မြောက်လေငယ်သွင်းပါလို့ မြူနှင်းငယ်စိုစို၊ မြင်တိုင်းငယ်ပျိုသည်
ရွှေကျီးညိုတာရာနှင့် ကြတ္တိကာ ထွန်းတဲ့ လကိုလေး။ တန်ဆောင်ငယ်မာသ
ဆယ့်နှစ်လတွင် ချမ်းမြအေးရင် ဗြိစ္ဆာခွင်သို့ ရက်ငင်ပြောင်းခွာ ခ၀ဲညှာလဲ
ခိုင်လွှာဝတ်မှုန် ရနံ့သာထုံတော့တယ်၊ ဘုန်းဂုဏ်ကြော့ သမ္ဘိန်မှာ လှူကထိန်
သဘင်ခင်းလို့ ကျင်းကြ တယ်လေး။
(မဟာအတု လမင်းကြီး)
နှင်းရွှင်မာသ တန်ဆောင်မုန်းလသို့ ရောက်သည်နှင့် မြောက်ပြန်လေပြည်
အေးအေးက နော့လျက်တစ်မူ ကျီစယ်တော် မူခဲ့ပြန်လေပြီ။ ထိုမြောက်ပြန်
လေပြည်အေးနှင့် အတူပင် နှင်းပုလဲစက်တို့ကလည်း ညင်သာစွာ ဖျန်းပက်သည့်
ခါသမပင်။ ထက်ကောင်းကင် ဝေဟင်ဆီ မျှော်ရည်မိတော့ ရွှေကျီးတာရာနှင့် ကြတ္တိကာ
ကြယ်စင်တို့ အလင်းကိုယ်စီဖြင့် လင်းကျင်းသည့် ကာလလည်း ဖြစ်ပေသည်။
တန်ဆောင်မုန်းလမှာ ဗြိစ္ဆာရာသီတွင်းသို့ သက်ဆင်းရာ ကာလရာသီဖြစ်ပြီး
ရာသီပန်းမှာ ခ၀ဲပန်းဖြစ်၏။ ရာသီပွဲကား ကထိန်ပွဲသဘင် ဆင်ယင်ကျင်းပသော
သမယတည်း။ သို့အတွက်ကြောင့် စာဆိုရှင် စလေဦးပုညက တန်ဆောင်မုန်းလကို ဤသို့
စာပန်းချီ ခြယ်သခဲ့ပေသည်။
"မိုးဝသန်ချိန်ဆုံးလို့ တန်ဆောင်မုန်းဗြိစ္ဆာ
ဖ၀ါးနှစ်စွန်းခါဝယ် ကြတ္တိကာ ကြယ်မင်းခ၀ဲ ပွင့်မလာငယ်သည်ချိန်မှာ
မွှေးပျံ့ထုံသင်း။
ရှေးအခါက ရဟန်းတို့သည် သင်္ကန်းအဖြစ် လူတို့စွန့်ပစ်ထားသည့်
အ၀တ်စုတ်တို့ကို ကောက်ယူချုပ်ဆိုးပြီး ၀တ်ရုံကြရသည်။ ဒါယကာ၊ ဒါယိကာမတို့
ပေးလှူအပ်သည့် တောက်ပသော သင်္ကန်းတို့ကို မ၀တ်ဆင်ကြ ရပေ။ သင်းပိုင်၊
ကိုယ်ဝတ်နှင့် ဒုကုဋ်ဟူသည့် သုံးထည်သာ ပိုင်ဆိုင်ကြပြီး အပိုမထား ကြပေ။
မြတ်စွာ ဘုရားရှင် အား ပူဇော်ဦးခိုက်ရန်လာစဉ် လမ်းခရီး၌ မိုးရေစက်
ရွှံ့ညွန်တို့ဖြင့် အထပ်ထပ် လိမ်းကျံလျက် မတင့်မတယ် ရှိသဖြင့်
မြတ်စွာဘုရားရှင်က "ရဟန်းတို့ ၀ါကျွတ်သော ရဟန်းတို့အား ကထိန်ခင်းခြင်းငှာ
ခွင့်ပြု၏။
ရဟန်းတို့ ကထိန်ခင်းပြီးသော ရဟန်းတို့အား ထင်ရှားရှိသော
ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့ သွားနိုင်ခြင်း၊ တိစီဝရိတ်အဓိဋ္ဌာန်တင်သော
သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ အဓိဋ္ဌာန်
