ယခုဖော်ပြပေးမယ့် ဇာတ်လမ်းလေး ဟာ တစ်ချိန် တစ်ခါတုန်းက
မြောင်းမြမြို့အနားက ရွာကလေး တစ်ရွာ မှာ အမှန် တကယ်ဖြစ်ပွားခဲ့တဲ့
ဖြစ်ရပ် ကလေးပဲဖြစ်ပါတယ်.. လူတစ်ယောက် ရဲ့ အသားဟာ ဘယ်လိုပဲ ဘယ်လောက် ပဲ
အရသာ ရှိရှိ ဇာတ်တူသား စားရင် ပျက်စီး တတ်တဲ့ ဟင်္သာ ကိုးသောင်းရဲ့ ဥပမာလို
ဒီဇာတ်လမ်းလေး ကိုလည်း သာဓကထား သံဝေဂ ယူနိုင်စေဖို့ ရှေးလူကြီး အဆင့်ဆင့်က
လက်ဆင့်ကမ်းပြောပြခဲ့ကြပါတယ်..
စာဖတ် ပရိသတ် မန်ဘာများ အနေနဲ့လည်း
ဒီဇာတ်လမ်းလေး ကိုဖတ်ပြီး ဗဟုသုတ ရစေရန် ရည်ရွယ်ပြီး ရေးသား လိုက်ရ ပါတယ် …
စာဖတ်ပရိသတ် မန်ဘာများ စိတ်ချမ်းသာ ကိုယ်ကျမ်းမာ စွာနဲ့
ရွှင်လန်း ချမ်းမြေ့နိုင်ကြပါစေ .
မြောင်းမြမြို့.. ဂျပန်ခေတ်ကာလ…
တစ်နိုင်ငံလုံး ကျီးလန့်စာစားပြီး တထိတ်ထိတ် တလန့်လန့်ဖြစ်နေရ ချိန်တွင်
မြောင်းမြမြို့ကလေးလည်း အစစ အရာရာ ရှားပါးလျက် ပိန်ခြောက်နေသော
လူမမာလေး သဖွယ်ဖြစ်နေလေသည်။ ထိုအချိန်က သာမာန် လက်လုပ် လက်စားပေါများသော
ဒီမြို့လေး တွင် ဦးထွန်းတို့ မိသားစု လည်း ပါဝင်လေသည်။
ဦးထွန်းတို့ မိသားစုလေး ဟာ သာမန် လူတန်းစား ရပ်ကွက် ကလေးမှာ
မုန့်ဟင်းခါးရောင်းပြီး အသက်မွေး တဲ့ မိသားစုလေးဖြစ်ပါတယ်.. ဒါပေမယ့်
ဒီမြို့ပေါ် ဇာတိတော့ မဟုတ်ပါဘူး… မြို့နဲ့ မလှမ်းမကမ်း ရွာကလေး ကဖြစ်ပါတယ်..
