည်။
နောက်ပိုင်း အဆောင် စရိတ်တွေကလည်း နှစ်သောင်း ခန့်ဖြစ်သွားသည်။ အခန်းကျဉ်း ကျဉ်း၊ အိပ်စရာ ကုတင်နှစ်လုံး၊ စားပွဲ တစ်လုံးလောက်သာ ဝင်ဆန့်သည့် အခန်းထဲတွင် ကျပ်တည်း ကျဉ်းမြောင်း စွာနေ ထိုင်ခဲ့ရသည်။
မနက် မိုးလင်းသည်နှင့် အလုပ်သွား၊ ညမိုးချုပ်မှ ပြန်ရောက်၊ အိပ်ချိန် ကလေးအတွက်ပူလောင်သော ကျော တစ်ခင်းစာ ကုတင်ကို တစ်နှစ် ခန့် အသုံးပြုခဲ့ရသည်။ နောက်ပိုင်း အလုပ် အကိုင် အခြေကျလာသဖြင့် မိသားစု ကို နယ်မှပြန်ခေါ်ရန် ကြိုးပမ်းပြီး ယုဇန ဥယျာဉ်မြို့တော်တွင် အခန်း တစ်ခန်း သွားငှားသည်။
ထိုစဉ်က တစ်လ နှစ်သောင်းဖြင့် နှစ်ချုပ်ငွေကို အလုပ်ရှင် က ထုတ်ပေး သဖြင့် တိုက်ခန်းနှင့် နေနိုင် သည့် ဘဝသို့ရောက်လာ သည်။ ယခု ထိုတိုက်ခန်းဈေးများ က သိန်းဂဏန်းဖြစ်နေပြီ။
ကျွန်တော်တို့ ယုဇန ဥယျာဉ်မြို့တော်ရောက်ခါစ က အခန်းတိုင်း လူမရှိသေး။ နောက်ပိုင်းတွင် လူတွေ က ပြည့်လာ သည်။ အလွန် စည်ကားသော မြို့တော်ကြီးဖြစ်လာသည်။ အရောင် အသွေးစုံ၊ စရိုက် စုံ ရောက် လာကြသည်။ သို့သော် မြို့ထဲနှင့် အကူး အလူးတွင် ထိုစဉ်က လိုင်းကား ကလည်းနည်း၊ အထူး ကားကလည်း မစီးနိုင် သဖြင့် တိုးဝှေ့ပြီး တစ်နေ့ကား စီးချိန် လေးနာရီလောက်ပေး ကာ သွားရပြန်ရသည်။
ရန်ကုန်တွင် အိမ်ငှားနေရ သည့်ဘဝသည် လချုပ် သို့မဟုတ် နှစ်ချုပ်စေ့ သည်နှင့် အိမ်ရှင်၏ တိုးမြှင့်တောင်း ခံသည့် လစာကို ရင်ဆိုင်ကြရန် ပြင်ဆင်ထားရသည်။ ယခုနှစ် တစ်သိန်းနှင့် ချုပ်ထားလျှင် တစ်နှစ်ပြည့် သည်နှင့် နောက်ဆက်ပြီး စာချုပ် ပါက တစ်သိန်းခွဲ လည်း ဖြစ်ချင်ဖြစ်သွားနိုင်သည်။ မူလ တစ်သိန်းနှင့် ပြန်မငှားမည် ကတော့ သေချာနေသည်။
အိမ်ပွဲစားတွေ ကလည်း ဤအခန်းကို နောက်ထပ် ဆက်ငှားလျှင် သူတို့ အတွက် ပွဲခ မရမည် စိုးရိမ်သဖြင့် တိုးမြှင့်ပေးနိုင် သည့် အိမ်ငှားတွေကို မရ ရအောင်ရှာ လာကြသည်။ အိမ်ရှင်တွေ ကလည်း တိုးရသဖြင့် မည်သူ့မျက်နှာမှ မထောက် ငွေရ လျှင်ပြီးရော သဘောထားလိုက်ကြသည် သာများသည်။
