မြန်မာနိုင်ငံ၏ နျူကလီးယား စီမံကိန်း သတင်းများ သိုးသိုးသန့်သန့် ထွက် လာချိန်၊ မြန်မာနိုင်ငံမှ တာဝန်ရှိ သူများက နိုင်ငံပိုင် သတင်းစာ ထက်တွင် တရားဝင် ဖြေရှင်းထား သည့် သတင်းများ တွေ့ရ ကတည်း က ဤဆောင်းပါး ကို ရေးချင်နေပါ သည်။
မြန်မာနိုင်ငံ မှာ နျူကလီးယား စီမံကိန်းတွေ လုပ်နေသည် တဲ့၊ မြန်မာကွ လို့ ပဲ ထအော်ရ မလိုလို၊ ခေတ်မီ နည်းပညာတွေ ကို ရအောင် ကြိုး စားနေသောကြောင့် နိုင်ငံအတွက် ပဲ အားတက်ရ မလိုလို၊ စိုင်းသိန်းဝင်း ကိုပဲ နားရင်း အုပ်ရမလိုလို၊ ကိုယ့်နိုင်ငံ က လူကြီးတွေကိုပဲ ထိုင်ရှိခိုး ရတော့မလိုလို၊ တို့ မြန်မာလည်း ခေသူ မဟုတ်လို့ပဲ ပြောရမလိုလို၊ အမှန် ကတော့ စာရေးသူ စိတ်ထဲမှာ ကိုယ့်မြန်မာနိုင်ငံ အတွက် ကျေနပ် အားတက်မိပါတယ်။
အားတက်နေတုန်းပဲ ရှိသေးတယ်။ မြန်မာအစိုးရက နျူကလီးယား စီမံကိန်း ရပ်ဆိုင်း လိုက်ပါပြီဟုဆိုကာ IAEA (International Atomic Energy Agency) နှင့် Additional Protocols ကို လက်မှတ် ရေးထိုး လိုက် သည်။ ဤ စီမံကိန်း နိဋ္ဌိတံသွားပြီလား မသိ။ ပြီးသွားတာပဲ ကောင်းပါသည် မဟုတ်ရင် အိုင်ဒီယာ အကွေးတွေနှင့် တိုးတက်နေသော နည်းပညာကို ဘယ်လို အသုံးချကြမည် လည်း မသိ။
ရုရှားနိုင်ငံသို့ ပညာသင်များ စေလွှတ်သည်ဟု ကြားကတည်းက ကျွန်တော့်အနေနှင့် ထောက်ခံ အားပေး မိပါသည်။ ဘယ်အချိန်တွင် Power Reactor ဝယ်မည်နည်း ဟုလည်း မျှော်လင့်မိပါသည်။ တရုတ်သည် လည်း ရုရှားနိုင်ငံသို့ စေလွှတ်၍ နည်းပညာများ ပေါင်းကူးသင်ယူခဲ့သည်။
နှစ် ၃၀ ကျော် တစ်စိုက် မတ်မတ် သင်ယူခဲ့သည်။ တွေ့ရှိပြီးသား နည်းပညာကို အစမှ ပြန်မလိုက်ဘဲ ဝယ် ယူ လိုက်သည်။ ထို့နောက် လေ့လာပြီး Reverse Engineering ပြုလုပ်သည်။ ပြီးပါက Human resource ကို သေချာ အကောင်အထည် ဖော်သည်။ Human resource Development လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကို စီမံကိန်းနှင့် စနစ်တကျ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သည်။ တရုတ် ခေါင်းဆောင်တို့ အိုင်ဒီယာကောင်းသည်။ နိုင်ငံတိုးတက်ရေး အတွက် နည်းပညာကို အသုံးချနိုင် ခဲ့ကြသည်။
မြန်မာခေါင်းဆောင် များ နျူကလီးယား စီမံကိန်း ကို နိုင်ငံခြား ပညာရှင်နှင့် ပေါင်းမလုပ်ဘဲ မိမိဘာသာလုပ် ဖို့ စီစဉ်သည်။ Power ကို ဦးမတည်ဘဲ Weapon ကို ဦးတည်သည်။ ထို့ကြောင့် နိုင်ငံတကာ အကူအညီ မရရှိ၊ ကိုယ်တိုင် လုပ်တော့ နည်းပညာ ကို အစကလိုက် ၍ လေ့လာ ရတော့သည်။
