ဒီနေ့တော့ နွားတွေ အကြောင်း ဆွေးနွေးကြပါမည်။ သမ္မတ၏ ကျပ်သုံးသိန်းကျော်မှလာဘ်ယူမှု ဆိုသည့်အပေါ် နောက်ပြောင် ပြောဆိုမှုများ၊ မီတာခတိုးမြှင့် ကောက်ခံခြင်း၊ မျိုးစောင့်ဥပဒေဂယက်၊ သန်းခေါင်စာရင်း ကိစ္စ၊ ဒုတိယမြောက် ကြားဖြတ်ရွေးကောက်ပွဲ အစီအစဉ် အစရှိသည့် တိုင်းပြည်၏ အရေးတကြီး ကိစ္စများအပေါ် ဝေဖန်ဆွေးနွေးရမည့်အစား နွားတွေအကြောင်း ကို ရှေ့တန်းတင် လာသောကြောင့် အံ့ဩခြင်း မဖြစ်ပါနဲ့ဦး။
ပြီးခဲ့သည့်ရက် အနည်းငယ်က ဆဲဗင်းဒေးသတင်းစာ၏ သတင်းတစ်ပုဒ်တွင် ထိုင်းနှင့် တရုတ်နိုင်ငံ များသို့တစ်နှစ်လျှင် မြန်မာနိုင်ငံမှ နွားကောင်ရေ ခြောက်သိန်းကျော် မှောင်ခိုတင်ပို့နေကြောင်း ဖော်ပြ ခဲ့သည်။ မျက်လုံး ပြူးစရာကိန်းဂဏန်းဖြစ်သည်။ ထိုသို့ တရားမဝင်တင်ပို့ရောင်းချ မှုများကြောင့် မြန်မာနိုင်ငံ ၏ အနာဂတ် လယ်ယာလုပ်ငန်းတွင် ထိခိုက်နိုင်သည်ဟုလည်း သတင်းက ဆက် လက်ပြောပြသည်။ မှန် သည်။ နိုင်ငံရေးကိစ္စများနည်းတူ ကျွဲ၊ နွားရှားပါးလာသည့် ကိစ္စကလည်း လာမည့်နှစ်များ အတွက် စိုးရိမ်စရာဖြစ်ပါသည်။ သို့ဖြစ်ရာတွင် နွားတွေ ဘယ်ရောက်သွား သလဲ ဆိုသည်နှင့် ပတ်သက်၍ ဆွေးနွေးစရာရှိလာသည်။
အထက်ပါသတင်းတွင် နွားတင်ပို့မှုကို အဓိကထား၍ ဖော်ပြ သော်လည်း တကယ့်လက်တွေ့ တွင် နွားတွေတင် မကဘဲ ကျွဲတွေ ပါ ပြည်ပသို့ တရားမဝင်တင်ပို့ခံ နေရပါသည်။ မိရိုး ဖလာ အဆင့်မှ နောက်တစ်လှမ်း မတက်နိုင်သေး သည့် မြန်မာ့လယ်ယာလုပ်ငန်း ခွင်တွင် ကျွဲနှင့် နွား သည်အရေးပါသည့် လုပ်သားများဖြစ်သည်။ အထက် အညာဒေသတွင် နွားကို အဓိကအသုံးပြု ပြီး ရေနက်ပိုင်း လယ်ကွင်းအများစုရှိသည့် မြစ်ဝ ကျွန်းပေါ်တွင် ကျွဲကိုအားကိုးသုံး စွဲလေ့ရှိသည်။
လက်ရှိ စာရင်းများအရ ထိုင်းနိုင်ငံဘက်သို့ တစ်နှစ်လျှင် နွားနှစ် သိန်းခိုးပို့နေပြီး တရုတ် နိုင်ငံဘက် သို့ တင်ပို့မှုကိုမူ အတိ အကျမသိရဘဲ ထိုင်းသို့ပို့သည် ထက်နှစ်ဆ၊ သုံးဆရှိနိုင်သည် ဟု မြန် မာ့မွေးမြူရေး အဖွဲ့ချုပ်မှ အတိုင်ပင်ခံ တစ်ဦး၏အပြောကို ကိုးကား၍ အထက်ပါ သတင်းမှာ ပင် ဖော်ပြထားသည်။ တရုတ်သို့ နွားတင်ပို့မှုမှာ အမဲသားဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းရန် အတွက် ဖြစ်သည်ဟုလည်း ဆိုပါ သည်။
