*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday, 24 May 2014

လက်ဖက်ရည် တစ်ခွက်၊ ရင်လူးဆေးကြော်ငြာ၊ ဒါရယ်ဒါ၊ အိုင်းစတိုင်းနှင့် ဒီကွန်စထရက်ရှင်း


ကျွန်တော် လက်ဖက်ရည် တစ်ခွက် သောက်ချင်သည်။ ကျွန်တော်သောက် လိုသော လက်ဖက်ရည် မှာ လက်ဖက်ခြောက် ၏ ခါးသက်သော အရသာနှင့် နို့၏ ဆိမ့်သော အရသာ ကို သမ မျှတနေသော လက်ဖက် ရည်ဖြစ်၏။ 

လက်ဖက်ရည်ဆိုင် ထဲသို့ ကျွန်တော် ၀င်သွားပြီး “ကျဆိမ့်” တစ်ခွက် ဟု မှာလိုက်သည်။ သို့သော် ရောက် ရှိလာသော လက်ဖက်ရည် မှာ ကျွန်တော်သောက် လိုသော အရသာမျိုး မရှိ။ မကျဘူးလား။ ကျသည် ။ မဆိမ့်ဘူးလား ။ ဆိမ့်သည်။ (လက်ဖက်ရည် ကတော့ ကျဆိမ့် ပါပဲ) ခက်နေသည် က ကျွန်တော် နား လည်သော “ကျဆိမ့်” နှင့် အဖျော် ဆရာ နားလည်သော “ကျဆိမ့်” သဘောထား ကွဲလွဲ နေခြင်း ပင်ဖြစ် သည်။ 



ဤသို့နှင့် ကျွန်တော် အရသာ မတွေ့သော လက်ဖက်ရည် ခွက်ပေါင်းများစွာ ကို သောက်ခဲ့ရလေသည်။
ခေတ်မီ ဟိုတယ်တစ်ခု ၌ လက်ဖက်ရည် သောက်ခွင့် ရခဲ့ပါမူ ဤကဲ့သို့သော ပြဿနာနှင့် ရင်ဆိုင်ရဖွယ် မရှိပါ။ ဟိုတယ် တွင် အသင့်ဖျော်ပြီး သား လက်ဖက်ရည် ကို ချပေးခြင်းမျိုး မဟုတ်ဘဲ သကြား၊ အကျ ရည်နှင့် နို့ တို့ကို ချထားပေးပြီး စိတ်ကြိုက် ဖျော်သောက်နိုင်ပေသည်။ 

ဤသည်ပင်လျှင် ပို့စ်မော်ဒန်ခေတ်တွင် ခေတ်စားလာသော “ဒီကွန်စထရက်ရှင်း” ဟူသည့် သဘော တရားဖြစ်သည်။

“ရွှေသွေး” ရင်လူးဆေးကြော်ငြာ ၌ ရုပ်ရှင် မင်းသမီးကြီး က “ဟဲ့ ဧရာ ကားပေါ် မှာ ရွှေသွေး သွားယူစမ်း” ဟု ခိုင်းလိုက် ရာ ဧရာ ပြန်ရောက် လာပြီး “ရော့ မမ ဒီမှာ ဒီ အပတ်ထုတ်” ဟု ဆိုကာ ရွှေသွေး ဂျာနယ်ကို ယူလာပေး ပါသည်။ “အဲဒီရွှေသွေး ကို ပြောတာ မဟုတ်ဘူး။ ရွှေသွေး သူငယ်နာ ရင်လူးဆေးကို ပြောတာ” ဟု မင်းသမီးကြီး က ပြန်ပြော၏။

ဟုတ်ပါသည်။ တစ်စုံ တစ်ရာကို ညွှန်း ဆိုရန် ကျွန်တော် တို့က စကားလုံးများ ကို သုံးစွဲကြ၏။ အမှန် တကယ် တည်ရှိနေသော အရာ တစ်ခုကို ကိုယ်စားပြု ရန် စကားလုံး များကို ကျွန်တော်တို့ ထုတ်လုပ် လိုက်ကြသည်။ ယင်းစကားလုံး များကို လက်ခံ ရယူသူ က သူ့တွင် ရှိနှင့်ပြီးသား အသိ အမြင်များနှင့် စပ်ဟပ် ယူပြီးမှ သာ အဓိပ္ပာယ် တစ်စုံ တစ်ရာကို ဖြစ်ပေါ်ရရှိ၏။ 

ယူခိုင်းသည် က ရင်လူးဆေး။ ယူလာသည် က ဂျာနယ်။ ယင်းသည် ပင်လျှင် ဒီကွန်စထရက်ရှင်း သဘော တရား ဖြစ်၏။
“ဒီကွန်စထရက်ရှင်း” (Deconstruction) ဟူသော စကားလုံး သည် ဒါရယ်ဒါ၊ လိုင်ယိုတာ၊ ဟက်ဆန်၊ ဘောင်ဒရီလာ အစရှိသော ပို့စ်မော်ဒန်ခေတ် တွေးခေါ် ရှင်များကြောင့် ပေါ်ပေါက် လာသော ဝေါဟာ ရဖြစ်သည်။