စီးပွားရေး အဆင်မပြေ လို့ မြို့ပေါ်တက် မုန့်ဟင်းခါးရောင်းပြီး
စီးပွား ရှာကြတာပါ… သူတို့ မိသားစုရဲ့ ရိုးသားမှု၊ ဆက်ဆံရေး ပျူငှာမှု၊
လက်ရာကောင်းမွန် မှု နဲ့ ဆိုင်အခင်း အကျင်း သပ်ရပ် မှုတွေကြောင့်
နှစ် အနည်းငယ် အတွင်း မှာ ငွေကြေး အတော်အတန် စုဆောင်း မိလာပါတော့တယ်…
အဲဒီ အချိန်မှာ ပြည်တွင်းက စစ်ရေး အခြေအနေ ကလည်း တစတစ ဆိုးဝါး လာတာကြောင့်
မြို့ပေါ်မှာ မနေရဲကြတော့ဘဲ သူတို့ ရဲ့ဇာတိ ရပ်ရွာလေးကို
ပြည်လည်ပြောင်းရွှေ့ လာပါတော့တယ်.. ဇာတိ ရွာလေး ကိုရောက်တော့လည်း
အရင်တုန်း ကလုပ်ခဲ့တဲ့ မုန့်ဟင်းခါးရောင်း တဲ့လုပ်ငန်း ကိုပဲ
ပြန်လုပ်ဖြစ် ပါတော့တယ်… ဒါပေမယ့် ကျေးရွာ ဆိုတော့လည်း ရောင်းရတဲ့ ရက်ရှိ သလို
မရောင်းရတဲ့ ရက်လည်း ရှိပါတယ်…
ဦးထွန်းတို့ မိသားစု အကြောင်း ပြောမယ် ဆိုရင်တော့ မိသားစုဝင်များ အကြောင်း အရင်ပြောပြ မှဖြစ်ပါလိမ့်မယ်.. ဦးထွန်းတို့ မိသားစုမှာ ဦးထွန်း၊ ဇနီးဖြစ်သူ ဒေါ်မြ၊ သားအကြီးကောင် ၀င်းထွန်းနဲ့ သား အငယ်ကောင် အောင်မြ ဆိုတာရှိပါတယ်.. နောက်တစ်ယောက် ကတော့ အိမ်မှာ ကူညီဖော် ကူညီ ဖက်ရအောင် ဆွေမျိုး နီးစပ်တော် တဲ့ ဒေါ်ဘုမ ဆိုတဲ့ အဒေါ်ကြီး တစ်ယောက်ရှိပါတယ်..
သူကလည်း မြောင်းမြမှာ ကတည်းက ကူညီ လုပ်ကိုင်ပေးခဲ့တဲ့ အတွက် ဒီအိမ်အတွက် အိမ်သူ အိမ်သား တစ်ယောက်လို ဖြစ်နေ ပါပြီ… အိမ်သူ အိမ်သားတွေ ဟာ တစ်ဦးနဲ့ တစ်ဦးချစ်ချစ် ခင်ခင် နေကြပေမယ့် မုန့်ဟင်းခါးရောင်း တဲ့ အလုပ်က မိသားစု အလုပ်ဖြစ်နေတာကြောင့် ကိုယ်စီ ကိုယ်စီ အလုပ် တာဝန်တွေကို ခွဲဝေ ယူထားပါတယ်..
ဒေါ်ဘုမက မုန့်ဟင်းခါး အတွက် ဈေးမှာ ၀ယ်ခြမ်းပြီး မုန့်ဟင်းခါးပြုလုပ် တဲ့နေရာမှာ လိုအပ်တဲ့ ပစ္စည်း အမယ်တွေကို စုံလင်ပြည့် စုံအောင် ပြုလုပ်ပေးရ ပါတယ်.. မုန့်ဟင်းခါးကို တကယ် ချက်တဲ့လူ ကတော့ ဦးထွန်း နဲ့ဒေါ်မြပဲဖြစ်ပါတယ်…၀င်းထွန်း နဲ့အောင်မြ ကတော့ ဘေးက ကူညီ လုပ်ကိုင်ပေးပြီး ဆိုင်ဖွင့်တဲ့ အခါ ဆိုင်အခင်း အကျင်းနဲ့ စားပွဲထိုး အဖြစ် တာဝန်ယူပါတယ်..

သူတို့ မိသားစုလေးဟာ တက်ညီ လက်ညီ နဲ့ မုန့်ဟင်းခါးရောင်းရင်း တစ်နေ့တော့ ထူးဆန်းတဲ့ အဖြစ်မျိုးတွေ နဲ့ ဖြစ်ပေါ်တွေ့ကြုံရ ပါတော့တယ်…
တစ်နေ့.. မုန့်ဟင်းခါး စချက်ပြီ ဆိုကတည်းက မွှေးလိုက်တဲ့ အမွှေး နံ့ဟာ
မုန့်ဟင်းခါး ချက်တဲ့ သက်တမ်း တလျှောက် ဒီလောက် မွှေးတာ တစ်ခါမှ
မတွေ့မမြင်ခဲ့ဘူး ပါဘူးလို့ ဦးထွန်းက ဆိုရတဲ့ အထိကို မွှေးပျံနေ ပါတယ်.. ဒါနဲ့
အိမ်က လူတွေလည်း မုန့်ဟင်းခါး ရည် ကို မြည်းရင်း မြည်းရင်း
အတော မသတ်နိုင်အောင် ဖြစ်နေကြတဲ့ အထိ မုန့်ဟင်းခါး ရည်က အရမ်းကို
ကောင်းလွန်းနေပါတယ်..