အိန္ဒိယနိုင်ငံ သည် ယနေ့ခေတ်၌ နျူကလီးယား နည်းပညာ ပိုင်ဆိုင် ထားသော နိုင်ငံ၊ ဘယ်အချိန်က စိတ်ဝင် တစားနှင့် လေ့လာခဲ့လဲ ဆိုလျှင် မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် အချိန်ကတည်းက ဖြစ် သည်။
အောင်ဆန်း-အက်တလီ စာချုပ်ချုပ် ဆိုရန် ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန် သို့ မသွားမီ အိန္ဒိယနိုင်ငံ သို့ ခေါင်းဆောင်နေရူးနှင့် တွေ့ဆုံရန် သွားရောက်ခဲ့သည်။ ထိုအချိန် ကတည်းက နေရူးဦးဆောင်၍ သိပ္ပံပညာ Conference များ ပြုလုပ်နေ ခဲ့ပြီး နျူကလီးယား နည်းပညာ ဘက်တွင် အတော်အတန် ထွန်းပေါက်နေသော လူငယ်များ ရှိနေခဲ့သည်။ ထို့နောက် ဝယ်သင့်သည် ကိုဝယ်၊ နိုင်ငံတကာ အကူအညီ ယူသင့်သည်များ ယူ၍ ယနေ့ အောင်မြင်လာခဲ့သည်။
မြန်မာ ဆရာတို့ ၂၀၀၁ ခုနှစ်မှ စတင်၍ ရုရှားနိုင်ငံ သို့ ပညာသင် သွားကြသည်။ အခုရေတွင်းတူး အခုရေ ကြည် သောက်ချင်သည်။ ရှေးကလည်း လေ့လာလိုက်စား မှု မရှိခဲ့။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဟောင်း ဦးသောင်းနှင့် သူ၏ လက်ရွေးစင် တပည့်များ ဆောင်ရွက်ခဲ့သည် မှာလည်း အဟောသိကံ၊ နိုင်ငံ ပိုက် ဆံ ဖြုန်း တီးလိုက်သည်ပဲ ရှိသည်။ မတိုးတက်။ သုတေသန လုပ်သည်က ပိုက်ဆံ ပေါပေါများများ သုံးရတာပဲ။ Result ရရန်သာ ဖြစ်သည်။ အောင်မြင်ခြင်း မအောင်မြင်ခြင်း အား တာဝန်မခံဟု တာဝန်မဲ့ စကား ပြောပါက ပြောနိုင်ပါသည်။
ကွေးနေသော အိုင်ဒီယာ ကို နေရာ ရချင်သည့် စိတ်တစ်ခုတည်းနှင့် မှန်ရာကို မတင်ပြ၊ လုပ်သင့်သည် ကို မပြောဆို ခဲ့သော ပညာရှင်သည် တာဝန် မကျေပါ။ ယခုတော့ ကျွန်တော်တို့ နိုင်ငံ နျူကလီးယား နည်း ပညာ မတိုးတက် တာပဲ အဖတ်တင် ကျန်ခဲ့သည်။ ကုန်သွားသည့် ပိုက်ဆံ များလည်း ပြန်မရတော့။ အဆိုး ဆုံးကတော့ ရုရှား သို့ သွားရောက် ပညာ သင်ခဲ့ကြသော၊ နောင်တစ်ချိန် နိုင်ငံ ၏ အားထားနိုင်သည့် အင်အား စု ဖြစ်လာနိုင်သော လူငယ် အရာရှိများ ၏ ပညာများကို အသုံး တည့်အောင် မသုံးနိုင်တော့။ ခါးတောင်း ကျိုက်နှင့် ဟိုဒင်း တစ်ခြားစီ ဖြစ်ကြပြီ။
နျူကလီးယား နည်းပညာ သည် ငြိမ်းချမ်းစွာ အသုံးပြု ပါက နိုင်ငံတိုင်း က ပိုင်ဆိုင်သင့်ပါသည်။ ထို့ကြောင့် မြန် မာတို့ ၏ နျူကလီးယား အိပ်မက် သည် ကောင်းပါသည်။ အိပ်မက်ကောင်းပေမယ့် အိုင်ဒီယာကွေးပါသည်။ ကွေးသောကြောင့် ဆုံးဖြတ်ချက် များ ကောက်ကုန် ပါသည်။ တရားခံရှာခြင်း မဟုတ်သော်ငြား ဝန်ကြီးဟောင်း ဦးသောင်း ၏ နိုင်ငံတော် အပေါ် ထားရှိသော စိတ်ရင်းစေတနာနှင့် စီမံခန့် ခွဲမှုကတော့ မေးခွန်းထုတ် စရာပင်။ အမှန်ကတော့ နျူကလီးယား နည်းပညာကို အစ ကနေ လေ့ လာခြင်းသည် ခေတ်နှင့် ရင်ပေါင်တန်းခြင်း မဟုတ်၊ ခေတ်နောက်ပြန် သွားခြင်းပင် ဖြစ်သည်။