အမှန်တော့ အိမ်နီးချင်းတိုင်း ပြည်များသို့ မြန်မာပြည်မှ ကျွဲ၊ နွားများကို မှောင်ခိုတင်ပို့မှုမှာ မနေ့ တနေ့ကမှ ဖြစ်ပေါ်လာသည့် ဖြစ်ရပ်မဟုတ်ပါ။ လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်မှစ၍ တစ်စ တစ်စတွင်ကျယ်လာခြင်း ဖြစ်သည်။ သို့သော် ထိုကဲ့သို့ တရားမဝင်ကျွဲ၊ နွားများတင်ပို့မှုကြောင့် လာမည့်တစ်ချိန်ချိန်တွင် မြန်မာ့လယ်ယာလုပ်ငန်းခွင်အပေါ် သက်ရောက်မှု အတိုင်းအတာကြီးမား လာမည်ဟု မည်သူမျှတွေးမိခဲ့ပုံမပေါ်ပါ။
လယ်သမားများအကြား ကျွဲ၊ နွားရောင်းဝယ်မှုသည် နှစ် စဉ်ပြုလုပ်နေကျဖြစ်သည်။ ယခု ကဲ့သို့ စပါးဆန်သိမ်းအပြီးနှင့် မိုးဦးမကျခင် အချိန်များတွင် ခိုင်း ကျွဲ၊ ခိုင်းနွားအပိုအလျှံရှိသူများက တစ်ကောင်စ၊ နှစ်ကောင်စထုတ် ရောင်းကြသည်။ အထူးသဖြင့် လယ်သမားအချင်းချင်းကြား လုပ်ငန်းအတွက် ရောင်းဝယ်မှုသာဖြစ်ခဲ့သည်။ ဈေးလည်းမများ။ အချို့က စပါးနှင့်ခိုင်းကျွဲဖလှယ် သည့်နေရာများလည်းရှိသည်။
နောက်ပိုင်းမှာတော့ ကျွဲ၊ နွားမှောင်ခိုသမားများက လယ် သမားများ၏ ကျွဲ၊ နွားဈေးကွက် သို့ ဝင်ရောက် လာပြီး ဈေးကောင်း ပေးကြသည်။ ဈေးကောင်းရသော ကြောင့် နဂိုကမှ စီးပွားရေးမပြေ လည်ကြသည့် လယ်သမားတွေ ကလည်း မိမိတို့အသုံးပြုရန် တစ် ရှဉ်းနှစ်ရှဉ်းလောက်သာထားပြီး ပိုလျှံသည့်ကျွဲ၊ နွားများကို ထုတ် ရောင်းကြသည်။ ကျွဲ၊ နွားများ နယ်စပ်ဖြတ်ကျော်တင်ပို့မှုသည် တရားဥပဒေအရ ခွင့်ပြုမထား သည့် လုပ်ငန်းဖြစ်သည်။ သို့သော် မှောင်ခိုသမားများအနေ ဖြင့် ကျွဲ၊ နွားတင်ပို့ရာ လမ်းတစ်လျှောက်ရှိ အဆင့်ဆင့်သော အာဏာပိုင်များကို လာဘ်ပေး၍ တစ်ဖက်နိုင်ငံများသို့ ပို့ခဲ့ကြခြင်းဖြစ်သည်။
အညာဘက်မှ နွားများ တရုတ်နှင့်ထိုင်းသို့ မှောင်ခိုပို့ သည့်သတင်းများမှာ ယခုမှ လူသိ ထင်ရှားဖြစ် လာသော်လည်း ကျွန်တော်တို့ မှတ်မိသလောက် မြစ်ဝ ကျွန်းပေါ်ဘက်တွင် ကျွဲနှင့် နွား များ ကို ဈေးကောင်းပေး၍ ပြည်ပ သို့ခိုးပို့ရန် ဝယ်ခဲ့သည်မှာ ၁၉၉၈ ခုနှစ်လောက်ကတည်းကဖြစ် သည်။ မြစ်ဝကျွန်းပေါ်ဒေသရှိ ကျွဲအများစုမှာ တရုတ်ပြည်ထက် ထိုင်းနိုင်ငံနှင့် အနောက်ဘက် ဘင်္ဂလားဒေ့ရှ်သို့ အများဆုံးတင်ပို့သည်ဟု ထိုစဉ်ကကြားသိရသည်။ ယခုအချိန်ကဲ့သို့ လွတ် လပ်သော သတင်းဌာနများမရှိသောကြောင့် ရေရေရာရာ အတည်ပြုနိုင်ခြင်း မရှိသော် လည်း ဖြစ်နိုင်ခြေများပါ သည်။