ဝိကမ္ပနာ မပြုသော သင်္ကန်းကို အလိုရှိတိုင်း ဆောင်နိုင်ခြင်း၊
ထိုကထိန်ခင်းသောကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အား
ဖြစ်ရခြင်းဟူသော ဤငါးပါးသော အာနိသင်တို့ကို ရကုန်၏။" ဟု မိန့်တော်မူခဲ့၏။
ဤသို့ဖြင့် ကထိန်အလှူကို ကျင်းပခွင့် ရရှိခဲ့ခြင်း ဖြစ်ပါသည်။
ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်။
ကထိန်သင်္ကန်း လှူဒါန်းခြင်းဖြင့် ရရှိနိုင်သည့် အကျိုးတရားများကို ဤသို့ တွေ့နိုင်ပါသည်။
ရွှေဝါရုပ်ဆင်း ညစ်ကင်းရောင်ဝါ
ကိုယ်မှာပူကင်း၊ နုခြင်းခန္ဓာ
တစ်ထောင်ပုဆိုး၊ ရောင်မျိုးစုံစွာ၊
ပိုးထည်မြတ် ရအပ်ပဒေသာ
နောက်ဆုံးတွင် ဘုန်းရှင်ရဟန္တာ။
ကိုယ်မှာပူကင်း၊ နုခြင်းခန္ဓာ
တစ်ထောင်ပုဆိုး၊ ရောင်မျိုးစုံစွာ၊
ပိုးထည်မြတ် ရအပ်ပဒေသာ
နောက်ဆုံးတွင် ဘုန်းရှင်ရဟန္တာ။
ကထိန်အလှူကို ပြု၌ရာ ကျောင်းတစ်ကျောင်းအတွက် တစ်နှစ်လျှင် တစ်ကြိမ်သာ
ကျင်းပခွင့် ရှိပါ သည်။ နှစ်စဉ် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ
တန်ဆောင်မုန်း လပြည့်နေ့ ကာလအတွင်း ပြုလုပ်ကြ ရပေသည်။ ကထိန်သင်္ကန်း
အလှူခံယူမည့် ရဟန်းသံဃာ အနေဖြင့်လည်း ၀ါဆိုလပြည့်ကျော် ၁ ရက်မှ သီတင်းကျွတ်
လပြည့်ကျော် ၁ ရက်အထိ ပထမ၀ါဆိုပြီးခြင်း၊ သီတင်းကျွတ် လပြည့်နေ့၌
ပ၀ါရဏာပြုပြီးခြင်း၊ ၀ါကျိုးဝါပြတ် မရှိခြင်း၊ ကထိန်ခင်းခြင်း အစီအစဉ်ကို
နားလည်ခြင်းဟူသည့် အင်္ဂါရပ်တို့ ပြည့်စုံရပါသည်။
ကထိန်ပွဲသဘင် ကျင်းပသည့် တန်ဆောင်မုန်းလဘွဲ့ အဲချင်းတစ်ပုဒ်၌
ဝန်ကြီးပဒေသရာဇာ၏ အဖွဲ့အနွဲ့၌ ဤသို့ပုံဖော် ထားခဲ့ကြောင်းကိုလည်း
တွေ့နိုင်ပေသည်။
လျှံဝါရွှန်းရွှန်း၊ ဆီမီးပန်းနှင့်
လ၀န်းစကြာ၊ ကြတ္တိကာတို့
ယှဉ်လာထွန်းလျက်၊ ဗြိစ္ဆာလဂ်ဟု
ပြိုင်စက်နှင်းဖွဲ၊ မိုးမစဲသား
ခ၀ဲပွင့်ချိန်၊ နတ်နိုးချိန်ဝယ်
ကထိန်လှူမျိုး မသိုးရွှေစင်
သင်္ကန်းဖျင်နှင့် ...
လ၀န်းစကြာ၊ ကြတ္တိကာတို့
ယှဉ်လာထွန်းလျက်၊ ဗြိစ္ဆာလဂ်ဟု
ပြိုင်စက်နှင်းဖွဲ၊ မိုးမစဲသား
ခ၀ဲပွင့်ချိန်၊ နတ်နိုးချိန်ဝယ်
ကထိန်လှူမျိုး မသိုးရွှေစင်
သင်္ကန်းဖျင်နှင့် ...
