*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 11 August 2013

အခွန်လျော့ သွင်းခွင့်ပြုခဲ့သည့် ကုမ္ပဏီ တက္ကစိများ ပြန်လည်စီစစ်သင့်


အခွန်လျှော့ သွင်းခွင့်ပြုခဲ့သည့် ကုမ္ပဏီ တက္ကစီများ ပြန်လည်စိစစ်သင့်


 ကုမ္ပဏီ တက္ကစီများကို အလွယ်တကူ စီးနင်းနိုင်ရန်အတွက် ကုမ္ပဏီ တက္ကစီ များကို အခွန်လျှော့၍ တင်သွင်းခွင့်ပြုထားသော်လည်း ရည်မှန်းချက်အတိုင်း အမှန်တကယ် အထောက်အကူပြုမှု ရှိမရှိကို ပြန်လည် စိစစ်သင့်ကြောင်း မော်တော်ယာဉ် စီိးနင်းသူများထံမှ သိရသည်။
စည်းကမ်းချက်တွေနဲ့ တင်သွင်းခွင့်ပြု

ကုမ္ပဏီ တက္ကစီများ တင်သွင်းရန် ခွင့်ပြုစဉ်က ပိုင်ရှင် အမည် မပြောင်းရန်၊ မီတာစနစ်ဖြင့် ပြေးဆွဲရန်၊ အိမ်များမှ
ဖုန်းဖြင့် လှမ်းခေါ်ပါက အိမ်အထိ လိုက်ကြိုသည့်စနစ် လုပ်ကိုင်ပေးရန်၊ ကုမ္ပဏီက တင်သွင်းသည့်
မော်တော်ကားများကို တရောင်တည်း ဆောင်ရွက်ရန် စသည့် အချက်များ ပါဝင်ခဲ့သည်။


“မြို့တော်အင်္ဂါရပ်နဲ့ ညီတဲ့ တက္ကစီတွေကို ကုမ္ပဏီ တက္ကစီအဖြစ် တင်သွင်းခွင့် ပေးရင် စီမံ အုပ်ချုပ်ရ လွယ်မယ်။ ကုမ္ပဏီတခုစီက တင်သွင်းတဲ့ ကားတွေကို အရောင် တရောင်တည်း ထားရမှာဆိုတော့ အမြင်တင့်တယ်ဆိုပြီး အခွန်လျှော့ တင်သွင်းခွင့် ပြုခဲ့တာပါ” ဟု ရန်ကုန်တိုင်း အစိုးရရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

ယာဉ်အို ယာဉ်ဟောင်း အပ်နှံ၍ မော်တော်ယာဉ် တင်သွင်းခွင့်များကို ခွင့်ပြုပြီးသည့် နောက်ပိုင်း ကုမ္ပဏီ တက္ကစီများကို ၂၀၁၂ ခုနှစ်မှ စတင်၍ ရန်ကုန်တိုင်း အစိုးရက တင်သွင်းခွင့်ပြုရန် ထောက်ခံခဲ့ခြင်း ဖြစ်သည်။

တင်သွင်းသူတွေ အခွန် အတော် သက်သာခဲ့ကြသော်လည်း ...

“ခုချိန်အထိ မီတာနဲ့မောင်းပြီး တက္ကစီခ တောင်းတာမျိုး မကြုံဖူးပါဘူး။ ကုမ္ပဏီတွေက တက္ကစီ တင်သွင်းပြီး တဖက်လှည့်နဲ့ ပြန်ရောင်းနေကြတာပါ။ ပရိုဘောက် တစီးကို ရိုးရိုး တင်သွင်းတာ ထက်စာရင် ကုမ္ပဏီ တက္ကစီအမည်နဲ့
တင်သွင်းရင် အခွန် ကျပ် ၂၇ သိန်းလောက် သက်သာပါတယ်။ အစိုးရအနေနဲ့ အခွန်ရတာ လျော့သွားတာပဲ ရှိတယ်။ စည်းကမ်းအတိုင်း လုပ်တဲ့ ကုမ္ပဏီက နှစ်ခု သုံးခုလောက်ပဲ ရှိနေတယ်” ဟု ကားတင်သွင်းသည့် လုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းအောင် က ပြောသည်။

တိုင်းအစိုးရ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီိ တခုလျှင် ကားအစီး ၁၀၀ နှုန်းဖြင့် ကုမ္ပဏီပေါင်း ၁၃၀ မှ အစီးပေါင်း ၁၃,၀၀၀ ကို တင်သွင်းခဲ့ပြီး ဖြစ်သည်။

မီတာနဲ့ တောင်းတဲ့ တက္ကစီ မတွေ့သေးပါ

လက်ရှိအနေအထားအထိ အငှားယာဉ်တက္ကစီများမှာ မီတာဖြင့် ဖွင့်မောင်းကာ မီတာအတိုင်း ကျသင့်ငွေကို
တောင်းခံခြင်းမျိုး မရှိသေးကြောင်း သိရသည်။