ထိုအချိန်က လယ်သမား များအနေဖြင့် အစိုးရထံတာဝန် ကျေစပါးပေးသွင်းရသည့် စနစ် ဆိုးကြီး၏ ဒဏ်ကို ခါးစည်းခံခဲ့ရ သောကြောင့် ဆင်းရဲကျပ်တည်း နေကြသည်။ တစ်ဖက်တွင် စိုက်ပျိုးစရိတ် ကလည်း တစ်နေ့တခြား မြင့်တက်လာသောကြောင့်ဘဏ် ကြွေးခေါ်သည့်အမတော်ကြေးကိုပင် အချိန်မီအောင်မဆပ်နိုင်ကြ။ ထို့ကြောင့် ရှိသည့်ကျွဲပို၊ နွားပိုများကို ထုတ်ရောင်း၍ ဖြေရှင်းကြ ရ တော့ သည်။ ဒီလိုနှင့် ကျွဲ၊ နွား မှောင်ခိုဈေးကွက်ကလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတွင် ကျယ် လာသည်။
၂၀၀၈ နာဂစ်မုန်တိုင်းက မြစ်ဝကျွန်းပေါ်ကို ထိုးနှက်သောအခါ ကျွဲ၊ နွားများစွာသေကျေ ပျက်စီး ကုန်ကြသည်။ လယ်သမား အများစုအတွက် ခိုင်းစေစရာ ကျွဲ၊ နွားအခက်အခဲနှင့် ရင်ဆိုင်ကြရသည်။ ထိုတစ်နှစ်က ကျွဲ၊ နွားမရှိ သောကြောင့် လယ်ယာစိုက်ပျိုး ရေးမပြုလုပ်နိုင်သည့် လယ်သမားတွေ အများအပြားရှိခဲ့သည်။ ဈေး ကွက်တွင် ကျွဲ၊ နွားဝယ်လိုအား ဆတက်ထမ်းပိုး မြင့်လာ သလို ဈေးနှုန်း လည်း မြင့်တက်လာခဲ့ သည်။
လယ်သမားအများစုအနေဖြင့် မိမိတို့ပိုင် ကျွဲ၊ နွားများရောင်းချစဉ်က ဈေးကောင်းရသလို ယခု ရှား ပါးသောကြောင့် ပြန်ဝယ်ယူရ သည့်အခါမှာလည်း ဈေးနှုန်းတနင့်တပိုးပေးရသည်။ နာဂစ်မဖြစ်ခင် က ကျွဲတစ်ကောင်လျှင် ကျပ်နှစ်သိန်းခန့်ပေးရသည်ဆိုလျှင် နာဂစ်အပြီးတွင် ကျပ်ရှစ်သိန်းနှင့် ဆယ်သိန်းကြားပေးရ သည်။ နဂိုကမှ ဆင်းရဲကျပ်တည်း ရသည်မို့ ဆုံးရှုံးသွားသည့် ကျွဲ၊ နွား ကို ပြန်လည်ဝယ်ယူရန် လယ် သမားများအကြီးအကျယ်အခက် တွေ့ရသည်။ ဒါတောင်မှ အလွယ် တကူဝယ်မရ။ ခိုင်းကျွဲ၊ ခိုင်းနွား ရှားပါးပြီး ဈေးနှုန်းကြီးမြင့်သည့် ဒဏ်ကို ယနေ့အထိ လယ်သမား တွေ ခံစားနေရတုန်းဖြစ်သည်။
နာဂစ်အပြီး ခြောက်နှစ်နီးပါးရှိလာသည့် ယနေ့မှာလည်း တောင်သူလယ်သမားများသည် ကျွဲ၊ နွား ရှားပါးခြင်း၊ ဈေးနှုန်းကြီး မြင့်ခြင်းနှင့် ရင်ဆိုင်နေရသည်။ ဒီတစ်ခါ သဘောဝဘေးကြောင့် ခိုင်းကျွဲ၊ ခိုင်းနွားတွေရှားပါးကုန် ခြင်းမဟုတ်ပါ။ အိမ်နီးချင်းတိုင်း ပြည်များသို့ တရားမဝင်မှောင်ခို ခိုးယူတင် ပို့နေခြင်းကြောင့်ဖြစ်သည်။ အချိန်မီ မတားဆီးလျှင် ကျွဲနှင့်နွားကို အားကိုးပြီး အသက် ဆက်နေ ရသည့် မြန်မာ့လယ်ယာအတွက် လာတော့မည့်နှစ်ကာလ များတွင် စိုးရိမ်ရဖွယ်ရှိသည်။
