ကျူပ်တို့ အမျိုးတွေ
ငယ်စဉ်က
မိသားစု ခရီးသွားရင် ပြောနေကျ စကားလေး တခု ရှိတယ်။ “ကျူပ်တို့ အမျိုးတွေ
လာပြီဟေ့..” တဲ့။ ဗမာပြည်တွင်း ဆိုတော့ ခရီးအများစု က ဘုရားဖူး ပေါ့။
ဘယ်နေရာ၊ ဘယ်ဘုရား ရောက်ရောက် “ကျူပ်တို့ အမျိုးတွေ” ကို တွေ့ရတယ်။
“ပိတုန်းရောင်
ကေသာ ဖြန့်လိုက်ရင် တကိုယ်လုံး ဝေေ၀ ဖြာဖြာ လွင်လွင်” ဆိုတဲ့
နန်းတော်ရှေ့ရဲ့ အဖွဲ့နဲ့ ညီပေမယ့် အသားတော် ကတော့ “ဝါဝါရည်ရွှင်”
မဟုတ်ရှာပါဘူး။ ဒါပေမယ့် သနပ်ခါး ပါးကွက်ကြား ပါး အပြည့်၊ ဘဝအမော ကို
အရယ်၊ အသော နဲ့ ဖြေ တတ်တဲ့ လူမျိုးရဲ့ စရိုက် ပေါ်လွင်လှတဲ့ “ကျူပ်တို့
အမျိုးတွေ” ရဲ့ မျက်နှာ ‘ညိုတိုတို’ တွေဟာ ‘ဝင်း’ လို့ ‘လဲ့’ လို့
“ကြည်ကြည်လင်လင်” ရှိလှပါတယ်။
“ကျူပ်တို့ အမျိုးတွေ” ဟာ သနပ်ခါး ထူထူ၊
နှုတ်ခမ်းနီ ရဲတွတ်တွတ်၊ အဝတ် အစား အရောင် တောက်တောက်၊ ‘ရှန်’ တဘက် လား
‘ရှာ’ တဘက် လား ကျနော် မသိတဲ့ တဘက်ခြုံ ဆင်ယင်မှုနဲ့ ‘ကျူပ်’ တွေ၊ ‘တော်’
တွေချင်း ထွေးကာ စကားကို ကျယ်ကျယ်လောင် ပြောရင်း၊ အချင်းချင်း စကြ နောက်ကြ
ရင်း ဘုရားပေါ် တက်လာတတ်ကြတယ်။
ဘုရားတွေမှာ
“ကျူပ်တို့ အမျိုးတွေ” နဲ့ ဆုံရင် သူတို့ ရဲ့ အပျော်တွေဟာ ကျနော့် ကို
အမြဲ ကူးစက်တယ်။ ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ရှိလှတဲ့
“ကျူပ်တို့ အမျိုးတွေ” ရဲ့ ဟန်ပန် အမူအရာကို ဟိတ်ဟန်ထုတ်နေရတဲ့ မြို့ကြီးသူ
ဣနြေ္ဒရှင်များကတော့ နှာခေါင်းရှုံချင်ကြပေမယ့် ကျနော် ကတော့ စိတ်ဝင်တစား
ရှိခဲ့တယ်။ ပူပြင်း ခြောက်သွေ့တဲ့ ရာသီဥတု၊ မန်ကျည်း၊ ထနှောင်း တမာ
အပင်ကြီးများ၊ စူးရဲရဲ တံလျှပ် ရောင်ပြန် အစရှိတဲ့ အညာမြေ ရှုခင်း
နောက်ခံမှာ “ကျူပ်တို့ အမျိုးတွေ” ကို မြင်ရရင် ကျနော့် အတွက် ဒါဟာ ကန်မြဲ
ကိုအေးကျော် ရဲ့ “တောင်တော် ရွှေပုပ္ပါး” အဖွဲ့ “ဘယ်သူ ပြိုင်လို
့လှပါတော့နိုင်” ပါပဲ။
“ကျူပ်တို့