မနက် ကျတော့လည်း ဦးထွန်းတို့ လုပ်တဲ့မုန့်ဟင်းခါး ကို
လာဝယ်စား လိုက်ကြတာ များ လူတွေကို တန်းစီနေပါတော့ တယ်.. ပိုက်ဆံ ပါသလောက် အကုန်
စားပြီး ပိုက်ဆံ ကုန်တော့ ဟင်းရည်လေး နဲနဲဖြစ်ဖြစ် အဆစ်တောင်းတဲ့ လူတွေတောင်
အများကြီး ပါပဲ… ဦးထွန်းတို့ လည်း ရောင်းရတာ လက်ကို မလည်နိုင်တော့ ဘူးပေါ့..
မိသားစုဝင် အားလုံးလည်း တစ်သက်နဲ့ တစ်ကိုယ် ဒီလို တစ်ခါမှ
ရောင်း မကောင်းဖူးတဲ့ အတွက် ပျော်ရွှင်နေကြ တာပေါ့..
နောက်နေ့ မုန့်ဟင်းခါး ချက်တဲ့ အခါမှာလည်း ဒီလိုပါပဲ.. အိမ်က လူတွေ မြည်းတာနဲ့ တင် တော်တော် ကုန်သွားပါတယ်.. ဒါအပြင် မုန့်ဟင်းခါး ဟင်းရည် မွှေးလွန်းတဲ့ အတွက် အိမ်အနားက အိမ်နီးချင်းတွေ ကလည်း မုန့်ဟင်းရည် ကျက်တာနဲ့ လာဝယ် စားကြတဲ့အတွက် မုန့်ဖတ်ကို အရင်နေ့တွေ က ရောင်းရတာ ထက် ပိုပို သာသာလေး ၀ယ်ယူ ထားရပါတယ်..
အစစ အရာရာ ရှားပါးနေတဲ့ ဒီလိုခေတ်ဆိုးကြီး ထဲမှာ မုန့်ဟင်းခါး ချက်ရတာ ပါဝင်တဲ့ အမယ်ပစ္စည်းတွေ ကိုတောင် စုံလင်အောင် မထည့်နိုင်ပါဘူး.. ဒါပေမယ့် မုန့်ဟင်းရည်လေး ကတော့ တစ်ဇွန်းသောက် ပြီးရင် နောက်ထပ် တစ်ဇွန်း သောက်ချင် လာနိုင်အောင် စွဲဆောင်မှု ရှိတယ်လို့ ပြောစ မှတ်ဖြစ်ခဲ့ ရပါ တယ်… မနက် ဆိုင်ဖွင့်တော့လည်း လာစားလိုက်ကြတဲ့ လူတွေက မနေ့က လူဟောင်းတွေ အပြင် ဒီနေ့မှ အသစ် လာ စားကြတဲ့ ရွာနီးချုပ်စပ် က လူတွေလည်း ပါပါတယ်..
တောရွာလေးဖြစ်တဲ့ အတွက် မနက်ငါးနာရီလောက် ကဆိုင်ခင်းပြီး ကိုးနာရီ ဆယ်နာရီတောင် မကုန်လို့ အိမ်သူ အိမ်သားတွေ ဗိုက်ရိုက် စားရတဲ့ မုန့်ဟင်းခါးတွေ က အခုတော့ မနက် ၇ နာရီတောင် မပြည့်သေး ဘူး ကုန်တော့မယ် ဆိုတော့ အိမ်သူ အိမ်သားတွေ လည်း ပျော်ရွှင်နေကြတာပေါ့..