ကျွဲ၊ နွားမှောင်ခိုဈေးကွက် တွင်ကျယ်ပြီး ပြည်ပသို့တင်ပို့မှု အရေအတွက် တစ်နှစ်ထက် တစ် နှစ် မြင့် မားလာခြင်းပြဿနာတွင် မျက်နှာစာနှစ်ဖက်ကိုမြင်ရသည်။ ပထမမျက်နှာစာမှာ အဆင့်ဆင့် သော အာဏာပိုင်များ လာဘ်စား ခြင်းကြောင့်ဖြစ်ပြီး နောက်ထပ် မျက်နှာစာတစ်ခုမှာ တောင်သူ လယ် သမားများ ဆင်းရဲကျပ် တည်းလာခြင်းကြောင့်ဖြစ်သည်။ တောင်သူများအနေဖြင့် မှောင်ခို က ဈေးကောင်းပေးဝယ်သော ကြောင့် မိမိတို့တွင် ပိုသည့်ကျွဲ၊ နွားကို ရောင်းလိုက်သည်။
တစ် ဖက်တွင် လယ်ယာလုပ်ငန်းခွင် အတွက် အမှန်တကယ်အသုံးပြု ရန်လိုအပ်သည့် လယ်သမား များ က မှောင်ခိုဖျက်ဆီးသွားသည့် ကျွဲ၊ နွားဈေးနှုန်းကို လိုက်မမီ တော့ဘဲရှိနေသည်။ ထို့ကြောင့် လယ်ယာကုန်ထုတ်လုပ်မှုတွင် လည်း ဆုံးရှုံးသည်။ လယ်သမား တစ်ဦးချင်းစီ၏ ဘဝကိုလည်း ထိ ခိုက်သည်။ လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြုရမည့် သန်စွမ်းသောကျွဲနှင့် နွားများသည် တရုတ် ပြည် ၏ အမဲသားဈေးကွက် လိုအပ်ချက်အတွက် စတေးခံများ ဖြစ်သွားရသည်။ အင်မတန် နှမြော ဖို့ကောင်းပါသည်။
တစ်ဖက်နိုင်ငံကတော့ သူတို့၏ လိုအပ်ချက်အတွက် မြန်မာ ပြည်က နွားနှင့် ကျွဲများကို နည်းမျိုးစုံဖြင့် မရရအောင်ဝယ်ယူမှာ ဖြစ်သည်။ မှောင်ခိုကြောင့် ကျွဲ၊ နွားဈေးနှုန်းများ အဆမတန်မြင့် တက်လျက် ရှိ သည်။ ဆိုင်ရာတို့ အနေဖြင့် တရားမဝင် ကျွဲ၊ နွား တင်ပို့မှုကို အချိန်မီမထိန်းချုပ်နိုင်လျှင် တစ်နှစ် ထက်တစ်နှစ် လယ် ယာသုံးခိုင်းကျွဲ၊ နွားရှားပါးလာပြီး မြန်မာပြည်အနှံ့မှ တောင်သူ လယ်သမားများ အတွက် ကြီးမား သည့်အကျပ်အတည်းဖြစ်လာလိမ့်မည်။
တရုတ်သို့ နွားတင်ပို့မှု ကြောင့် ခိုင်းနွား ရှားပါးလာမှုကို ရင်ဆိုင်နေရသည်မှာ မြန်မာပြည် အလယ် ပိုင်း မှာသာမဟုတ်ပါ။ မြစ်ဝကျွန်းပေါ်တွင်လည်း နာဂစ် ပြီးကတည်းက ခိုင်းကျွဲနှင့် နွားများရှား ပါးပြီး ဈေးနှုန်းကြီးမားနေသည်ကို သတိပြုစေချင်သည်။