အမျိုးတွေ” ဆိုတာ ကတော့ ဆင်းရဲ နုံခြာ လှတဲ့ လူမှု-စီးပွား ဒဏ်၊ အပူ၊ အအေး
ပြင်းလှတဲ့ ရာသီဥတု ဒဏ် စတဲ့ လောကဓံ အဖုံဖုံ ကို အပြုံး၊ အရယ် မပျက်
ရင်ဆိုင်ရင်း ဘဝကို ဖြတ်သန်းနေကြတဲ့ အညာသူ၊ အညာသား၊ တောသူ၊ တောင်သားတွေ
ဖြစ်ပြီး သူတို့ နေ့စဉ် ကြုံတွေ့ နေရတဲ့ ဘဝ အမောတွေ ကို ခဏတာ ကျောခိုင်းကာ
ဘုရားပွဲလာ၊ ဘုရားဖူးလာကြတာပါ။
ဒါကတော့ ကျနော် ချစ်တဲ့၊ စိတ်ဝင်စားတဲ့ ကျေးတောရွာက ပညာနည်း အခြေခံလူတန်းစား ‘ညိုတိုတို’ “ကျူပ်တို့ အမျိုးတွေ” ပါပဲ။
‘ညိုတိုတို’ အုပ်စုမှာ တခြား လူ့မှု အလွှာဝင်တွေလည်း ရှိသေးတယ်။ သူတို့ကတော့ ခေတ်ပညာတတ် အလွှာပေါ့။
ပါမောက္ခ
ဒေါက်တာအောင်ကြီး က သူ့စာတွေမှာ သူ့ တပည့် ဆေးကျောင်းသူ၊ ဆရာဝန်ပေါက်စ
‘ညိုတိုတို’ ကလေးတွေ အကြောင်း ရေးလေ့ရှိတယ်။ ‘ညိုတိုတို’ ကလေးတွေက
စာမေးလိုက်ရင် နှုတ်ဆွံ့အ တတ်၊ ဖြေရင်လည်း ကပေါက်တိ ကပေါက်ချာ ဖြစ်တတ်ပေမယ့်
ဆရာသမား အပေါ် ကျိုးနွံကာ လိမ္မာ ရေခြားရှိ၊ ပရဟိတ စိတ်လည်း ထားတတ်ကြတယ်
လို့ ဆိုတယ်။
သူ့
တပည့် ‘ဖြူစပ်စပ်’ ကလေးများကတော့ စာ အရာမှာ ဒိုးကနဲဒေါက်ကနဲ
နှုတ်သွက်လှပေ မယ့် ကျောင်း မပြီးခင် TOEFL တွေ၊ IELTS တွေ ဖြေကာ ယူကေ၊
ယူအက်စ်၊ သြဇီ ဘက်ကို ဘွဲ့လွန် အတွက် ခြေတလှမ်း လှမ်းကုန်ကြတယ်လို့
ဆိုတယ်။
ဒေါက်တာအောင်ကြီးက ကိုယ့်တွေ့ကနေ ဖြစ်တတ်တဲ့ သဘောတခုကို ပြောတာသာ ဖြစ်မှာပါ။
တကယ်တော့
ထူးချွန်ထက်မြက်တဲ့ ‘ညိုတိုတို’ ဆရာဝန်တွေ အများအပြား ရှိသလို
တိုင်းပြည်တာဝန်ကို ကျေပွန်စွာ ထမ်းရွက်နေတဲ့ ‘ဖြူစပ်စပ်’ ဆရာဝန်တွေလည်း
အများကြီးပါပဲ။ နာဂစ် ဖြစ်တော့ တာဝန်သိတတ်သူ ‘ညိုတိုတို’၊ ‘ဖြူစပ်စပ်’၊
‘နှာခေါင်းရှည်ရှည်’ နောက်ခံ မျိုးစုံ နဲ့ ဆရာဝန် ပေါက်စ လူငယ်
ပျိုရွယ်ကလေးများ ပရဟိတ ဝိုင်းခဲ့ကြတာပါပဲ။ ခေတ်အဆက်ဆက်လည်း စနစ်က ဘယ်လို
