*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 26 April 2014

မိုးကြို ကာလ ရဲ့ အသံတိတ် လူသတ်သမား






မေလ၂၃ ရက်ဟာ အပူရှိန် လူသတ် သမားရဲ့ အန္တရာယ် သတိပြုရေးနေ့ (A Major Killer Heat Awareness Day) ဖြစ် ပါတယ်။ 

အပူရှိန် (Heat Stress) နဲ့ အပူချိန် (Temperature) တို့ဟာ မတူကွဲပြား တဲ့လေထု ရဲ့ အန္တရာယ်ဘေး ဆိုင်ရာ သဘာဝ တရားတွေဖြစ်ပါတယ်။ နှစ်စဉ် မတ်လ တစ်ရက်နေ့မှ စတင်ပြီး ဧပြီ ၁၅ ရက် အထိ ကာလဟာ ပူပြင်း ခြောက်သွေ့ တဲ့ နွေရာသီ ကာလဖြစ်ပါတယ်။




ဒီကာလ ရဲ့ ထူးခြားချက် ကတော့ နေ့ အပူချိန်တွေ တစ်နေ့ထက် တစ်နေ့ မြင့်တက် လာတတ်ခြင်း ပဲဖြစ် ပါတယ်။ အဲဒီလို အပူချိန်တွေမြင့် တက်လာတဲ့ အခါ လူရဲ့ကိုယ်က ကိုယ် အပူချိန်ကို ပြင်ပ အပူချိန်နဲ့ လိုက်ပြီး ကိုက်ညှိပေးရပါတယ်။ 

ဒါကို ကိုယ်ရှိတဲ့ Thermoregulatory System ရဲ့ Therlamus ထိန်းညှိပေး ပါတယ်။ ပုံမှန် အနေနဲ့တော့ ကိုယ် အပူချိန်ကို ၃၅ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်- ၃၇ ဒသမ ၈ ဒီဂရီ စင်တီ ဂရိတ် (၉၆ ဒသမ ၅ ဒီဂရီ ဖာရင်ဟိုက်- ၁၀၀ ဒီဂရီ ဖာရင်ဟိုက်) ကြားမှာ ထိန်းပေး ထားနိုင်ပါတယ်။ 

ဒါပေမဲ့ ဒီ စနစ်ကို အားကိုးပြီး နွေခေါင်ခေါင် မွန်းတည့်ချိန်နေပူကြီး ထဲမှာ အကာအကွယ် မဲ့နေလို့ကတော့ စနစ်တိုင်း မှာ ကန့်သတ်ချက် ဆိုတာရှိနေတာကြောင့် ကိုယ်မှာ ခံစားလာရတဲ့ အပူချိန်ကို Therlamus က လိုက် မညှိပေးနိုင်တော့တဲ့ အခါ အန္တရာယ်ရှိ လာရတော့တာပါပဲ။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ်ရဲ့ ခံစားရတဲ့ အပူချိန် (Feel Tempera-ture) နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဆိုင်ရာ သတ်မှတ်ချက်တွေ ကတော့............

ခံစားရတဲ့အပူချိန် ၂၇ မှ ၃၂ ဒီဂရီစင်တီဂရိတ် (၈၀ မှ ၉၀ ဒီဂရီဖာရင်ဟိုက်) သတိထားရန်၊

ခံစားရတဲ့အပူချိန် ၃၂ မှ ၄၁ ဒီဂရီစင်တီဂရိတ် (၉၀ မှ ၁၀၅ ဒီဂရီဖာရင်ဟိုက်)အလွန်သတိထားရန်၊

ခံစားရတဲ့အပူချိန် ၄၁ မှ  ၅၄ ဒီဂရီစင်တီဂရိတ် (၁၀၅ မှ ၁၃၀ ဒီဂရီဖာရင်ဟိုက်)အန္တရာယ်ရှိအဆင့်၊

ခံစားရတဲ့အပူချိန် ၅၄ ဒီဂရီစင်တီဂရိတ်အထက် (၁၃၀ ဒီဂရီဖာရင်ဟိုက်အထက်) အလွန် အန္တရာယ် ရှိအဆင့် ။