လွန်ခဲ့သည့် ခြောက်လခန့် က မိတ်ဆွေတစ်ဦး အိမ်တက် ဖိတ်သဖြင့် လှည်းတန်းဘက် သို့သွားကာ စားခဲ့ သောက်ခဲ့ရသည်။ နောက်ခြောက်လ ကြာသောအခါ ထိုမိတ်ဆွေ ကပင် အိမ်တက် ဖိတ်သဖြင့် မျက်စိလည် သွားရသည်။ တစ်နှစ် အတွင်း နှစ်ကြိမ် မြောက် အိမ်တက် လုပ်ခဲ့ခြင်းဖြစ်သည်။
အိမ်ရှင်က ခြောက်လပြည့်သော အခါ ဆက်မငှားတော့ ဟုပြောသဖြင့် ဆင်းပေးခဲ့ရ ကြောင်း သူကပြော သည်။ ကျွန်တော်ယခုနေထိုင် ရာ မလွှကုန်း ဘက်မှ မြို့ထဲဘက်မှ ရန်ကုန် ဘူတာကြီးသို့ အလာတွင် ပုဇွန်တောင် ဘူတာ အလွန်၌ ဘူတာနံရံကို ကျောပေးပြီး အိပ်စက်နေကြ သူများကို တွေ့လာရသည်။
ယခင်ကတစ်ဦး နှစ်ဦးလောက် အနေအထားမှ မိသားစု များအထိ ရထား လမ်းဘေးတွင် အိပ်စက်နေ သည့် မြင်ကွင်းများ ကို တွေ့လာရခြင်းဖြစ်သည်။ တစ်လောက ရထားပေါ်တွင် အသက် ၇၀ အရွယ် အဖွား တစ်ယောက်နှင့် စကားလက်ဆုံ ကျမိသည်။ သူသည် နာဂစ်ပြီး ကတည်း က ရန်ကုန်ရောက်လာပြီး အိမ်များ တွင် အဝတ်လိုက်လျှော်သည့် အလုပ်ကို လုပ်ကြောင်း သိရသည်။
မိသားစုက နာဂစ်ထဲ ပါသွားပြီး အားလုံး အသက် ဆုံးရှုံးသွားပြီဖြစ်သည်။ ယနေ့ တိုင် တစ်ဦးတည်း အဝတ်လျှော်၊ ခိုင်းတာလုပ်၊ ပေးတာ ယူ ကျွေးတာ စားပြီး ဘဝကို ရပ်တည်နေရသည်။ အဖွားကတော့ လမ်းဘေး မအိပ်။ ဘူတာနား တွင် အိမ်ကြီး တစ်အိမ်ရှိသည်။ ထိုအိမ်တွင် ကျောတစ်ခင်း စာ ဖျာတစ်ချပ် အတွက် တစ်ည ၅၀၀ ကျပ် ပေးအိပ်ရသည်။
ထိုအိမ်တွင် နေထိုင်ခဲ့ သည်မှာ ၁၀ နှစ်ကျော်ပြီး။ တစ်ည ၂၀၀ ကျပ်ခေတ် ကတည်းက ကျောတစ်ခင်း စာဖြင့် နေထိုင်ခဲ့ရသည်ဟုဆိုသည်။ ယခုတစ်လော အညာ အရပ်မှ ရောက်လာသူတွေ ကလည်း အလွန် များလာကြောင်း တွေ့ရသည်။ အညာသူ အညာသား ပုံတွေက ကြည့်လိုက် သည်နှင့် သိသာလှသည်။
စကားပြောကြည့် လျှင် ပိုပြီးထင်ရှားသည်။ တစ်လောက မြို့ပတ် ရထားပေါ် တွင် အညာသူ အယောက် ၅၀ ခန့်ကို မကြုံစဖူးတွေ့လိုက်ရသည်။ သူတို့ကို ရွှေပြည်သာဘက် သို့ ခေါ်သွားမည်ဟုသိရသည်။
အညာသူ အညာသားတွေ က သူတို့ အရပ်ဒေသတွင် လုပ်ကိုင်စားသောက်ရသည်မှာ အဆင် မပြေသောကြောင့် ရန်ကုန်မြို့ကြီးသို့ ဆင်းလာရသည်ဟုဆိုကြသည်။