ပုံဖော်ခဲ့၊ ပုံဖော်ခဲ့ အများစု သဘောမှာတော့ တိုင်းပြည်ရဲ့ လူမှု၊ စီးပွား၊
ပညာ၊ ကျန်းမာ၊ အားကစား၊ နိုင်ငံရေး ကဏ္ဍ အစုံ မှာ အားလုံး ပါခဲ့ကြတာပါပဲ။
ဟိုတလောက
၂၀၀၇ ကျောင်းသား မျိုးဆက် နိုင်ငံရေး အကျဉ်းသားဟောင်း ‘ဖြူစပ်စပ်’ ညီမလေး
တယောက် မှတ်ပုံတင်လဲတာ ကြန့်ကြာနေကြောင်း ကိုယ်တိုင် ရင်ဖွင့်စာလေး
ရေးထားတာ ဖတ်ရတော့ မရိုးနိုင်တဲ့ ဒီဇတ်လမ်းဟောင်းကြီးကလည်း ပြီးကို
မပြီးနိုင်၊ မဆုံးနိုင်သေးပါ့လား လို့ တွေးမိတယ်။
တခေတ်
တခါတုန်းက စစ်ဝါဒ ကို လူမြင်ကောင်းစေဖို့ရာ ကျနော် ချစ်တဲ့ “ကျူပ်တို့
အမျိုးတွေ” ကို ကယ်တင်အံ့ ဆိုတဲ့ ကြွေးကြော်သံနဲ့ အတူ ဆိုရှယ်လစ် ဝါဒ နဲ့
အမျိုးသားရေး ဝါဒ နှစ်ခုကို ပုံဖျက် စတေးပြီး ရောသမမွှေ ပြည်တွင်းဖြစ်
လုပ်ခဲ့တာ ‘ဖြူစပ်စပ်’ နဲ့ ‘နှာခေါင်းရှည်ရှည်’ အများ ပစ္စည်း၊ ဥစ္စာတွေ
ဆုံးရှုံး၊ တိုင်းပြည် နဲ့ မွေးရပ်မြေကို အများအပြား စွန့်ခွာခဲ့ရတယ်။
အဲဒီခေတ် မျိုးဆက် အဝေးရောက် ‘ဖြူစပ်စပ်’ ဆရာဝန် တယောက်ရဲ့ သူတို့
ခံစားချက်တွေ၊ တိုင်းပြည် နဲ့ မွေးရပ်မြေ ဟာ ဘာအကျိုးမှ မရှိဘဲ အလဟဿ
လူ့အရင်းအမြစ်တွေ ဆုံးရှုံးရပုံတွေ ရေးထားတာ အွန်လိုင်း တနေရာ မှာ
ဖတ်လိုက်ရသေးတယ်။
ကျန်ရှိခဲ့သူ
အများလည်း လူမှု၊ စီးပွား၊ ပညာ အရာရာ အခက်အခဲ မျိုးစုံ ကြုံခဲ့ရတယ်။
အလွှာစုံက ‘ညိုတိုတို’ များလည်း စနစ်ဆိုး၊ ခေတ်ဆိုး မှာ လူမှု-စီးပွား
မချောင်ခဲ့ကြပါဘူး။
ဒီလိုနဲ့
ဆယ်စုနှစ် (၅) စု အကြာ မှာ အဆုံးသတ် ရလဒ် အဖြေကို ပြန်သုံးသပ် ကြည့်တယ်။
“ညိုတိုတို” နဲ့ “ကျူပ်တို့ အမျိုးတွေ” ချမ်းသာ ဝပြော လာ သလား။ ဒုံရင်း က
ဒုံရင်း လို့တောင် မဆိုနိုင်ဘဲ ဆင်းရဲတွင်းက ပိုတောင် နက်သွားခဲ့ရတယ်
ဆိုတဲ့ အဖြေကို ရတယ်။
ဒါပေမယ့် “သူတို့ အမျိုးတွေ” တော့ ချမ်းသာ သွားလေရဲ့..။
တိုင်းပြည်မှာတော့
အလွှာမျိုးစုံ က ‘ဖြူစပ်စပ်’ နဲ့ ‘နှာခေါင်းရှည်ရှည်’ များသာမက ‘ညိုတိုတို’