အန္တရာယ်ရှိ အဆင့်တွင် ကျန်းမာရေး ဆိုင်ရာ ပြဿနာများ အဖြစ် heat cramps, heat exhaustion တို့အပြင် တစ်ခါ တစ်ရံ heat stroke လည်းဖြစ် တတ်ပြီး အလွန် အန္တရာယ်ရှိ (Extreme Danger) အဆင့် တွင်တော့ Heat Stroke အများဆုံး ခံစားရတတ်ကြောင်း သတိပေးဖော်ပြ ထားပါတယ်။ 

Heat Stroke ခံစားရတဲ့သူဟာ ခံနိုင်ရည်ကိုလိုက်ပြီး လေဖြတ်ခြင်း နဲ့ ဦးနှောက်သွေးကြောပြတ်ခြင်း (အရပ် အခေါ်) စတာတွေ ဖြစ်ပေါ်စေတတ်တဲ့ အတွက် အသက် ဆုံးရှုံးတတ်ကြပါတယ်။

ဒါကြောင့်ပဲ အပူရှိန် ကို အဓိက လူသတ်သမားလို့ခေါ်ကြခြင်းဖြစ်ပါတယ်။ နွေ ကာလပြီးတဲ့ ဧပြီလ အလယ် ကစပြီး မုတ်သုံဝင် တဲ့နေ့ အထိ ကာလဟာ မိုးကြို ကာလဖြစ်ပါတယ်။ မိုးကြို ကာလရဲ့ ထူးခြားချက် ကတော့ နွေလက်ကျန် အပူနဲ့ မိုးဦး အကြိုရေငွေ့တို့ အမြောက် အမြားဖြစ်ပေါ်တတ်တဲ့ ကာလဖြစ်တဲ့ အတွက် မိုးကြိုကာလ အတွင်း လေထုထဲ မှာ ရေငွေ့အမြောက် အမြား ပါဝင်နေတာ ကို နေ့စဉ်တွေ့နေ ရပါတယ်။ 

ဒီအခါ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီ ကာလမှာ လူ့ကိုယ် က ခံစား ရတဲ့ အပူချိန် ဟာ လေ အပူချိန် (air temperature) သက်သက် သာဖြစ်ပေမယ့် ရေငွေ့တွေ ပါနေတဲ့ လေထု အတွင်း မှာတော့ လေ အပူချိန် အပြင် ရေငွေ့ အပူချိန် ပါ ထပ်ဆောင်းလိုက်တဲ့ အတွက် လူရဲ့ ခံစားရတဲ့ အပူချိန်ဟာ လူ့ ကိုယ်ရဲ့ ခံနိုင် ရည် ထက် ကျော်လွန် သွားလေ့ရှိပါတယ်။ ဒီ အခါမှာ မကြာ ခဏဆိုသလို အလွန် အန္တရာယ်ရှိ အဆင့် ကို ရောက်သွား တတ်ပါတယ်။

ခက်တာက လေထု အပူချိန်ကို သာမိုမီတာ နဲ့ အလွယ် တကူတိုင်းတာ သိရှိနိုင်ပေမယ့် ခံစားရတဲ့ အပူချိန် ကတော့ လေထု အပူချိန်နဲ့ Relative Humidity နှစ်ရပ်ပေါင်းပြီးမှ တွက်ချက် ယူမှရနိုင် တဲ့ တန်ဖိုး ဖြစ် တာကြောင့် အလွယ် တကူ မသိနိုင်ကြပါဘူး။ ဒါကြောင့် မသိလိုက် ရဘဲ အသက်ဆုံးရှုံး ရတတ်တဲ့အတွက် အသံတိတ် လူသတ်သမား (Silent Killer)လို့ ခေါ်ခြင်းဖြစ်ပါတယ်။ အဲဒီ အန္တရာယ် ဟာ အခုလို မိုးကြို ကာလ (အပူချိန် နဲ့ ရေငွေ့ ပါဝင်မှုမြင့်မားနေတဲ့ ကာလ)မှာ မကြာ ခဏ ဖြစ်ပေါ်တတ်တဲ့ အတွက် အသက် အန္တရာယ်ကို အမြဲခြိမ်းခြောက်နေလေ့ရှိပါတယ်။