ဒါပေမယ့် ဒေါ်မြရဲ့ မျက်နှာမှာတော့ မနေ့ ကလောက် ပျော်ရွှင်မှု မရှိဘူးဆိုတာ ဘယ်သူမှ သတိ မထား မိနိုင်ပါဘူး.. ဘာဖြစ်လို့လဲ ဆိုတော့ မနေ့ည ကတည်းက ဒေါ်မြရဲ့ အိမ်မက် ဆိုးကြီးတစ်ခုကြောင့်ပါပဲ.. အိမ်မက် ထဲမှာ သွေးသံ တရွှဲရွှဲနဲ့ လက် တစ်ဖက်ပြတ်နေတဲ့ ကုလား ၀၀ကြီးတစ်ယောက်က ဒေါ်မြကို ကြိတ် မနိုင် ခဲမရဖြစ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး တောက်တစ်ခေါက်ခေါက်ဖြစ်နေလို့ပါပဲ..
စိတ်စွဲပြီး မက်ရအောင်လည်း အဲဒီ ကုလား၀၀ကြီး ကို ဒေါ်မြ အနေနဲ့ တစ်ခါမှ မမြင်ခဲ့ဖူး ပါဘူး… ဒီလိုနဲ့ မုန့်ဟင်းခါး လုပ်ငန်း ကလည်း တစတစ အောင်မြင် လာတာနဲ့ ဒေါ်မြ လည်း ညစဉ်ရက်ဆက် အိမ်မက် ဆိုးတွေ မက်ပြီး တပိန်ပိန် တလိန်လိန် ဖြစ်လာတော့ တာပါပဲ.. ဦးထွန်း ကတော့ တတ်စွမ်းတဲ့ သမားတော်တွေ နဲ့ ပြသပေမယ့် ဒေါ်မြ ရဲ့အဖြစ်က ခုတ်ရာတခြား ရှရာ တခြားဖြစ်နေ သလို ဆေးမတိုး ခဲ့ပါဘူး.. ဒီလို နဲ့ တစ်ရက် မှာတော့ တစ်အိမ် သားလုံး ထိတ်လန့်ခြောက်ခြား စရာ အဖြစ် အပျက်ကြီး တစ်ခု ဖြစ်ပေါ် လာပါတော့တယ်…
ညမိုးချုပ်ပြီး လူခြေတိတ် တာနဲ့ တစ်အိမ်လုံးတောက်ခေါက် သံများ ကြားလာ ရတော့တာပါပဲ… ဘယ်သူတွေလဲ ဆိုပြီး ၀င်းထွန်း နဲ့အောင်မြက ခြံထဲ ပတ်ရှာပေမယ့် ဘယ်သူ့ကို မှမတွေ့ ရဘဲ တောက်ခေါက် သံများ ဆက်တိုက်ကြား လာရ တာကြောင့် တအိမ်လုံး မအိပ်ရဲကြတော့ဘဲ ဧည့် ခန်းလေး မှာ စုထိုင်နေလိုက် မိကြပါတယ်..
