ပြဿနာ က အဲဒီနေ့ မွန်းလွဲ ၁ နာရီခွဲလောက် ကတည်းက ကျွန်တော်တို့ လမ်းထဲ မီးပျက် သွားသည်က စသည်။ ညပိုင်း အထိ မလာ။ အဲ တစ်ညလုံး ပဲပြောပါတော့။ တစ်ရပ်ကွက်လုံး လာသည်။ ပျက်လည်း ခဏ။၁ဝမိနစ်၊၁၅မိနစ်။ပြီးတော့ ပြန်လာသည်။ကျွန်တော်တို့လမ်းပဲမလာ။ ရှေ့လမ်း၊ နောက်လမ်း၊ ဘေး
လမ်းတွေ ထွက်ကြည့်တော့ မီးတွေ ထိန်ထိန်ညီး လို့။ အဲဒါ နဲ့ ကျွန်တော်တို့ က မြို့နယ် လျှပ်စစ်ရုံး ကို အကျိုး အကြောင်း သိချင်၍ ဖုန်းခေါ်သည်။ သံရှည်မြည် ကာ ဖုန်းဝင်သည်။
တာဝန်ခံ တစ်ယောက်ယောက်တော့ ဖုန်းကိုင် လိမ့်မည်။ အကျိုး အကြောင်း ပြောလိမ့်မည်ဟု ထင်ထား သည်။ သို့သော် တစ်ယောက်မျှ မကိုင်။ ဒါနဲ့ ဆက်တိုက် လိုလို နားကာ နားကာ ဆက်သည်။ အကြိမ်ပေါင်း ၄ဝ ကျော် ၅ဝ လောက်ဖြစ်သွားသည်။ မကိုင်။ အင်း မြို့နယ် လျှပ်စစ်ရုံး ကို ကိုယ်လို မီးမလာတဲ့ ရပ်ကွက်တွေ က ဆက်နေကြသည် ထင်သည်။
ဒါနဲ့ တစ်မျိုး စဉ်းစားသည်။ ကျွန်တော် Hand Phone Lists ထဲပြန်ရှာတော့ လျှပ်စစ်ရုံး Head-Quarter ကိုတွေ့၍ အကူ အညီ ရလိုရငြား ဖုန်းလှမ်း ဆက်ကြည့်သည်။ ဖုန်းဝင်သွားသည်။
အမျိုးသမီး တစ်ဦး အသံကြားရပြီး အမျိုးသား တစ်ဦးကို ဖုန်းလွှဲပေးလိုက်ပုံ ရသည်။ ကျွန်တော်က ကျွန်တော် တို့ရပ်ကွက် မီးလာပြီး ကျွန်တော်တို့ လမ်း မီးမလာ။ သူများ တကာလာပြီး ကိုယ့်လမ်းက မလာတော့ စိတ်ထဲ ကလိကလိ ဖြစ်မိကြောင်း၊ မြို့နယ် လျှပ်စစ်ရုံး ကိုလည်း ဆက် မရ၍ လှမ်းပြီး အကူ အညီတောင်းခြင်းဖြစ်ကြောင်း ဟာသနှောကာ ပြောလိုက်သည်။
တစ်ဖက်က သက်ဆိုင်ရာ မြို့နယ်ရုံး ကို အကျိုး အကြောင်း လှမ်းမေးပေးမည် ဟု ရင်းရင်းနှီးနှီးပြန်ပြော သည်။ ဒီလောက် တုံ့ပြန်မှု ရှိလျှင် မဆိုးလှ ဟု စိတ်ထဲ နည်းနည်းကျေနပ် သွားသည်။ ဒါနဲ့ နာရီ ဝက်လောက်နေတော့ Head-Quarter ကို လှမ်းဆက်သည်။ ဖုန်းဝင်သည်။ မကိုင်။ ထပ်ထပ် ဆက်သည်။ မကိုင်။ လုံးဝ မကိုင်တော့။ ကဲ မှတ်ကရော။ သဘောပေါက်လိုက်ပြီ ။ ဒီပုပ် ထဲက ဒီပဲတွေ ပါပဲလား။
ဘာဖြစ်လို့ ဖုန်း မကိုင်တာလဲ။ ကျွန်တော့် မှာ တစ်နွယ်ငင် တစ်စင် ပါတွေ တွေးတော့သည်။ အဲဒီ ဝန်ထမ်းတွေ ရဲ့ စိတ်ထဲ မှာ အပို အလုပ် လာရှုပ်သူတွေ လို့ ကျွန်တော် တို့ကို ထင်နေတာလား။ ကျွန်တော် တို့က လျှပ်စစ်ရုံး ကို ရစ်တာ မဟုတ်။ မီးက ဘာဖြစ်လို့ ပျက်တာလဲ။