၂၀၁၄ ခုနှစ် ဧပြီလ အတွင်း ရန်ကုန် (ကမ္ဘာအေး)မှာ ဖြစ်ပေါ် ခဲ့တဲ့ ခံစား ရတဲ့ အပူချိန်တွေ ကို တွက်ကြည့် တဲ့ အခါ ဧပြီ ၁ ရက်မှ ၂၁ ရက်အတွင်း အလွန် အန္တရာယ်ရှိ အဆင့် တစ်ကြိမ်၊ ၄-၄-၂၀၁၄ ရက်စွဲနဲ့ အန္တရာယ် ရှိအဆင့် သုံးကြိမ် (ဧပြီ ၁၅၊ ၁၆၊ ၂၀ ရက်)ဖြစ်ပေါ်ခဲ့တာ ကို တွေ့ရပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် အတွင်းကလည်း ရန်ကုန်မြို့ မှာ ဧပြီလ အတွင်းက အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ် စိုထိုင်းဆ ၆၀ ရာခိုင်နှုန်း ရှိခဲ့ရာ ခံစားရတဲ့ အပူချိန်ဟာ ၅၅ ဒီဂရီ စင်တီဂရိတ် ရှိခဲ့ပါတယ်။ Extreme Danger Level ပါ။

 မေလ ၇ ရက် မှာတော့ အမြင့် ဆုံးနေ့ အပူချိန်က ၃၆ ဒီဂရီ စင်တီဂရိတ် ပဲရှိပါတယ်။ ဒါပေမဲ့ စိုထိုင်းဆ ကတော့ ၉၂ ရာခိုင်နှုန်း အထိ မြင့်တက် သွားခဲ့လို့ ခံစားရတဲ့ အပူချိန်က ၆၂ ဒီဂရီစင် တီဂရိတ် အထိ မြင့် တက်သွား ခဲ့ပါတယ်။ အလွန် အန္တရာယ်ရှိအဆင့် အမြင့်ဆုံးလောက် အထိရောက် သွားခဲ့ပါတယ်။ သာမန် လူတွေတောင် မခံနိုင် လောက်တဲ့ အပူချိန်ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မှာ အသက် ဆုံးရှုံး ခံရမှုတွေ ရှိခဲ့ပါတယ်။

ဒီလိုဖြစ်လာရတဲ့ အဓိကအကြောင်း ကတော့ ရာသီ ဥတုပြောင်းလဲ ရာမှ ဖောက်ပြန် မှုတွေဖြစ်လာရလို့ ပါပဲ။ ဆိုလို တာက အရင်မုတ်သုံလေတွေ ပုံမှန် ရှိနေတုန်းက အခုလိုပဲ မိုးကြို ကာလရောက် လာရင် ရေငွေ့ ပါတဲ့လေတွေ ဝင်လာမယ်။ အောက်ခံမြေပြင်က အပူပေးလိုက်တော့ လေတွေဟာ အငွေ့တွေ ဆိုတော့ ပူရာ မှ ပွ၊ ပွရာမှပေါ့လာပြီး အထက် ကို တက်ကြမယ်။ Convection ဖြစ်တယ် လို့ခေါ်ပါတယ်။ 