အဲဒီ အချိန်မှာ အပေါ်ထပ် ခေါင်မိုး ထုတ်တန်းဆီက တောက်ခေါက်သံ အကျယ်ကြီး ကြားလိုက် မိပါတော့တယ်…
ဘယ်သူမှ အပေါ်ကို မော့မကြည့်ရဲ ကြတော့ပေမယ့် နောက်ဆုံး ဦးထွန်းက ကြောက်စိတ်ကို အသာ ဖယ်ပြီး ဖြေးဖြေး ချင်း မော့ကြည့်လိုက်မိတဲ့ အခါမှာတော့ ထုတ်တန်းမှာ လက်တစ် ဖက်ပြတ်နေတဲ့ ကုလား ၀၀ကြီးတစ်ယောက် ဇောက်ထိုးကြီး ရပ်နေပြီး နီရဲနေတဲ့ မျက်လုံး များနဲ့ ပြူးကြည့်နေ တာကို တွေ့လိုက် ရပါတော့တယ်…
ဦးထွန်း နဲ့ ထပ်တူ ဒေါ်မြ လည်း ကြည့်မိတဲ့ အခိုက်မှာ မြင်လိုက် ရတဲ့ မြင်ကွင်းကြောင့် ဒေါ်မြ တက်ပြီး သတိလစ် သွားပါတော့တယ်.. ဦးထွန်းတို့ ကျန်တဲ့မိသားစု ကလည်း စုပြီး ပဌာန်းတော်ကြီး ကို သံနေ သံထား နဲ့ ရွတ်ဖတ်ကြ ပါတော့တယ်.. ခေတ်ကာလ မကောင်းတဲ့ အချိန်ဖြစ်တာကြောင့် တစ်မိသားစု လုံး စုပြီး ပဌာန်း ရွတ်နေကြဖြစ်ပါတယ်..
ပဌာန်းဒေသနာတော် ဟာ မကောင်းဆိုးဝါး များကို နှိမ်နင်း စည်းချနိုင်ပြီး မကောင်းတဲ့ ကံ မကောင်းတဲ့ဘေးတွေ ကို ဖယ်ရှားနိုင် တာကြောင့် တစ်အိမ်သားလုံး ကို ရွတ်ဆို တတ်အောင် ဦးထွန်း ကိုယ်တိုင် သင်ကြားပေး ထားတာဖြစ်ပါတယ်…
ဒီလို ပဌာန်း ရွတ်ပြီး သိပ် မကြာခင်.. ဒုန်း ဆိုတဲ့ အသံကြီး ကြားရပြီး တစ်အိမ်လုံး သိမ့် ကနဲဖြစ်သွား ကာ စောစော က ထုတ်တန်းမှ မည်းမည်း၀၀ ကုလားကြီး ဆင်းလာ ပါတော့တယ်.. လက်တစ် ဖက်ပြတ်ပြီး သွေးသံ ရဲရဲဖြစ်နေပေမယ့် ကျန်တဲ့ လက်တစ်ဖက် ရဲ့လက်သည်းတွေ ကတော့ ရှည်လျားကော့ ပျံနေပြီး ကြောက်မက် ဖွယ်ရာ မျက်လုံး များနဲ့ လဲကျ သတိလစ်နေတဲ့ ဒေါ်မြဆီကို လှမ်းလာ ပါတော့တယ်…
ဦးထွန်း လည်း ဒေါ်မြကို ပွေ့ဖက်ပြီး မျက်စိ ကို မှိတ်ကာ ပဌာန်း ကိုပဲ အာရုံစိုက်ပြီး ရွတ်ဖတ်နေ ပါတော့တယ်… မကောင်း ဆိုးဝါးကြီးက ဒေါ်မြ ကို ဒုက္ခပေးရန် လာရောက်ပေမယ့် အနား ကပ်တိုင်း တစ်ခုခု က တွန်းထုတ် လိုက်သလို ပြန်ပြန် လန်သွားပြီး နောက်ဆုံး ဒေါသ ထွက်ပြီး အိမ်ပေါ်ကနေ တဒုန်းဒုန်း ခြေသံကြီး ကိုပေးပြီး ဆင်းပြေး သွားပါတော့တယ်..
အဲဒီတော့မှ ဦးထွန်းတို့ လည်း စိတ်သက်သာရာ ရကြပြီး ဒေါ်မြ သတိပြန် လည်လာအောင် ပြုစုကြ ပါတော့တယ်… ဒေါ်မြ သတိပြန် ရလာတဲ့ အခါမှာလည်း ဖြစ်ပွားခဲ့တဲ့ အဖြစ် အပျက်များကြောင့် ခင်ပွန်းဖြစ် သူ ဦးထွန်းကို ဖက်ပြီး အားရ ပါးရငိုကြွေး ပါတော့တယ်… ဒီ မကောင်းဆိုးရွားကြီး ကို ခုရက်ပိုင်း သူ့အိမ်မက် ထဲမှာ မကြာ ခဏမြင်တွေ့နေရတဲ့ မကောင်း ဆိုးရွားကြီးဖြစ်ကြောင်း၊ အခုမှ မျက်မြင် ကိုယ်တွေ့ကြုံ ရသောကြောင့် အကြောက်လွန်ပြီး သတိလစ် သွားရတဲ့ အကြောင်း ပြောပြပါတယ်..