ဒီကွန်စထရက်ရှင်း ဟူသည် စာပေဝေဖန်ရေး နယ်မှ စတင်ပေါ်ထွက် လာခဲ့သော် လည်း ဒဿနိကဗေဒ၊ သမိုင်း၊ လူမှုဗေဒ တို့အပြင် သိပ္ပံပညာရပ် နယ်ပယ်များ အထိပင် စိမ့်ဝင် ပျံ့နှံ့ လာခဲ့ပြီဖြစ်သည်။ 

ဒီကွန်စထရက်ရှင်း သဘော အရ မည်သည့် “စာသား” (Text) တွင် မဆို ပုံသေ ကန့်သတ်ကာ သတ်မှတ်ပေး လိုက်သော အဓိပ္ပာယ်များ မရှိ။ ထို့ကြောင့် တစ်ခါ ဖတ်လိုက်တိုင်း ဖတ်လိုက်တိုင်း ပုံ သဏ္ဌာန် အသစ်များ အဖြစ် (စာဖတ်သူက) ပြန်လည် ဖန်တီး ယူရသည်။ ဝေဖန်ရေး ဆရာ၏ အလုပ်မှာ စာသားတိုင်း ကို မရေတွက် နိုင်လောက်အောင် များပြားသော အဓိပ္ပာယ်များ အဖြစ် ဖော်ပြနိုင် သမျှ ဖော်ပြ ရ၏။ 

သို့သော် မည်သည့်ဖော်ပြချက် ကိုမှ အတိအကျ အမှန်ဟု မဆိုသာ ။ ဘာသာစကား အပါ အ၀င် လူသား တို့၏ ဖော်ပြချက် မှန်သမျှ လူသားတို့ ၏ ထုတ်ကုန် မှန်သမျှ Text များ သာဖြစ်ကြ၏။ 

ဥပမာ- ပုလင်း တစ်လုံး ထုတ်လုပ် လိုက်သည်။ “ရေပုလင်း” ဟူ၍ ရေထည့် ရန် သက်သက် အဖြစ် ပုံသေ သတ်မှတ်ချက် မရှိတော့။ ငံပြာရည် ထည့်လျှင် ငံပြာရည် ပုလင်း။ အရက် ထည့်လျှင် အရက် ပုလင်းဖြစ် သည်။

“ကျွန်တော်တို့သည် နက်ရှိုင်းခြင်း ကင်းသော၊ အနှစ် သာရမဲ့သော သံသရာရေ မျက်နှာထက် မှာ အထိန်း အကွပ် မရှိ၊ အတုပ် အနှောင်မရှိ၊ တိုးလျှိုပေါက် ပါးလျား အနှစ် ကင်းမဲ့ပြီး အရုပ်ဆိုး အကျည်းတန် ညစ်ညမ်း လှစွာ မရပ်မနား မျောပါနေကြသည်” ဟု ပြင်သစ် ပို့စ်မော်ဒန် တွေးခေါ်ရှင် ဘောင်ဒရီလာ က ဆိုခဲ့သည်။

သူ၏ ဆိုလိုချက် မှာ တန်ဖိုးများ၊ ဂုဏ်သတ္တိများ၊ အမှန်တရားများ စသည့် တကယ် မရှိသော သို့မဟုတ် တကယ် ရှိမရှိ မသေချာသော အရာများ ကို ကျွန်တော်တို့ က (အနုပညာဖြင့်) ခင်းကျင်းပြသ ဖန်တီးနေ သည် ဟူ၍ဖြစ်သည်။ (တစ်နည်းလွယ်အောင် ပြောရလျှင်) “ဘာမှ မရှိသောနေရာ မှ မရှိသော အရာများ ကို” ခင်းကျင်းပြသ ရေးဖွဲ့ဖန်တီးနေကြသည်။

“ကျွန်တော်တို့သည် တန်ဖိုး အားလုံး အားအင်ကုန်ခန်း မောပန်းစွာ ရှိနေရာမှ အခိုးအငွေ့အဖြစ် လွင့် စဉ်ပျောက်ကွယ်နေသော သုည နယ်တစ်ခု အတွင်းမှ “ပင်ခြေ ရင်းမြစ်” များကို ကျွန်တော်တို့ သဘော အလျောက် ဖြန့်ကြက် ခင်းကျင်း ပြသနေကြသည်” ဟု အမေရိကန်နိုင်ငံသား အီဂျစ် လူမျိုး ပို့စ်မော်ဒန်တွေးခေါ် ရှင် ဟက်ဆန်က ဖော်ပြခဲ့ဖူးသည်။