ကမ္ဘာ့မြေစပ်လေ ထုလွှာ (Troposphere) အတွင်း အထက် ကိုတက်လာတော့ လေအေး တွေဟာ အအေး ဓာတ် ရမယ်။ ဒီတော့ အရည် ဖွဲ့ပြီးတိမ်တွေဖြစ်လာမယ်။ နောက် မိုးရွာချတော့တာ ပါပဲ။ ဒါဟာ မိုးကြို ကာလ မှာတွေ့ရတတ် တဲ့ မိုးလေဝသ သံစဉ် တစ်ခုပါပဲ။ အခုတော့ ရာသီဥတုဖောက်ပြန်မှုတွေ ကြောင့် ဒီသံစဉ် ဟာ မမှန်တော့ ပါဘူး။ လက်ရှိ မိုးကြိုကာလ အတွင်းမှာ တိမ်ဖြစ် လာပြီး မိုး မရွာတော့တဲ့ ကိစ္စတွေ များများလာပါတယ်။ 

ဒီတော့ လူတွေဟာ မွန်းတည့်ချိန်နေပူကြီး ထဲမှာ ရေငွေ့နဲ့ရေချိုးနေရ သလို နေအပူ၊ လေ အပူတွေ အပြင် ရေငွေ့ အပူပါ ထပ်ဆောင်း လိုက်တော့ ခံစားရတဲ့ အပူချိန်တွေဟာ လူ့ကိုယ်က ခံနိုင်ရည် ကိုကျော် ကုန်တော့တာ ပါပဲ။ ဒါကို အလွန် အန္တရာယ်ရှိ အဆင့် ရောက်တယ်ခေါ်တာ ပါပဲ။

စောစောကပြောခဲ့ သလို ဒီ အပူချိန်က လေထဲရောက် လာတဲ့ ရေငွေ့ အချိုးအဆ အပေါ်မှာ အများကြီး မူတည်နေလေတော့ ရေငွေ့တွေ များလေ၊ ခံစားရတဲ့ အပူချိန်က မြင့်လေဖြစ်ပါတယ်။ ဒီနှစ် ရန်ကုန် မှာ လေထု အတွင်း ရေငွေ့ ပါဝင်မှုက နည်းနေပါသေးတယ်။ 

လက်ရှိ ၂၀၁၄ ခုနှစ် ဧပြီမှာ ရန်ကုန် (ကမ္ဘာအေး) ရဲ့ ပျမ်းမျှ အမြင့်ဆုံး အပူချိန်ဟာ ၃၈ ဒသမ ၇၅ ဒီဂရီ စင်တီဂရိတ်လောက် ရှိနေပြီး စိုထိုင်းဆ ကတော့ ၄၃ ရာခိုင်နှုန်း ရှိနေပါတယ်။ နေ့အပူချိန်က ဒီထက် မတက် ဘူးပဲထားဦး။ စိုထိုင်းဆ ကတော့ သေချာပေါက် မုတ်သုံ ဝင်ကာနီးလေ တိုးလာဦး မှာ သေချာ ပါတယ်။

ဒီတော့ လက်ရှိရှိနေတဲ့ ဧပြီလ ရဲ့ ပျမ်းမျှနေ့ အပူချိန် ကို ထပ်မတိုးဘူး ပဲထား။ စိုထိုင်းဆ ကတော့ မိုးနီးလေ တိုးလေဖြစ်မှာ ပါပဲ။ ဒီတော့ ရေငွေ့ စိုထိုင်းဆ ကို တစ်စစနဲ့ တိုးလိုက်တဲ့ အခါ စိုထိုင်းဆ ၆၀ ရာခိုင်နှုန်း ရောက်တာ နဲ့ ခံစားရတဲ့ အပူချိန်ဟာ ၅၇ ဒီဂရီ စင်တီဂရိတ် ရှိလာမှာဖြစ်ပြီး Extreme Danger Level ကို စတင်ရောက်ရှိ လာမှာဖြစ်ပါတယ်။ အဲဒီနောက် နေ့အပူချိန် မတိုးစေကာမူ စိုထိုင်းဆ ရာခိုင်နှုန်း တိုးလေ ခံစားရတဲ့ အပူချိန်ဟာ တိုးလေဖြစ်လာမှာပါ။