နောက်ရက် များတွင်လည်း မကောင်း ဆိုးရွားကောင်ကြီးက အိမ်ပေါ်သို့ မတက်တော့ဘဲ အိမ်ဘေး ပတ်ဝန်းကျင် များမှ တောက်ခေါက်သံ များပေး၍လည်းကောင်း အိမ် တံခါးပေါက် ပြတင်းပေါက် များကို ခပ်ကြမ်းကြမ်း ပုတ်၍ လည်းကောင်း ခြောက်လှန့်နေ သဖြင့် မုန့်ဟင်းခါးတောင် မချက်နိုင်တော့ ဘဲ ကြောက် လန့်နေကြ ရရှာလေတော့သည်။
တတ်သိ နားလည်သော ဆရာတော် များ ဆရာသမား များဖြင့် ပြသ အလှူအတန်း လုပ်သော်လည်း လုပ်သော ခဏသာငြိမ် သွားပြီး နောက်ရက် များတွင် ခြောက်လှန့်မြဲ ခြောက်လှန့်နေ သဖြင့် တစ်အိမ်သားလုံး အကြံ အိုက်ပြီး ဘာဆက် လုပ်ရမှန်းမသိဖြစ်နေလေသည်။ အိမ်ကို စွန့်ခွာပြေးရန် ကြံမိကြသော်လည်း မိဘ၏ အမွေ အိမ်လေးဖြစ်သဖြင့် မစွန့်ခွာ ရက်ကြချေ။
တစ်နေ့တော့ ဦးထွန်း၏ အိမ်ရှေ့တွင် အာဂန္တု ဘုန်းကြီးတစ်ပါး လာရောက် ရပ်တော် မူနေတာကို တွေ့ သဖြင့် ဘာသာ တရား ကိုင်းရှိုင်းသော ဦးထွန်း က အိမ်ပေါ်ကို ပင့်ဆောင်ပြီး လှူဖွယ် ပစ္စည်းများ ကပ်လှူလေ သည်။ ထိုအခါ ထိုဘုန်းတော်ကြီး မှ ဒီအိမ်တွင် မကောင်းသော အငွေ့အသက် များစွာ ခံစား မိကြောင်း၊ လူတွေ မှာလည်း မကောင်း ဆိုးရွား အနံ့များ ကပ်ငြိနေကြောင်း ပြောကြား သဖြင့် အားလုံး ထိတ်လန့် တုန်လှုတ်သွားပြီး အဖြစ်အပျက် အလုံးစုံကို လျှောက်ထားရာ ထိုဘုန်းတော်ကြီး မှ အာရုံခံပြီး ဤအိမ်သည် ဘာလုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းပြု ပါသလဲဟုမေးရာ ဦးထွန်းမှ မုန့်ဟင်းခါး ချက် လုပ်သော လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းပြုခဲ့ပါသည် ဟု ပြန်လည်ဖြေကြားခဲ့လေသည်။
မုန့်ဟင်းခါး ချက်ရာတွင် အဘယ် သို့သော ပစ္စည်း များကို အသုံးပြု သနည်းဟုမေးရာ ဦးထွန်း ကလည်း ပစ္စည်း အမယ်များကို ဖော်ပြလျှောက်ထား ရာတွင် ဆရာတော် မှ ကိုယ်တိုင် ချက်လုပ်ပြုလုပ် သုံးစွဲသော ပစ္စည်း အမယ်များ ရှိပါ သလား ဟု ထပ်ဆင့်မေးမြန်းပြန်သည်။
