*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 5 April 2014

အဖေ ဆုံးမတဲ့ စကား

 အဖေဆုံးမတဲ့စကား










 အဖေက ကျွန်တော်တို့ ညီအကို နှစ်ယောက် စလုံးကို ၁၀ တန်းအောင်တော့ အောက်ပါ အတိုင်း ဆုံးမခဲ့ ပါသည်။
သားတို့  အခုအချိန်က စပြီး ကိုယ်ဝါသနာပါတဲ့ အလုပ်ကို စိတ်ရော ကိုယ်ပါနှစ်ပြီး အားသွန်ခွန်စိုက် လုပ် ကြ ပါ ။ အဲ့ဒါဆိုရင် နှစ်အနည်းငယ် အတွင်းမှာ သားတို့ ဟာ အောင်မြင်တဲ့ သူတွေဖြစ်လာကြလိမ့်မယ် ။

ဥပမာပြောရရင် မြှားတစ်စင်းနဲ့ ဗဟိုစွဲ အောင်ပစ်တဲ့ လူလိုပေါ့ လေ့ကျင့်မှုသာ အချိန်ချိန် မှန်မှန်လုပ် အာရုံ စူးစိုက်မှုလည်း ရှိ တဲ့အတွက် တစ်ချိန်ချိန် မှာ သားတို့ ပစ်လိုက် တဲ့မြှားဟာ သေခြာပေါက်ဗဟို ကိုစွဲမှာပဲ ။

 ကျွန်တော် ကတော့ မြန်မြန် ချမ်းသာချင်သူ မို့  အဖေ့စကား ကိုနားမ၀င်ခဲ့ပါ ။ အပေါင်းအသင်း လည်းများ သူမို့  နယ်ပယ် အစုံမှာ လုပ်ငန်းပေါင်းစုံ လုပ်သဖြင့် ပညာ အစုံ တတ်သလို ၀င်ငွေလည်းကောင်း ခဲ့သည် ။
ကျွန်တော့် ညီကတော့ ကျွန်တော့်လို မဟုတ် ပထမဆုံး ပုံနှိပ်တိုက်တွင် ၀င်လုပ်သည် ထို့ နောက် စာစီ စာရိုက် စာပြင်အလုပ်များကို ကျိုးကျိုးစားစား သင်ယူသည် ။ 

ရသည့် လခငွေ ကိုလည်း သေသေခြာခြာ စုသည် ။ ကွန်ပျုတာတွေပေါ် လာတော့ ကွန်ပျူတာ စာစီစာရိုက် နှင့် မိတ္တူဆိုင် ကလေး ဖွင့်လိုက်သည် ။ တဖြည်းဖြည်း လုပ်ငန်းက အဆင်ပြေလာသဖြင့် ကွန်ပျူတာနှင့် တွဲစပ်ကာ ဓါတ်ပုံလုပ်ငန်းပါတွဲလုပ်သည် ။ 

ဝါသနာတူ သူငယ်ချင်းတစ် ယောက်နှင့် ရှယ်ယာပေါင်းကာ ဂျပန်မှ လာသော ဓါတ်ပုံ ကူးစက်ကြီးဝယ်ပြီး ဓါတ်ပုံ ကူး ဆေး ချဲ့  ပုံဟောင်းပြင် စသည်ဖြင့် လုပ်ငန်းတိုးချဲ့ ခဲ့ရာ နှစ်အနည်းငယ် အတွင်း အောင်မြင် လာပြီး အလုပ်သမား များစွာနှင့် ဆိုင်ခွဲများ ပါဖွင့်နိုင်လာသည် ။တဖြေးဖြေး ချမ်းသာလာသည် ။
ကျွန်တော်ကတော့ ၀င်ငွေထွက်ငွေ စာရင်းဇယား မရှိ ပိုက်ဆံ စုဖို့ လည်းစိတ်ကူး မရှိ သူငယ်ချင်းပေါင်း စုံနှင့် ဘီယာဆိုင် KTV အရက်ဆိုင် အနှံ့ ရောက်သည် ။ မိန်းမလှလေးများကို ထည် လဲတွဲသည် ။ ဘော လုံးပွဲ ၂ လုံးထီ ၃လုံးထီ များကိုလည်း ထိုအပေါင်းအသင်း များနှင့် ရှယ်ယာဝင် ဒိုင်ကိုင် လိုက်သေးသည် ။

 ငွေရှာနိုင်တုန်း လောင်းကစားနိုင်တုန်း မို့  ကျွန်တော့ဘ၀ ပျော်မဆုံးဖြစ်နေခဲ့ပါသည်။ ထိုအချိန်များကား ကျွန်တော် ကံကောင်းနေချိန်များ ပင်တည်း ။ ကျွန်တော် ကံဆိုးချိန်ရောက်လာတော့ နလံမထူတော့ အ ရက်သောက်ပါများ သဖြင့် အသည်းခြောက်ကာ လူက တစ်အားပိန်လာပြီး မျက်နှာကြီး ကဖေါလာသည် ။