မိုးကြို ကာလ ကမ္ဘာအေး မှာ ဧပြီလ ရဲ့ နံနက် ၉ နာရီခွဲ မှာ ပျမ်းမျှ စိုထိုင်းဆ ၆၃ ရာခိုင်နှုန်းနဲ့ ပျမ်းမျှနေ့  အ ပူချိန် ၃၇ ဒသမ ၃ ဒီဂရီ စင်တီဂရိတ် ရှိနေလို့ အဲဒီ တန်ဖိုးနဲ့ တွက်တာတောင် ခံစားရတဲ့ အပူချိန်ဟာ ၅၅ ဒီဂရီ စင်တီဂရိတ် (၁၃၀ ဒီဂရီ ဖာရင်ဟိုက်) ရှိတာကြောင့် အလွန် အန္တရာယ်ရှိ အဆင့် ပါပဲ။ ဆိုလို တာ ကတော့ ဧပြီလ လယ် ကစပြီး မေလကုန် အထိ ကာလဟာ ခံစားရတဲ့ အပူချိန်တွေဟာ အလွန် အန္တရာယ် ရှိအဆင့် ကို ရောက်နေတာ ချည်းပါပဲ။

အဲဒါဖြင့် အရင်က လူတွေကို Heat Stroke ဖြစ်တာ ဒီလောက် မများ လှပါဘူး။ အခု တစ်လောကမှ ဒီလိုဖြစ်ရပ်တွေ သိသိ သာသာ များလာတာက ဘာကြောင့်လဲ။ ဒါကတော့ ရာသီဥတု ဟာ အရင်လို သံစဉ် မမှန်တော့ လို့ပါပဲ။ ဘာဖြစ် သွားသလဲဆိုတော့ အရင်တုန်း က တိမ်တွေဖြစ်ပြီးရင် မိုးကမှန်မှန်ရွာတယ်။ အပူချိန်က ဒီလောက် မမြင့်ဘူး။ 

အခု နောက်ပိုင်း အထူး သဖြင့် ၂၀၀၆ ခုနှစ်နောက်ပိုင်း မှာ နေ့ အပူချိန်တွေ တိုးလာပြီး တိမ်တွေ ရှိပေမယ့် မိုးက မရွာဘူး။ ဒီတော့ နေ့ အပူချိန်တွေ တိုးလာတာ ကလည်း ခံစားရတဲ့ အပူချိန်ကို တိုးလာစေတယ်။ တိမ်တွေ အုံ့နေတော့ လည်း လေထဲ မှာရေငွေ့တွေများနေပြီး ခံစားရတဲ့ အပူချိန်ကို တိုးစေတယ်။ မိုး မရွာတော့ အအေးဓာတ်က မရတော့ပြန်တာကြောင့် တက်နေတဲ့ အပူချိန်တွေဟာ ပြန်မဆင်းတော့ဘူး။ ဒီတော့ မိုးကြို ကာလဆိုရင် အခုနောက်ပိုင်း ခံစားရတဲ့ အပူချိန်တွေဟာ လွန်ကဲ အဆင့် ကို ရောက်နေတာ များလာပါတယ်။

အဲဒါကြောင့် အသက် ဆုံးရှုံးနိုင်တဲ့ အထိ အန္တရာယ်ပေးနိုင် တဲ့ အပူ ဒဏ်ကြောင့် မေလ ၂၃ ရက်ကို အပူရှိန် လူသတ်သမား ရဲ့ အန္တရာယ် သတိပြုရေးနေ့ လို့ သတ်မှတ် ထားကြောင်းပါဗျာ။

(ကိုယ်ရဲ့ အပူထိန်း စနစ် အကြောင်း ရှင်းပြပေးတဲ့ ငယ် သူငယ်ချင်း ဒေါက်တာ စိန်လှအောင် ကို ကျေးဇူး တင်ပါတယ်။)



နေပူအောက် တွင် လုပ်ငန်းခွင် ၀င်နေသော ဆောက်လုပ်ရေး လုပ်သားများ (ဓာတ်ပုံ - နစ်ကီ)


Author: မောင်ထွန်းလွင် (မိုးလေ၀သ)

7Day Daily
From...Search Myanmar

 















No comments:

Post a Comment