သိချင်ရုံ။ ချက်ချင်းပြင်လို့ ရ ရင်ပြင်။ ပြင်လို့ မရရင်စောင့်။ ဒါပဲ ရှိတာပဲ။ တစ်ခါ တစ်ရံ သတင်းစာထဲ ဖတ်ရ သည်။ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်တွေ မှာ လျှပ်စစ်မီး ပြတ်တောက် မည်။ ဘာဖြစ်လို့ပေါ့။ ကျွန်တော် တို့နိုင်ငံ ၏ ဖွံ့ဖြိုးအောင် တည်ဆောက်နေဆဲ အနေအထား ကို ကျွန်တော်တို့ သိပါ သည်။ ခေတ်အဆက် ဆက် လျှပ်စစ် မီး နှင့် ပတ်သက်၍ ကျွန်တော် တို့ပြည်သူတွေမှာ ခန္တီပါရမီ အပြည့်။
ဝန်ထမ်း ဆိုသည်မှာ ပြည်သူ့ အခွန်ဘဏ္ဍာ စားနေတဲ့ သူတွေ။ မေးလျှင် ဖြေရမည်။ ဘယ်နေရာမှာ ပျက်နေ သည်။ ပြင်နေသည်။ ပြင်ဖို့စောင့်နေသည်။
အကြောင်း တစ်ခုခုကြောင့် ဌာနဆိုင်ရာ တစ်နေရာကို ပြည်သူ တစ်ယောက်က ဖုန်းဆက် လာပြီ ဆိုလျှင် စက်ပိတ် ထားသည် မကိုင်။ ဖုန်းမြည်သည် မကိုင်။ ဖုန်းကိုင် သည့်တိုင် ကိုင်သူ က ဖြေရှင်းခွင့် မရှိလို့၊ အထက်လူကြီး မရှိလို့၊ သက်ဆိုင်ရာ တာဝန်ခံ မရှိလို့၊ အထက်က ညွှန်ကြားပိတ်ပင် ထားလို့ စသဖြင့် . . .ဘာဖြစ်လဲ။ ဒါလေးဖြေ ရုံပဲ။ အဲဒီ လိုသိရတော့ ကျွန်တော်တို့ ဘက်က ပြင်ဆင် စရာရှိတာတွေ ပြင်ဆင် ရမည်။ စီစဉ် စရာရှိတာတွေ စီစဉ် ရမည်။ အိမ်တွေ မှာ မနက်စောစော ထမင်း၊ ဟင်း ထချက်ကာ ထမင်း ချိုင့်နှင့် နေ့ဆိုင်း အလုပ် ဆင်းရသူတွေ ရှိသည်။
ထမင်းချိုင့်နှင့် ညဆိုင်း အလုပ် ဆင်းရသူတွေ ရှိသည်။ စာကျက်နေတဲ့ ကျောင်းသားလေးတွေ ရှိသည်။ မီးပူ တိုက်နေသူတွေ၊ အဝတ်လျှော်နေသူတွေ၊ တစ်နိုင် တစ်ပိုင် အိမ်တွင်း လက်မှုလုပ်ငန်းကလေးတွေ ရှိသည်။ လျှပ်စစ် မီးနှင့် အလုပ် လုပ်နေသူတွေ တစ်နိုင်ငံလုံး ဒုနဲ့ ဒေး။
တွေးရင်း တွေးရင်း ကိုယ့် ကိုယ်ကိုယ် ပြုံးမိသွားသည်။ ဒါမျိုး က ဒီနိုင်ငံမှာ ဆန်းသလား။ သတင်းစာတွေ၊ ဂျာနယ်တွေ မှာ မဖြေသော ဖုန်းတွေ၊ မကိုင်သော ဖုန်းတွေနှင့် စက်ပိတ် ထားသော ဖုန်းများ အကြောင်း မကြာခဏ ပါတတ် သည်ပဲ။ ဒီနေ့ အဖြစ် အပျက်ကလည်း အဲဒီ လို ဖုန်း အမျိုးအစားထဲ ပါသွား လို့ ဖြစ် မှာပေါ့။
အင်း အခွင့်အရေးကျ တော့ အပြည့် အဝမက သာလွန်၍ လိုချင်ပြီး တာဝန် ကျတော့ ခေါင်းရှောင် လိုသည့် အကျင့် ဆိုးတွေ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ ၏ ကိုယ်ထဲ တွင် နတ်ဆိုး တစ်ကောက်လို ပူးကပ်နေခဲ့ပြီ။ ဝန်ထမ်းတွေ ကို အဲဒီ လို အဆိပ်ရည် အပြည့်နဲ့ ပုံးတစ်လုံးဖြစ်အောင် ဘယ်လို စနစ်ဆိုးတွေက ပုံစံ သွန်းလောင်း လိုက်သလဲ။