များပါ လူမှု၊ စီးပွား၊ ပညာ အကြောင်းရင်းခံ မျိုးစုံနဲ့ မွေးရပ်မြေကို
စွန့်ခွာခဲ့ရ၊ စွန့်ခွာနေရဆဲပါပဲ။ ‘ဖြူစပ်စပ်’ နဲ့ ‘နှာခေါင်းရှည်ရှည်’
များ မွေးရပ်မြေ မှာ လူ့ ဂုဏ်သိက္ခာ ရှိရှိနဲ့ နေချင်အောင်၊ နေနိုင်အောင်
လူမှုစနစ်၊ နိုင်ငံရေး စနစ်တခု မဖန်တီးနိုင်ခဲ့ရုံသာမက ‘ညိုတိုတို’ များပါ
တိုင်းပြည်ကို စွန့်ဖို့ ဖြစ်လာခဲ့ရတယ်။
ယနေ့
ခေတ် တိုင်အောင်လည်း ‘ညိုတိုတို’၊ ‘ဖြူစပ်စပ်’၊ ‘နှာခေါင်းရှည်ရှည်’
များအားလုံး သမမျှတ နေနိုင်ပေမယ့် အခင်း၊ အကျင်းမျိုး တိုင်းပြည်မှာ
မဖန်တီးနိုင်သေးပါဘူး။
မျက်မှောက်ခေတ်စနစ်
မှာလည်း စစ်ဝါဒ ကို ပုံဖျက်ဖို့ရာ “ကျူပ်တို့ အမျိုးတွေ” အကျိုး ကို
ရှေးရှုလျက် ဆိုပြန်ကာ ဒီမိုကရေစီ သကာရည် ကျိုးတိုးကျဲတဲ လောင်းရင်း
ပတ်တီးရိုက်ဖို့ ကြံစည်တဲ့ လမ်းကြောင်း မှာ တကျော့ပြန် အမျိုးသားရေး
မှိုင်းလုံး ပရောဂ နဲ့ ‘ဖြူစပ်စပ်’၊ ‘နှာခေါင်းရှည်ရှည်’ များ ဓားစာခံ
စာရင်း ဆက်ဝင်ကာ အပြစ်ဖို့စရာ “လွယ်ကူ ပစ်မှတ်” ဆက်ဖြစ်လျက် အလွှာစုံက
‘ညိုတိုတို’ အများလည်း သမိုင်းမကျေ၊ သင်ခန်းစား မယူနိုင်ဘဲ
“ဟုတ်လိမ့်နိုးနိုး” နဲ့ ယောင်တောင်တောင် ဖြစ်နေ တာ မြင်နေ ရတယ်။
ဆိုတော့ “ကျူပ်တို့ အမျိုးတွေ” ရဲ့ ‘အနာဂတ်’ က လည်း ‘အတိတ်’ သမိုင်းလို ဖြစ် လတ္တံ့။
“သူတို့ အမျိုးတွေ” တွေတော့ ချမ်းသာ မြဲ ချမ်းသာ လတ္တံ့ ပဲပေါ့..။
ငြိမ်းချမ်းအေး
From_ Today Myanmar
“ကျူပ်တို့ အမျိုးတွေ” ဟာ သနပ်ခါး ထူထူ၊ နှုတ်ခမ်းနီ ရဲတွတ်တွတ်၊ အဝတ် အစား အရောင် တောက်တောက်၊ ‘ရှန်’ တဘက် လား ‘ရှာ’ တဘက် လား ကျနော် မသိတဲ့ တဘက်ခြုံ ဆင်ယင်မှုနဲ့ ‘ကျူပ်’ တွေ၊ ‘တော်’ တွေချင်း ထွေးကာ စကားကို ကျယ်ကျယ်လောင် ပြောရင်း၊ အချင်းချင်း စကြ နောက်ကြ ရင်း ဘုရားပေါ် တက်လာတတ်ကြတယ်။
From_ Today Myanmar
No comments:
Post a Comment