- ၁၇၈၉ ခုနှစ်တွင် ယူရေနီယမ် ကို ကလာပါရော့သ်က စတင်တွေ့ရှိခဲ့သည်။ UO3 အနေဖြင့်တွေ့သည်။
- နောက်နှစ် ၅၀ ကြာ ၁၈၄၁ ခုနှစ်မှာ ပြင်သစ် သိပ္ပံပညာရှင် ပီလီဂေါ်က ယူရေနီယံ သတ္တုကို ထုတ်ဖော်နိုင် ခဲ့သည်။ (တွေ့ရှိခြင်း ကာလဟု သတ်မှတ်နိုင်ပါသည်။)
- ၁၈၉၆ ခုနှစ်တွင် ပြင်သစ် သိပ္ပံပညာရှင် ဘက်ကယ်ရီလ်သည် ရေဒီယို သတ္တိကြွမှုကို တွေ့ရှိခဲ့သည်။
- ၁၉၀၃ ခုနှစ်တွင် ရုရှား သိပ္ပံပညာရှင် မန်ဒဲလီယက်ဖ် သည် ဓာတု ဂုဏ်သတ္တိ များကို လေ့လာကာ အလှည့် ကျဇယား (Periodic Table) တွင်းသို့ ထည့်သွင်း ခဲ့သည်။ (ဂုဏ်သတ္တိများ လေ့လာခြင်း ကာလဟု သတ်မှတ်နိုင် ပါသည်။)
- ၁၉၀၆ ခုနှစ်မှ ၁၉၃၉ ခုနှစ် အတွင်း ရုရှားနိုင်ငံ မပါ ယူရေနီယံ တန် ၄၀၀၀ ခန့် ထုတ်လုပ် ခဲ့ကြသည်။
- ၁၉၄၅ ခုနှစ်တွင် နျူကလီးယား ဗုံးခွဲနိုင် ခဲ့ကြပြီး ယင်းနောက် ယနေ့ခေတ် ထိ နျူကလီးယား နည်းပညာ ကို လျှပ်စစ် စွမ်းအား၊ စိုက်ပျိုးရေး၊ ဆေးပညာ၊ ဘူမိဗေဒ၊ ရှေးဟောင်း သုတေသန အစရှိသော ကဏ္ဍ အသီးသီးတွင် အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ကြသည်။
အထက်ပါ အတိုင်း အချိန်ခွဲခြား လေ့လာကြည့် ပါက မိမိတို့သည် ၁၉၀၀ ပြည့်နှစ်များ ဆီသို့ ပြန်လည် သွားရောက်ခဲ့ ကြခြင်း ဖြစ်ပါသည်။
ဒါတောင် တော်တော် သက်သက် ညှာညှာ စဉ်းစားပေးထားခြင်း ဖြစ်ပါသည်။ မြန်မာပြည် က နျူကလီးယား ပညာရှင် များကိုတော့ တောင်းပန်ပါသည်။ ဒါပေမဲ့ လက်တွေ့ မပါတဲ့ အသိတရား က အသုံးမကျပါ။ စာဖတ်ပြီး လုပ်ကြကြေး ဆိုရင် အင်္ဂလိပ်စာ ကောင်းကောင်းတတ် သူတွေ နျူကလီးယား ဗုံးခွဲနေတာ ကမ္ဘာကြီးတောင် ပျောက်သွားလောက်ပြီပေါ့။
ကြုံတုန်းလေး အိုင်ကျူ အကြောင်း နည်းနည်းလောက် တင်ပြ ချင်ပါသည်။ မိမိလက်ရှိ သိနေသော အသိ အား လက်ရှိရောက်နေသော အသက်နှင့် စားကာ ၁၀၀ နှင့်မြှောက်ခြင်းသည် ဉာဏ်ရည်ညွှန်း ကိန်း ဖြစ် ပါသည်။
ထို့ကြောင့် ၂၀၀၀ ပြည့်နှစ် က လူသားတွေက ၁၉၀၀ ပြည့်နှစ် က လူသားတွေရဲ့ အသိလောက်ပဲ ရှိသေး လျှင် အိုင်ကျူ တော်တော်နိမ့်နေ ပါသေးသည်။ အသိ တရားသည် ပေါင်းကူး ယူလို့ရသော အရာဖြစ် ပါ သည်။ ငါးရာစု မတိုင်ခင် ကမ္ဘာကြီးသည် ပြားနေခဲ့ပါသည်။ ကမ္ဘာ လုံးပါသည်ဟု ပြောခဲ့သော အတွေး အခေါ် ပညာရှင်အား ဘာသာရေး ဆရာများက သတ်ခဲ့ကြလေသည်။