“ကုမ္ပဏီ တက္ကစီတွေကို တင်သွင်းခွင့် ပေးတော့ စည်းကမ်းချက်တွေကို ဂျာနယ်တွေက ရေးတဲ့ သတင်းတွေ မှာ ဖတ်လိုက်ရတယ်။ မီတာနဲ့ဆိုရင် ကုန်ကျစရိတ် ပိုသက်သာမှာပဲလို့ တွေးထားတာ။ အရင်က မီတာတပ်ဖို့ မကြာခဏ ထုတ်ပြန်တာတွေ ရှိခဲ့ပေမယ့် အောင်မြင်တာ မတွေ့ရဘူး။ တက္ကစီမောင်းသူ တယောက်စီကို ကိုင်တွယ်ဖို့ဆိုတာ မလွယ်ပေမယ့် ကုမ္ပဏီတွေက ဆိုရင် ကိုင်တွယ်ရ လွယ်မှာပဲလို့ တွေးမိပေမယ့် လက်ရှိ အချိန်အထိ မီတာနဲ့ တောင်းတဲ့ တက္ကစီ တစီးမှကို မတွေ့ခဲ့ဖူးဘူး” ဟု တက္ကစီ နေ့စဉ်စီးနေသူ ကုမ္ပဏီ တခုတွင် စာရင်းစစ် လုပ်ကိုင်နေသည့် ဒေါ်မြမာလာ က ထောက်ပြသည်။

တက္ကစီခ မကျဘဲ လမ်းပိုကျပ်လာ

ထိုသို့ အခွန်နှုန်းထား လျှော့ချ တင်သွင်းခွင့်ပြုထားသော်လည်း တက္ကစီခ ဈေးနှုန်းများမှာ ကျဆင်းမှု မရှိခဲ့ဟု ဆိုသည်။

“ကမာရွတ်မြို့နယ် လှည်းတန်းနဲ့ ရန်ကင်းမြို့နယ် ရန်ကင်းဈေးကွေ့ မှတ်တိုင်ကို အရင်ကလည်း ကျပ် ၂,၀၀၀ ပဲ။ ကုမ္ပဏီတက္ကစီတွေ သွင်းပြီးတော့လည်း ကျပ် ၂,၀၀၀ ပဲ။ ဈေးကျသွားတယ် မရှိပါဘူး။ တခါတလေ ကားကျပ်လို့ဆိုပြီး ၂,၅၀၀ - ၃,၀၀၀ ကျပ်အထိ တောင်းတဲ့သူတောင် ရှိသေးတယ်။ ကုမ္ပဏီ တက္ကစီတွေ သွင်းခွင့်ပေးမှ ဈေးကျမသွားဘဲ
ကားလမ်းကျပ်တာပဲ အဖတ်တင်ပါတယ်” ဟု ရန်ကင်း စင်တာတွင် အရောင်းမန်နေဂျာ လုပ်ကိုင်နေသည့်
ဒေါ်မျိုးမျိုးအောင် က ပြောသည်။

လက်ရှိအခြေအနေတွင် ကုမ္ပဏီတက္ကစီများမှာ ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့် အညီ ဆေးရောင် တရောင်တည်း
ခြယ်သထားခြင်းမျိုး အတွေ့ရနည်းနေခြင်း၊ ကားများ စတင် တင်သွင်းစဉ်က မီတာတပ် မောင်းရပါက ကားခ အရနည်းသဖြင့် မီတာဖွင့် မမောင်းလိုခြင်း စသည့် အခြေအနေများ ရှိနေသည်။

“လက်ရှိအချိန်အထိ စည်းကမ်းဥပဒေတွေကို လွယ်လွယ် ချိုးဖေါက်တဲ့ အလေ့အထတွေက စီးပွားရေး လုပ်ငန်းရှင်တွေကြားမှာ ပြန့်နှံ့နေတုန်းပါပဲ။ အစိုးရအနေနဲ့ မိမိပြဋ္ဌာန်းတဲ့ စည်းကမ်း ဥပဒေတွေကို သေချာ ကိုင်တွယ်သင့်ပါတယ်။ ဒါမှလည်း စည်းကမ်းတွေကို လိုက်နာရမှန်း သိလာမှာပါ” ဟု မော်တော်ယာဉ် ထုတ်လုပ်သူများနှင့် တင်သွင်းရောင်းချသူများ အသင်းမှ ဒု-ဥက္ကဋ္ဌ ဦးအောင်ဝင်း က အကြံပြု ပြောဆိုသည်။

          ခင်မျိုးသွယ် .....မဇ္ဈိမ မှမျှဝေဖေါ်ပြသည်

No comments:

Post a Comment