အကြောင်းတွေ ကတော့ အများကြီး ရှိမှာပါပဲ။ ဘယ်လိုပဲ ရှိရှိ။ အကြောင်း တစ်ခုခုကြောင့် ဌာနဆိုင်ရာ တစ်နေရာ ကို ပြည်သူ တစ်ယောက်က ဖုန်းဆက် လာပြီဆိုလျှင် စက်ပိတ်ထား သည် မကိုင်။ ဖုန်းမြည် သည် မကိုင်။ ဖုန်းကိုင်သည့် တိုင် ကိုင်သူက ဖြေရှင်းခွင့် မရှိလို့၊ အထက် လူကြီးမရှိလို့၊ သက်ဆိုင်ရာ တာဝန်ခံ မရှိလို့၊ အထက်က ညွှန်ကြား ပိတ်ပင်ထားလို့ စသဖြင့် အဖြေ မဟုတ်သော အဖြေများကို ကြားရတာ တစ်ကြိမ် မဟုတ်။ နှစ်ကြိမ် မဟုတ်။ တစ်နေရာ မဟုတ်။ နှစ်နေရာ မဟုတ်။ (မီဒီယာတွေ က ပိုပြီး သိလိမ့်မည်။)
ဟုတ်ပြီ။ ပြဿနာဖြစ်နေပြီ။ အတည်ပြုရန် မေးတဲ့ လူကလည်း မေးပြီ။ အဲဒီ လို ဖုန်းမကိုင်ရုံ၊ တာဝန် မဲ့ဖြေ ရုံ၊ စက်ပိတ် ထားရုံနဲ့ ပြီးရောလား။ အဲဒီလို လတ်တလောရှောင်လွှဲ မှု ဆေးမြီးတိုတွေ က ပြဿနာဖြေရှင်း
နည်းလား။ နောင် ပြဿနာက ကြီးထွား လာခဲ့ပြီဆို ပါတော့။ နောက်ကြောင်းပြန် လိုက်လာတဲ့ အခါ တာဝန် မဲ့မှု အတွက် ပြစ်ဒဏ်တွေပေါ်လာလိမ့်မည်။
ကမ္ဘာနဲ့ အဝန်း တာဝန် မဲ့မှုများအပေါ် အရေးယူ ခံရမှုတွေ များစွာရှိခဲ့သည်။ သာဓကတွေ လည်း များစွာ ရှိခဲ့သည်။ အဲဒါ ကို ဘာကြောင့် သင်ခန်းစာ မယူနိုင်ကြတာလဲ။ နီးရာ ဓားကိုကြောက်ကာ ဖြစ်မှသာ ခံလိုက်တော့ မည်။ ယခုတော့ ကြုံ သလိုပဲဆိုသည့် ခပ်တိမ်တိမ် အတွေးတွေနဲ့ မိမိ သမိုင်း ကို ရေးနေကြ တာလား။
အဲဒီလို တာဝန် မယူနိုင်ဘဲ အရေးပါ သည့် ရာထူး ဌာနန္တရ များတွင် ရှိနေသော သူတွေနဲ့ နိုင်ငံတော်ကို ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ကြ မလဲ။ သမိုင်းကြောင်း မကောင်းလျှင် အနာ ဂတ်နိုင်ငံတော်၊ အနာဂတ် လူ့အဖွဲ့အစည်းကော ကောင်းနိုင် ပါ့မလား။ ဒီလို တာဝန်မဲ့တဲ့ လူ့ အမှိုက်တွေ နှင့် ကျွန်တော် တို့ လူ့အဖွဲ့အစည်း ရဲ့ ဂုဏ်သိက္ခာ ကို ဘယ်လို တည်ဆောက်ကြမလဲ။ ကြာလျှင် လူ့ အမှိုက်များနှင့် ဖွဲ့စည်း ထားသောနိုင်ငံကို ကမ္ဘာက နှာခေါင်း ရှုံ့လာကြလိမ့်မည်။
အနံ့ဆိုး တို့မည်သည် အမှိုက်ပုံများ ဆီကသာ ထွက်ပေါ်လာတတ် ပါကြောင်း။
Written by: မြမြင့်မိုရ်
From...Eleven
No comments:
Post a Comment