ကိုလံဘတ်စ် က နေကြတ်ခြင်း၊ လကြတ်ခြင်း ကို စဉ်းစား၍ ကမ္ဘာ လုံးသည်မှာ သေချာသည်ဟု ယူဆကာ ကမ္ဘာ ပတ်ခဲ့သည်။ ဂယ်လီလီယို ပေါ်လာတော့ ထို ကိစ္စ အဆင်ပြေသွားသည်။ ယနေ့ခေတ် ၈ နှစ် ၉ နှစ် အရွယ် ကလေးများ ကမ္ဘာလုံးကြောင်း ကောင်းကောင်း သိသည်။ ထိုခေတ်က ကမ္ဘာ လုံးမှန်းပြားမှန်း မသိသော သူတို့ထက် ဒီဘက်ခေတ် ကလေးများ အိုင်ကျူ မြင့်မားကြလေသည်။
ထိုသို့ မြင့်မားခဲ့ခြင်း မှာလည်း အသိဉာဏ် ပေါင်းကူးယူ ခဲ့မှုကြောင့် ဖြစ်ပါသည်။ အရန်သင့် ဝယ်ယူ သုံးစွဲနိုင် သည့် နည်းပညာ ကို ပေါင်းကူးယူခြင်း မရှိဘဲ ခေတ်နောက်ပြန် သွားခြင်းသည် ကွေးနေသော အိုင်ဒီယာ ၏ အကြောင်း ခံပင် ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံ လိုအပ်နေသည် မှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး မဟုတ်သေး၊ စီးပွားရေး ဖွံ့ဖြိုး တိုး တက်ရေးပင် ဖြစ်သည်။ ငွေရှာ ဖို့ အရေးကြီးနေသော ကာလဖြစ်သည်။ မလို အပ်သော သုတေသန အသုံး စရိတ်များကို လျှော့ချရမည်။ ကိုယ့်ပြည်တွင်းဖြစ် ပညာရှင်နှင့် လုပ်ဆောင်နေပါ က ရနိုင်ဖို့ရာ လမ်း မမြင်သော သုတေသန လုပ်ငန်းများကို အမြော် အမြင် ရှိသည် ဟူသော စကားလုံးဖြင့် တန်ဆာမဆင်သင့်။ အချိန်ကြာလာ သည်နှင့် အမျှငွေ ကုန် လူပန်းနှင့် အလိမ်အညာ များသာ ကြီးထွားလာလိမ့်မည်။ စစ်မှန်သော သုတေသနမျိုး ဖြစ်လာမည် မဟုတ်။
နည်းပညာသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှု သာ ဖြစ်သင့်သည်။ နည်းပညာ တိုးတက်ရန် အတွက် သုတေသန ပြုနေရ မည့် နိုင်ငံအဆင့်မျိုး မဟုတ်သေး။ နိုင်ငံ တစ်ခုလုံး လျှပ်စစ် မီး ကောင်းကောင်း ရရှိရန် နျူကလီးယား နည်းပညာ လိုအပ်သည် ဆိုပါက သုတေသန ပြု မနေသင့် ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံ သင့်သည်။ အချို့သော ခေတ်နောက်ပြန်ဆွဲ သူများ အသိနည်းသော သူများ နျူကလီးယား ဟု ဆိုလိုက်သည်နှင့် လန့်သွားနိုင်သည်။
ရေအား လျှပ်စစ်သည် ပတ်ဝန်းကျင် ပျက်စီးမှုပိုများ သည်။ လေလွင့် လျှပ်စစ် ဓာတ်အား ပိုများသည်။ ကုန်ကျ စရိတ် ပိုများသည်။ ထိန်းသိမ်း စရိတ် ပိုများသည်။ ကြာလာသော အခါ စွမ်းအင်ပြည့် မရ သည့် ပြဿနာကြီးသည်။
နျူကလီးယား နည်းပညာ သည် ဗုံးပေါက်ကွဲ ထားသည့် အတွက်သော် လည်းကောင်း၊ ချာနိုဗိုင်း နျူ ကလီး ယား စက်ရုံ ပေါက်ကွဲ ထားမှုကြောင့်သော် လည်းကောင်း၊ ဂျပန်နိုင်ငံ ဆူနာမီကြုံသော အခါက နျူကလီး ယား စက်ရုံများ ရေဒီယို သတ္တိကြွမှုကို မထိန်း သိမ်းနိုင်၍ လည်းကောင်း လူအများ၏ ရင်တွင် အကြောက် များ ရှိကြသည်။