စကားလုံး တစ်လုံးသည် အဓိပ္ပာယ်ပေါင်း မြောက်မြားစွာ ကို ဖြစ်ပေါ်စေနိုင်သည်။ ဘယ် အဓိပ္ပာယ်က အမှန် ဆုံးပါဟု ပြော၍ မရ။ အခြေအနေ အမျိုးမျိုး အကြောင်း အမျိုးမျိုး ကိုလိုက်၍ အဓိပ္ပာယ် များ ထွေပြား မည်ဖြစ်သည်။ တစ်ခုခု ကို အသေဖမ်း ၍ ချုပ်ကိုင် တုပ်နှောင်၍မ ရ။ သတ်မှတ်၍ မရ။ စကားလုံး တစ်လုံးကို အဓိပ္ပာယ် ပေးလိုက် သည်နှင့် မသေချာ လွတ်ထွက် သွားတတ်သည်။

 နောက်ထပ် အဓိပ္ပာယ်တစ်ခုကို တောင်းဆိုပြန်သည်။ ထိုအခါ နောက်ထပ် စကားလုံးတစ်လုံး လိုလာပြန် သည်။ ဤသို့ဖြင့်...။ အမြဲ အစဉ်မပြတ် မျောချင် တိုင်းမျော၍ လွင့်ပါးနေသည်။ နက်ရှိုင်းသော၊ အနှစ်သာရ ကင်းမဲ့သော လောကရေမျက်နှာပြင် မှာ အရာ အားလုံး မျောချင်ရာ မျောပါနေကြသည်။ 

ထို့ကြောင့်  လောကကို လည်းကောင်း၊ လောက သစ္စာကို လည်းကောင်း အသေ အချာ ဧကန်ဧက တိကျ မှန်ကန်စွာ မဖော်ပြနိုင် ဟု ပို့စ်မော်ဒန် သမားများက ယူဆကြသည်။

ရီလေတစ်ဗတီသီအိုရီ ကို ဖော်ထုတ် ခဲ့သူ ပါမောက္ခ အိုင်းစတိုင်း က “ကန္တာရထဲ ၌ တစ်နေရာစီ တစ်ပြိုင် နက်တည်း သစ်ပင်နှစ်ပင် လဲပြို သွားခဲ့သော် လူတစ်ယောက်တည်း အဖို့ ယင်းဖြစ်ရပ် နှစ်ခုစလုံးကို မသိနိုင်” ဟု ဆိုခဲ့ဖူးသည်။ ကျွန်တော်တို့ လူသားများ အဖို့ရာ မသိနိုင်မှု နယ်ပယ်များ အတိုင်း အဆမရှိ ကျယ်ပြော လှသည်ဖြစ်၍ အရာရာကို “ငါ သိပါတယ်ကွ။ ဒါက ဒါကိုပြောတာပဲ။ ငါ နားလည်ပါတယ်ကွ” ဟု Mr. Know All လုပ်ချင်၍ မရပါ။ တစ်ခုတည်းသော အဓိပ္ပာယ်နှင့် ပုံသေ မှတ်ယူနိုင်သော အရာများ ရှားပါး လှပါဘိ။

အပိတ်စနစ် (Closed System) များ နိဂုံး ချုပ်သွားခဲ့ပြီဖြစ်သည်။ အရာရာ ကို အပွင့်စနစ် (Open System) ဖြင့် အသေ ဖမ်း ဆုပ်ခြင်း မပြုဘဲ ပြောင်းလဲရွေ့လျား နိုင်မှုတည်း ဟူသော သဘောကို နားလည် လျက် အရှင်သဘော ယာယီ လက်ခံ ထားသင့်ပါသည်။ ထုတ်လုပ် လိုက်သူ (၀ါ) ပြောဆိုသူ အနေနှင့် လည်း “ငါ ပြောချင်တာ ဒါပဲ” ဟူ၍ “ငါ့စကား နွားရ” ပြောဆိုခြင်းမျိုး ခေတ်ကုန် သွားပြီဖြစ်၏။

ဗုဒ္ဓမြတ်စွာ ၏ အဘိဓမ္မာတော် အရ ကျွန်တော်တို့ ပုထုဇဉ် လူသားများ သည် အ၀ိဇ္ဇာ များ ဖုံးလွှမ်းနေသော အမှောင်တိုက် အတွင်း တကယ် မရှိသော အရာများကို အရှိဟု ထင်နေကြ ၍ မဟုတ်တာ ကို အဟုတ် လုပ်နေကြ ၍ တကယ်ရှိသော အရာကို မမြင်နိုင်၊ တကယ်ဟုတ်သော အလုပ်ကို မလုပ်နိုင်ကြဘဲ သံသရာ အဖန်ဖန် အဆက်ဆက် ကျင်လည်နေရ လေတော့ သတည်းဟု ဆိုရပေတော့မည်။

(၀န်ခံချက်။ ဘောင်ဒရီလာနှင့် ဟက်ဆန် တို့၏ အာဘော်များ ကို ဇော်ဇော်အောင် ၏ ၆ ဒသမ ၀၁ စာအုပ် မှ မှီငြမ်းဖော်ပြပါသည်။)
Written by: နရီမင်း

From...ELEVEN
 

No comments:

Post a Comment