ကထိန်ရာသီ ရောက်ပြီဆိုသည်နှင့် ကထိန်ပွဲ ဆင်နွှဲနိုင်ရေး အလှူ့ဒကာ၊
အလှူ့ဒါယိကာမတို့က လှုံ့ဆော်မှုပြုကာ ဒိုးပတ်သံ၊ စပီကာသံ တညံညံဖြင့်
ရပ်ကွက်တကာသို့ လှည့်လည်၍ အလှူခံ ထွက်ကြသဖြင့်
လှုပ်လှုပ်ကြွကြွမြင်ကွင်းတို့ကို ရှုမြင်ကြရပြီ ဖြစ်ပေသည်။
မြို့နယ်အသင်းများမှ အစပြုကြလျက် ရပ်ကွက်ထိပ် ဓမ္မာရုံ
ဆွမ်းလောင်းအသင်းအလယ်၊ အနှေးယာဉ်ဂိတ်များမကျန် သူ့ထက်ငါ အလှူတော်
ကထိန်ပွဲအတွက် စိတ်အားထက်သန် နေကြပုံ ရှုမြင်ကြရသည်မှာ မြန်မာလူမျိုးတို့၏
အလှူဒါနအပေါ် ထားရှိသည့် လေးနက်မှုကို ဖော်လှစ်ပြသနေခြင်းသာ ဖြစ်ပေသည်။
ကထိန်ခင်း အလှူပွဲ မပြီးမချင်း တရားဟော ဓမ္မကထိကတို့၏ တရားဓမ္မသံ
တမြိုင်မြိုင်။ အလှူခံပစ္စည်း အတွက် အလှူတော်ငွေအတွက် စုပေါင်းလျက်
ပုံဖော်လှုပ်ရှားနေကြပုံ မြင်ကွင်းများဖြင့်လည်း အားကျ ဂုဏ်ပြုဖွယ်
ကောင်းလှပေသည်။ ယခင်နှစ်ဆီက အသုံးပြုပြီး ဓမ္မာရုံအတွင်း
ထည့်သွင်းသိမ်းဆည်း ထားသည့် ပဒေသာပင် ဖရိန်ကို ထုတ်ယူလာပြီး
ဆေးကြောသန့်စင်သူ၊ ပြုတ်ပျက်ကျွတ်ထွက်နေသည့် သံချက်များ ပြန်လည်ရိုက်နှက်
အစားထိုးသူ၊ သန့်စင်ပြီး ဖရိန်အား ဆေးရောင်များ ပြန်လည်ရေးခြယ်သူ စသဖြင့်
တစ်ယောက်တစ်လက် ပရဟိတလက် ဆိုသလိုပင် သူရောငါပါ ပါဝင်လုပ်အားပေးလှူခြင်း
အမှုပြုလျက် ရှိပုံ၊ ပုံရိပ်များကလည်း လှူဒါန်းထည့်ဝင် ရသူတို့၏ရင်ဝယ်
ပီတိပန်းများ တဖွားဖွား ဝေနိုင်စေမည့် ရှုမျှော်ခင်းများပင်။
ကထိန်ရာသီနှင့် ပတ်သက်၍ ဖွဲ့နွဲ့ခဲ့ဖူးသည့် စာဆိုအကျော် ဖိုးသူတော်ဦးမင်း၏ ကဗျာတစ်စတွင်လည်း-
လှူကထိန်သင်္ကန်းနှင့်
မဂ်လမ်းကိုတဲ့ ဆုပန်ရွယ်
သည်အချိန် ၀တ်မှုန်ကြဲလို့
ခ၀ဲရွှေညှာရင်းမှာ
သင်းရနံ့ကြွယ်။
ကောင်းကင်ဝယ်ဘုံဦး၊
ရွှေလစန္ဒာနှင့်
ကြတ္တိကာ ကြယ်ရောင်ရွှန်းတယ်
ထွန်းထိန်လို့မြူး။ (ဖိုးသူတော်ဦးမင်း)
မဂ်လမ်းကိုတဲ့ ဆုပန်ရွယ်
သည်အချိန် ၀တ်မှုန်ကြဲလို့
ခ၀ဲရွှေညှာရင်းမှာ
သင်းရနံ့ကြွယ်။
ကောင်းကင်ဝယ်ဘုံဦး၊
ရွှေလစန္ဒာနှင့်
ကြတ္တိကာ ကြယ်ရောင်ရွှန်းတယ်
ထွန်းထိန်လို့မြူး။ (ဖိုးသူတော်ဦးမင်း)
ရုံးသူရုံးသားတို့လည်း မြန်မာများပင် ဖြစ်ကြလေရာ သူ့ရုံးအလိုက်၊