ထိုအခါ ဦးထွန်းက ငါးပေါ များသော အရပ်ဒေသဖြစ် သဖြင့် ငါးများ ပုဇွန်များကို ရာဝင် အိုးကြီး တစ်လုံးကို ငါးများ ပုဇွန်များ ထည့်ပြီး အပေါ်မှာ သစ်သားပြားဖြင့် ဖိသိပ် ထားပြီး ငံပြာရည် ချက်လုပ်သော အလုပ်သာ ကိုယ်တိုင်ပြု လုပ်ပါသည်ဟု လျှောက်ထားလေသည်။ ထိုအခါ ဆရာတော် က ထို ငံပြာရည်ပြုလုပ်သော ရာဝင် အိုးကို ပြန်ပြီး သေချာ စစ်ဆေးခိုင်းလေသည်။
ဦးထွန်း ကလည်း ထို ငံပြာရည်အိုး ကို သားများဖြစ်သော ၀င်းထွန်းနှင့် အောင်မြ တို့ကို စစ်ဆေး ခိုင်းလိုက်သည်။ ခဏ အကြာတွင် ၀င်းထွန်းနှင့် အောင်မြ ထံမှ ထိတ်လန့် တကြား အော်ဟစ် အော့အန် သံများပေါ်လာ သဖြင့် ဦးထွန်း ကိုယ်တိုင် သွားရောက်ကြည့်ရှု ရာ သစ်သားပြားအောက် မှ ငါးပိ ပုဇွန် များကြား တွင် ပုတ်သိုးနေပြီဖြစ်သော လူ့ လက်ကြီး တစ်ဖက်ကို ထိတ်လန့်ဖွယ် တွေ့ရှိ လိုက်ရလေသည်။
ထိုအချိန် ထို ကာလကား စစ်ဘေး စစ်ဒဏ်သင့်သော အချိန်ဖြစ်နေသောကြောင့် မြစ်ကြောင်း တလျှောက် တွင် လူသေ အလောင်းများ မြင်မကောင်းအောင်ဖြစ်နေကြပြီး ဂျပန်များ ကလည်း လူသတ်ပြီး မြစ်ထဲမျှော တတ်သည့် အလေ့အထ များ ဖြစ်ပေါ်နေကြသည်။ တံငါသည် တစ်ယောက်က ဖမ်းမိသော ငါးပုဇွန် များကြား ထဲတွင် လူ့လက် တစ်ဖက် ပါနေသည် ကို မသိဘဲ ဒေါ်မြထံ သို့ရောင်းချ လိုက်ရာမှ ဒေါ်မြ ကလည်း မစစ်ဆေးတော့ ဘဲ ငံပြာရည်ပြုလုပ်သော အိုးထဲ သို့ထည့်ခိုင်းလိုက် ရာမှ အထက်ဖော်ပြပါ ဇာတ်လမ်းဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။
ဆရာတော် ကလည်း ထို လူလက် ပါဝင်သော အိုးကို မြစ် အတွင်း ပြန်လည်မျှောစေပြီး အိမ်တွင်လည်း ဆရာတော်များနှင့် တိုင်ပင်ပြီး ကမ္မ၀ါဇာ ရွတ်ဖတ်ခြင်း၊ အလှူအတန်းပြု လုပ်ပြီး မကျွတ် မလွတ်သေးသူ အတွက် ရည်စူးပြီး ရေစက်ချ အမျှဝေစေ ခဲ့သည်။ ဆရာတော် ကိုယ်တိုင်လည်း အိမ်တွင် မေတ္တာကမ္မဌာန်း စီးဖြန်းပြီး အိမ်ပတ်လည်နှင့်ခြံ ပတ်လည် တ၀ိုက်တွင် ပက်ဖြန်းနိုင်ရန် ပရိတ်ရေများ ပရိတ်ကြိုးများ ချီးမြင့် ခဲ့လေသည်။
ဦးထွန်းတို့ မိသားစု ကိုလည်း ဘေးဒုက္ခ ဆိုသည်မှာ ရှောင်လွဲ၍ မရနိုင်ကြောင်း နွားလှည်း တစ်ခုတွင်