နည်းပညာ လွဲမှား မှုကြောင့် စက်ရုံ ပေါက်ကွဲမှု သည် တစ်ကြိမ်သာ ဖြစ်ခဲ့ ဖူးပါသည်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာ သဖြင့် တစ်နှစ် အတွင်း သေသော သူ၏ အရေအတွက်ကို ပင် မမီသေးပါ။ အကျိုးကျေးဇူး ကတော့ အတော် များပါသည်။ မြန်မာနိုင်ငံ သည် ဖြတ်ကျော် ရမည့် အဆင့်များ ရှိသေး သည့်အတွက် နျူကလီးယား နည်းပညာ ကို ပါဝါ အတွက် သုံးသင့်ပါသည်။
ကွေးဝင်နေသော အိုင်ဒီယာရှင်များ ၏ ကန့်ကွက်မှုကို လည်း ခံရနိုင်သည်။ ဒီမိုကရေစီခေတ် ဖြစ် လာသောကြောင့် ဆိုင်ဆိုင် မဆိုင်ဆိုင် မြိုင်လျှင်ပြီးရော စိတ်ဓာတ်ဖြင့် ဝင်ရောက် ပြောဆိုမည့် သူများ လည်း တစ်ပုံကြီး ရှိဦးမည်။
တင်ပြချင်သည် မှာ တိုးတက်နေသော နည်းပညာများ ထဲမှ မိမိနိုင်ငံ လိုအပ်ချက်နှင့် ကိုက်ညီသော၊ အသုံး တည့်သော နည်းပညာ ကိုသာ စီးပွားရေး အတွက် ရင်းနှီး မြှုပ်နှံ သင့်ပါသည်။ မိမိနိုင်ငံ က ဂြိုဟ်တု တစ်လုံး မှ မလွှတ်နိုင်သေး သို့မဟုတ် တိကျသော အစီအစဉ် မရှိသေး ပါဘဲလျက် အာကာသ နည်းပညာ အတွက် ရင်းနှီးမြှုပ်နှံ မှု မပြုသင့်။
နာနို နည်းပညာ ကို အသုံး မချနိုင်ပါဘဲလျက် နာနို မလုပ်သင့်၊ လုပ်သင့်သော သုတေသန များစွာ ရှိပါ သည်။ စိုက်ပျိုးရေး၊ သစ်တော၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ၊ လျှပ်စစ်ပစ္စည်းများ၊ ချည်ထည် အစရှိသည် တို့သည် နည်းပညာ ကန့်သတ်ထားမှု မရှိ၊ မည်သည့် နိုင်ငံသို့ မဆို ပညာသင် စေလွှတ်နိုင် သည်။ ပြန်လာလျှင် လည်း ချက်ချင်း အလုပ်ပေးနိုင်သည်။
လက်တွေ့ အကျိုးကျေးဇူး များနိုင်သည်။ ဆေး၊ ဆောက်လုပ်ရေး များလည်း ဤသို့ပင်ဖြစ် သည်။ နိုင်ငံ အတွက် စိုးရိမ်ဖွယ် ဖြစ်နေသော စီးပွားရေး အခြေအနေအား လမ်းကြောင်းမှန်ပေါ် ရောက်အောင် တင် ရာတွင် နည်းပညာ အကူအညီ ယူရမည် ဖြစ်ပါသည်။
ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့သော အသုံးအစွဲ မချွေတာခြင်း၊ ငွေစက္ကူများ လိုသလောက် ရိုက်နေခြင်း၊ ပိုက်ဆံချေးခြင်း များကြောင့် နာလန်မထူနိုင်သော စီးပွားရေး အား ပြန်လည် ကောင်းမွန် ဖို့ဆိုလျှင် ရှေးရိုးစွဲ အတွေးအခေါ်နှင့် မရ။
တိုးတက်နေသော နည်းပညာများ အား ကွေးဝင်နေသော အိုင်ဒီယာဖြင့် ချဉ်းကပ် မိပါက ပေါ့စေလို လို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေး ဟူသော အဖြစ်နှင့် ရင်ဆိုင် ရဖွယ်သာ ရှိကြောင်း တင်ပြ အပ်ပါ သည်။
Written by ကိုမင်းမောင်
From...Search Myanmar
No comments:
Post a Comment