ကိုယ့်ဌာန အလိုက်ပင် တတ်အားသမျှ အင်အားဖြင့် စုပေါင်းလှူဒါန်း ကြသည်မှာ
မြန်မာတို့၏ ချစ်စရာ ဓလေ့စရိုက်များသာ ဖြစ်ပေသည်။ သူ့ထက်သူ အားကျမခံ၊
အရှုံးမပေးကြဘဲ ထည့်ဝင်လှူဒါန်းကြလျက် အလှဆုံး အကောင်းဆုံး ဖြစ်လို သည့်
ဖြူစင်သဒ္ဓါတို့ဖြင့် အပြိုင်အဆိုင် အနိုင်လားဟေ့ ဆိုရမလောက်
တောက်တောက်ပြောင်ပြောင် ၀င့်ဝင့်ကြွားကြွား ပဒေသာပင် အလှများက သက်သေပြုလျက်
အားကျဖွယ်ပါပေ။
ကထိန်ပဒေသာပင်များ သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများသို့
ပို့ဆောင်သည့်မြင်ကွင်း ပုံရိပ်များက ကထိန်အလှူပွဲတော်၏ အထွတ်အထိပ် အကျဆုံး
အချိန်အခါဟု ဆိုသော်ရနိုင်လောက်ပါသည်။ ဒီအချိန်၌ မြင်ကွင်းများက ကြွတက်ကာ
မြင်ရသူ အပေါင်းတို့ ကြည်ညိုသဒ္ဓါစိတ် ပွားစေဖို့ ဖန်သည့်နှယ်။
တီးမှုတ်သံများက ကက်ဆီယိုသံများ၊ ဒိုးအကမြူးကြွကြွတို့ဖြင့် ပို့ဆောင်ရာ
ဘုန်းတော်ကြီးကျောင်း သို့ ရောက်သည့်တိုင် လမ်းကြောင်းတစ်လျှောက်
ရှေ့ဆုံးကားခေါင်မိုးပေါ်မှ ဒိုးပတ်မင်းသား၏ အကအလှ ခပ်ကြွကြွ။
မြိုင်ဆိုင်သမျှ မြူးမြူးသွက်သွက် ဒိုးချက်နှင့် အကွက်ဖော် သီဆိုသံများ
ဆိုသူလည်းပျော်၊ ကသူလည်းရွှင်နှင့် တကယ်ပင် ပျော်ရွှင်စရာ အကအလှ
သဘာဝတို့ဖြင့် လမ်းဘေးဝဲယာဆီမှ အားပေး သူတို့၏ လက်ခုပ်သံ စည်းချက်တို့နှင့်
လိုက်ဖက်လှစွာ အော်ဟစ်အားပေး လိုက်ကြနှင့် ပျော်စရာ့ ပျော်စရာ
ကထိန်ပွဲမဟာပင်။
ဘုန်းတော်ကြီးဆီ ရောက်ပြီဆိုမှ လှူဖွယ်ပဒေသာပင်များကို ဆရာတော်ထံသို့ ကပ်လှူကြပါသည်။
ဆရာတော် ဟောကြားသည့် တရားဘာဝနာများ နာယူကြလျက် ရေစက်ချ တရားနာကြလျက်
သံသရာမှ ဘ၀ကူး ကောင်းရေးအတွက် အာရုံပြု အမျှအတန်းဝေပေးခြင်း ပြုကြပါသည်။
တပည့်ဒါယကာ၊ ဒါယိကာမတို့က ရွှေမိုးငွေမိုးများ ရွာချပေးကြလျက် ကထိန်ပွဲကြီး
ပြီးမြောက်ခြင်း သို့ ရောက်ခဲ့ ပါသည်။ ရွှေမိုးငွေမိုး ကြဲပက်ခိုက်
ပိုက်ဆံရရှိ လိုက်ကြသည့် ကလေးသူငယ် လူရွယ်တို့၏ အပြုံးရောင်
အပျော်ရောင်မျက်နှာတို့ဖြင့် လန်းလန်းရွှင်ရွှင် ဒီလိုနှင့် တစ်နှစ်တာ
ကထိန်အလှူကြီး ပြီးမြောက်ခဲ့ပြန်ပေါ့။
Written by ရွှေဒါးမောင်လေးရည်
From...Eleven
No comments:
Post a Comment