ရှေ့မှနွား သွားရာနောက်သို့ နောက် က လှည်းဘီးက ထပ်ချပ် မခွာလိုက်ခြင်း ခံရသကဲ့သို့ အကုသိုလ်ကံ ဆိုသည်မှာ အကျိုးပေး မကောင်းတတ်ကြောင်း ထို့ကြောင့် အသက်ရှင်နေထိုင်စဉ် တွင် ကုသိုလ် တရားများများ လုပ်ဆောင် သင့်ကြောင်း ပြောကြားပြီး ထွက်ခွာ သွားလေသည်။
ဦးထွန်းတို့ မိသားစုကလည်း ဆရာတော် ပြောကြားခဲ့သည့် အတိုင်း ပြုလုပ်ဆောင်ရွက်ကြလေသည်။ ထိုအချိန်မှ စ၍ ထို မကောင်းဆိုးရွားခြောက်လှန့်နေသော အန္တရယ် မတွေ့ကြုံရတော့ချေ။ သို့သော် လူသားဖြင့် ချက်လုပ် ထားသော မုန့်ဟင်းခါး ဟင်းရည် ကို သောက်မိကြသော ဦးထွန်းတို့ မိသားစု အားလုံးနှင့် ရွာသူ ရွာသားများ သည် မကြာမှီ မှာပင် ကာလ ၀မ်းရောဂါဖြင့် တစ်ယောက်ပြီး တစ်ယောက် ဆုံးပါး သွားခဲ့ရပြီး ရွာမှာ လည်း ရွာပျက်ကြီး သဖွယ်ဖြစ်သွား ခဲ့ရလေသည်။
သို့သော် ထူးခြားသည် ကား ဟင်းရည် မသောက်မိ လိုက်သော ရွာသူရွာသား တချို့နှင့် သက်ကြီး ရွယ်အို၊ ကလေး တချို့မှာ ကာလသားရောဂါ အဖြစ်ဆိုးမှ ကင်းဝေးပြီး တခြားရွာများ သို့ပြောင်းရွေ့ သွားနိုင်ကြသောကြောင့် ဒီဖြစ်ရပ်များ သည် ဆက်နွယ်မှုရှိသည် ဟု ယုံကြည် လက်ခံကြပြီး အချင်းချင်း လက်ဆင့် ကမ်းပြောကြား ခဲ့ကြခြင်းပင် ဖြစ်လေသည်။
မည်သို့ပင် ဆိုစေကာမူ ဇာတ်တူသား ဆိုသည့် လူသား အချင်းချင်း လူ တစ်ယောက်ရဲ့ အသားကို မစားသင့် မစားထိုက်ချေ။ တလောက ဖေ့ဘုတ် သတင်းတချို့တွင် တရုတ်ပြည် တွင် မွေးကင်းစ ကလေးများ၏ အသားကို စားသည်ဟု သိရ သဖြင့် အလွန် စိတ်မကောင်းဖြစ်မိ ခဲ့ရသည်။
သေပြီး သားဖြစ်စေ မသေသေး သူများ၏ အသားဖြစ်စေ မစားသင့်ချေ။ မေတ္တာဗြဟ္မစိုရ် တရားလေးပါး လက်ကိုင် ထားပြီး မကောင်းမှုပြုလုပ် ရမှာ ရှက်ခြင်း၊ ကြောက်ခြင်း ဟူသော တရားများကို လက်ကိုင် ထားလျက် လူသား အချင်းချင်း စာနာစိတ်ထားနိုင်ကြပါစေလို့ ဆုတောင်းရည်ရွယ်လျက်…..

သရဲ သဘက် ဘီလူး အစရှိသော – ပေတလောကသားများအကြောင်း
From...Search Myanmar
No comments:
Post a Comment