 အစားကလည်း ဘာမှ စားလို့ မရတော့ ။ ရှိတဲ့ပိုက်ဆံ ကလည်းဆေးဖိုးနှင့် ကုန်ပြီ ။ဒီကြားထဲ ရောဂါ အတွက်သွေး စစ်လိုက်တော့ HIV ဘယ်လိုမှ အဖတ်ဆည်မရတော့ ။ သူငယ်ချင်းများ ကလည်း ကျွန်တော့် တွင်ငွေ မရှိတော့ စွန့် ခွါသွားကြပြီ ။ ကျွန်တော့်ကုတင်နဘေးတွင် မားမားမတ်မတ် ရပ်နေသူ ကိုကြည့် လိုက်တော့ ကျွန်တော် ဥပက္ခာပြုခဲ့သည့် ကျွန်တော့်ညီလေး ဇနီးချောလေးနှင့် ချစ်စရာ သမီးလေး တစ်ယောက်ပါတွေ့ လိုက်ရသည် ။ 

လူကြီး နှစ်ယောက်ကတော့ ကျွန်တော့်အခြေ အနေ ကိုသိသဖြင့် စိတ်မကောင်းသော မျက်နှာများနှင့် သမီးလေးကတော့ တီတီတာတာ မေးခွန်း ထုတ်နေသည် ။
" ဦးဦးနေကောင်းလား " ကျွန်တော်က အားယူပြီးပြုံးပြလိုက်ပါသည် ။ သမီးလေးက ကျွန်တော့်ကိုပြန်ပြုံးပြ သည် ။ သမီးလေး ၏အပြစ်ကင်းစင်သော မျက်နှာလေးကိုမြင်ရတော့ ခံစားနေရသော ဝေဒနာများ ပင်မေ့ချင်ချင်ဖြစ် သွားသည်။
 "ဘာမှမစိုးရိမ်ပါနဲ့ အကို ကျွန်တော် အကို့ ရောဂါတွေကိုပျောက်အောင် ကုပေးမယ် ။ပိုက်ဆံကုန် ချင် သလောက်ကုန်ပါစေ " ။။ ဟုတ်ပါတယ် အကို ညီမလည်း အကို့ ကိုဂရုစိုက်ပါ့မယ် ။ အကိုသာစိတ်ဓါတ် မကျပါနဲ့ ။။ ညီဖြစ်သူဇနီးမောင်နှံ ၏စကားများက ကျွန်တော့်ကို ခွန်အားများတက်စေပါသည် ။ 

သို့ သော် လည်း ကျွန်တော့်ကိုယ် ကျွန်တော်သိနေပြီမို့  ခေါင်းပဲညိတ်ပြလိုက် ပါသည် ။ ထိုစဉ်ကျွန်တော့်ညီ ၀ယ်လာသော စာအုပ်ထဲမှ ကဗျာလေးတစ်ပုဒ် ဖတ်နေသံသည် သမီးလေးနှုတ်ဖျား မှပေါ်ထွက်လာ သဖြင့် ကျွန်တော်နားစိုက်ထောင်နေမိသည် ။ " ပညာပြည့်ဝ နှလုံးလှသော် ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင် ကျဉ်းကျယ် ထွင်းဖေါက် ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏ " သြော် မာဃဒေ၀ လင်္ကာထဲက စာပိုဒ်လေးပါလား ။
ထိုစာပိုဒ်လေး ကိုကြားတော့ ကွယ်လွန်သွားပြီဖြစ်သော အဖေ့ကိုပြန်လည်အောက်မေ့သတိယ မိသည် ။ ကျွန်တော့် ညီကတော့ တစ်ခုတည်းသော ၀ါသနာ ပါသည့်ပညာရပ်ကို ပြည့်ပြည့်၀၀ သင် ယူတတ်မြေက် ခဲ့သဖြင့် ဗဟိုဆွဲအောင်ပစ်နိုင်သော မြှားသမားလို အောင်မြင်မှုတွေ ဆွတ်ခူးနိုင် ခဲ့ပြီ ။
ကျွန်တော်သာ ဘာပညာမှ ဟုတ်တိပတ်တိ မတတ်ပဲ နယ်ပယ်စုံတွင် ပညာစုံသင်ယူခဲ့ သ ဖြင့် မြှား အစင်းပေါင်းများစွာ က ကျွန်တော့် ခန္မာကိုယ် အတွင်းသို့  ရောဂါပေါင်းစုံ အဖြစ် စူးဝင်ခြင်း ကိုခံစားနေ ရပေပြီ ။ 

ကျွန်တော် စိတ်ကိုလျော့ချလိုက်ပါသည် ။ နောက်ဆုံး အချိန်လေး လုပ်နိုင်တာ တစ်ခုပဲရှိတော့သည် ။ မျက်စိကို စုံမှိတ်ကာ ဘုရားကို အာရုံပြုလိုက်ပြီး ဘ၀ကိုရင်း အသက်ကိုနှင်း ပြီး ရယူခဲ့သည့် ကျွန်တော့ အမှားသင်္ခန်းစာ များကို ဖတ်မိသူတို့  သိရှိ ဆင်ခြင်နိုင်ကြပြီး အားပြင်းတဲ့ မြှားတစ်စင်းနဲ့  ဗဟိုစွဲအောင် ပစ်ခတ်နိုင်သည့် အကောင်းဆုံးလေးသမားများ ကဲ့သို့  ဘ၀ကိုထူးထူး ချွန်ချွန်အောင်မြင် သူတွေ ဖြစ်ကြ ပါစေဟုသာ ဆုတောင်းနေမိပါတော့သည်။ 


ရိုးရာလေး

No comments:

Post a Comment