အစိုးရက စက်မှုလယ်ယာ သို့ ဦးတည်နေသည်ဟုဆိုသော်လည်း လက်တွေ့မြန်မာ့လယ်ယာ သည် ကျွဲ၊ နွားဗဟိုပြု၍ လုပ်ကိုင် နေရဆဲဖြစ်သည်။ ကျွဲနှင့်နွားကို အစားထိုးအသုံးပြုရန်မှာလည်း လယ် ထွန် စက်တစ်လုံး၏ ဈေးနှုန်းက အဆမတန်ဈေးမြင့်နေသည်။ လယ်သမားတွေ လက်လှမ်းတမီ ဝယ် ယူနိုင်သည့် အနေအထားတွင် မရှိသေးပါ။ စိုက်ပျိုးရင်းနှီး သလောက် အကျိုးအမြတ်ပြန် မရ သောကြောင့်လည်း လယ်သမားများသည် စက်မှုပစ္စည်းထက် ကျွဲ၊ နွားကိုသာ လုပ်ငန်းခွင်မှာ သုံးနေရဆဲဖြစ်သည်။ လယ်သမားများဝင်ငွေတိုးတက်မည့်အစီအစဉ် များမရှိဘဲနှင့် စက်မှုလယ် ယာကို အစိုးရအနေဖြင့် မျှော်မှန်းခြင်းသည် စိတ်ကူးယဉ်မှုသက်သက်သာဖြစ်သည်။
ပြီးတော့ လုပ်ငန်းနှင့် မြေ ယာအနေအထားအရ စက်နှင့် ထွန်ယက်စိုက်ပျိုးသည်ထက် ကျွဲနှင့်နွား အသုံးပြုသည်က ပို၍ အဆင်ပြေနေသေးသည်။ ရေနက်ကွင်း လယ်မြေ အများစု ရှိသည့် မြစ်ဝ ကျွန်းပေါ် တွင် ထွန် စက်အသုံးပြုခြင်းမှာ ထင်သလောက်အလုပ်မဖြစ်ပါ။ နောက်တစ်ခါ ထွန်စက် များ၏ ကြံ့ခိုင်မှုကလည်း လျော့နည်းသည်။ အလွယ်တကူ ပျက်စီးလွယ် သဖြင့် ပြင်ဆင်ရသည့် စရိတ်ကလည်း ကြီးသေးသည်။
ထို့ကြောင့် နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် စက်မှုလယ်ယာ ဖော်ဆောင်နေသည်ကိုကြည့် ၍ တစ်တိုင်းပြည်လုံး စက်မှုလယ် ယာဖြစ်ကုန်ပြီဟု အာဏာပိုင်တွေ အထင်မရောက်ကြပါနှင့်။ မိရိုး ဖလာနည်းအတိုင်း ကျွဲ၊ နွား အသုံးပြု၍ လယ်ယာလုပ်ကိုင်နေ ရဆဲဖြစ်ပါသည်။ အစိုးရအနေဖြင့် လယ်သမားများကို စက်မှုမတပ်ဆင်ပေးနိုင်သေးသည့်တိုင် ခိုင်းကျွဲ၊ ခိုင်းနွားများ အိမ်နီးချင်း တိုင်းပြည် များသို့တရားမဝင်ခိုးထုတ်နေမှုကိုတော့ တားဆီးပေး စေချင်သည်။ မှောင်ခိုခိုးထုတ်ရာ လမ်းကြောင်းများတွင် တာဝန်ကျနေသည့် ဝန်ထမ်းများလာဘ်စားနေမှုကို ထိထိရောက်ရောက် ကိုင်တွယ်လျှင် ကျွဲ၊ နွားမှောင်ခိုမှုကို အတိုင်းအတာတစ်ခုထိ တားဆီးနိုင်ပါလိမ့်မည်။
မြန်မာပြည်မှာ ကျွဲတွေ၊ နွားတွေရှားပါး လာခြင်းသည် ၂၀၁၅ တွင် ရွေးကောက်ပွဲ၌ ဘယ်ပါတီ အနိုင် ရမလဲ။ မည်သူသမ္မတဖြစ်မလဲ ဆိုတာလောက် အရေးမကြီး ဘူးဟု မထင်ပါနှင့်။ စိုက်ပျိုးရေးကို အခြေခံသည့် တိုင်းပြည်မှာ ကျွဲနှင့် နွားများနယ် စပ်ဖြတ်ကျော် ရောက်ရှိသွားခြင်း ကလည်း နိုင်ငံရေး လိုပဲ အရေးကြီးပါသည်။
Author: ၀င်းဇော်လတ်
7Day News Journal
No comments:
Post a Comment