သူတို့ဖြစ် သလိုနေနိုင် စားနိုင် စွမ်းရှိကြသည်။ ရရာ အလုပ်ကို လုပ်ကိုင်နိုင်စွမ်း ရှိကြသည်။ သို့ဖြစ်ရာ အလုပ် အကိုင် အခွင့်အလမ်းရေစီးကြောင်းကြီး က အထက်မှအောက်သို့ စီးမျော လာခြင်းသည် အထက် အရပ်တွင် ဘာတွေ ဖြစ်သွားပြီး၊ အောက်အရပ်တွင် ဘာတွေ ဖြစ်လာနိုင်သည် ကို ဘောဂဗေဒ နည်း များဖြင့် ပြန်လည် သုံးသပ်ရန် လိုအပ် လာပြီဟု ထင်ပါသည်။
လူနေရှိသင့်သည့် အရပ်များတွင် လူတွေ ပျောက်ကုန်သည်။ တောတွင် လုပ်ကိုင် စားသောက်နေသူ များကို နိုင်ငံခြား သွားရ မည်ဟု အကြောင်းပြပြီး ရန်ကုန် ကို ခေါ်လာသူတွေ ကလည်း ခေါ်လာကြသည်။ အလုပ် အကိုင် ခွင်ရိုက်အေဂျင်စီတွေ ကလည်း ရပ်ကွက်ထဲတွင် အိမ်တစ်လုံး ၌ တောနယ် က နိုင်ငံခြား ထွက်လိုသူတွေကို ခေါ်ထားပြီး နည်းမျိုး စုံနှင့် အိမ်နီးချင်းနိုင်ငံ များသို့ ရိုက်ပို့နေကြသည်။
နောက်မှ ဒုက္ခတွေရောက်ပြီး ပြန်လာချိန်တွင် တော၌ အိမ်ပြောင်၊ နွားပြောင်၊ လယ်ပြောင် ဖြစ်သွားသဖြင့် မထူး ဇာတ်ခင်းကာ ရန်ကုန်တွင် ရရာလုပ်ပြီး ခိုကပ်နေသူတွေ ကလည်းများလာသည်။
တိုက်ခန်း များတွင် ချင်း၊ ရခိုင်ပြည်နယ်များမှ အလုပ်ကြောင့် ၊ ပညာကြောင့် ရောက်လာသူတွေ ကလည်း များလာသည်။ သူတို့သည် တိုက်ခန်း တစ်ခန်းငှားလိုက်ပြီး လူဆယ်ယောက်ခန့်စုနေ ကာ ကျောတစ်နေ၇ာ စာဖန်တီးပြီး ပညာရှာ၊ အလုပ်ရှာကာ အနာဂတ်တွေကို မျှော်လင့်ချက်များစွာဖြင့် ရန်ကုန်တွင်လာပြီး ဘဝတွေ ကို တည်ဆောက်ကြသည်။
ရန်ကုန်မြို့ကြီး ကို ပေါက်ကွဲလု နီးပါး ဗုံးတစ်လုံး အနေဖြင့် တင်စားသူတွေက တင်စားကြသည်။ လူဦးရေ ပေါက်ကွဲ လာတော့ မည်၊ စရိုက်မျိုး စုံ၊ အကျင့်မျိုးစုံ ပေါက်ကွဲနိုင် သည်။ နေစရာ မရှိသဖြင့် ကျူးကျော်ကြ။ ကျူးကျော်သဖြင့် အစိုးရကဖျက်၊ အစိုးရက ဖျက်သဖြင့် ကျူးကျော်တွေ ကပြန်အော် ၊ ပြန်အော်ချိန်တွင် အစိုးရကို ဆော်ချင် သူတွေက လက်ခမောင်းခတ်။
ဗုံးတစ် လုံးကတော့ အသင့်ဖြစ်နေသည်။ မီးတို့ သူတွေကလည်း တို့ကြသည်။ သို့သော် ပေါက်ကွဲနိုင်သည့် အဆင့်သို့ မရောက်သေး။ ကျောတစ်နေရာစာ ပြဿနာသည် အစိုးရ အတွက် ခေါင်းခဲစရာ ဖြစ်လာနိုင် သည်။
Written by တိုးမောင်{ မောက္ခ }
From...Search Myanmar
No comments:
Post a Comment