*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***
Sunday, 17 November 2013
တန်ဆောင်မုန်း လပြည့် 'သာမညဖလ အခါတော်နေ့'
C.17.11
ယမန်နှစ် တန်ဆောင်မုန်း လပြည့်ညက ရွှေတိဂုံစေတီတော်တွင် ဘုရားဖူး လာရောက်သူများအား တွေ့ရစဉ်။ (ဓာတ်ပုံ) အောင်ဇော်ထွန်း
သာမညဖလ အခါတော်နေ့ ဖြစ်ပေါ်လာခြင်း
အရှင်ဒေ၀ဒတ်သည် ဘုရားရှင်ကဲ့သို့ ဂုဏ်သတင်း ကျော်ကြားချင်၏။ လူတို့၏ လာဘ်ပူဇော် သက္ကာရ ပြုခြင်း ကိုလည်း ခံယူလို၏။  
အရှင် သာရိပုတ္တရာ၊ အရှင် မောဂ္ဂလာန်၊ အရှင် အာနန္ဒာတို့ကဲ့သို့လည်း လူများစွာ၏ ကြည်ညိုမှုကို ခံချင်၏။ အရှင် ဒေ၀ဒတ်သည် သူ့သန္တာန်၌ ဖြစ်သော အလိုကြီးခြင်း လောဘရမ္မက်ကို မထိန်း ကွပ်နိုင် ဖြစ်လာပြီး"ဒါတွေရဖို့ဆိုလျှင် ဘုရားဖြစ်ဖို့ လိုမယ်။ ဘုရားဖြစ်ဖို့ဆိုလျှင် လက်ရှိဘုရားကို လုပ်ကြံ သတ်ဖြတ် ရမယ်။ဘုရားကို လုပ်ကြံဖို့ဆိုလျှင် နောက်ခံအင်အားကြီးသူရဲ့ ထောက်ပံ့ကူညီမှု လိုအပ်တယ်။ 
ဗိမ္ဗိသာရ မင်းကြီးက အသက်ကြီးပြီ။ သူက ဘုရားဒကာ၊ ကျောင်းဒကာ သူ့ကိုကပ်လို့တော့ မရနိုင်။ သူ့သား အဇာတသတ် မင်းသားကား ငယ်ရွယ်သူ၊ အရာခပ်သိမ်း သိနားလည်ခြင်း မရှိနိုင်သေးတဲ့အရွယ်။ သူ့ကိုအသုံးချပြီး ဘုရားကို လုပ်ကြံသတ်ဖြတ်ရမယ်"ဟု မကြံအပ် မကြံစည်ရာကို စိတ်ကူးပြီး သူ့စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါတော့သည်။
အရှင်ဒေ၀ဒတ်သည် သူရထားသော လောကီ အဘိညာဉ်ဖြင့် အဇာတသတ် မင်းသားကို တန်ခိုးပြလျှက် ဦးစွာ ကြည်ညိုအထင်ကြီးစေလျက် သူ့အလိုပါလာအောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့၏။ "မင်းသား၊ ရှေးတုန်းက လူတွေက အသက်ရှည်ကြတယ်။ အခု လူ့သက်တမ်းတိုလာပြီ။ 
ခမည်းတော်သေမှ ရှင်ဘုရင် ဖြစ်မယ်ဆိုရင် မင်းသားအတွက် ရှင်ဘုရင်လုပ်ချိန် သိပ်မရှိနိုင်တော့ဘူး။ သင့်ခမည်းတော်ကလည်း အရွယ်က အကောင်း ကြီး ရှိသေးတာ" စသဖြင့် နားသွင်းပေး၏။ သွေး ထိုးပေး၏။ သူမျှော်မှန်း ထားသည့်အတိုင်း အဇာတသတ် မင်းသားက"ဘာလုပ်ရမှာပါလဲ ဘုရား" ဟု မေးလာချိန်မှာတော့"ခမည်းတော်ကို သတ်ပြီး ရှင်ဘုရင် လုပ်ပေါ့"ဟု ပြောဆိုပါသည်။
လောကတွင် ကိုယ့်အတွက် လိုလိုနှင့် သူ့အတွက် ကိုယ့်ကို အသုံးချသွားတတ်ကြ၏။  လူကိုလူကပင် အသုံး ချတတ်၏။ ဤလောကတွင် အရှင်ဒေ၀ဒတ်ကဲ့သို့သော လူများစွာတို့ကို ကိုယ်ကျိုးအတွက် အသုံး ချနေသူ များ၊ အဇာတသတ် ကဲ့သို့သော ကိုယ့်ကို အသုံးချနေမှန်းလည်း မသိ၊ အသုံးချ ခံနေရခြင်း ကိုပင် ကြည်ဖြူစွာ ခံယူနေကြသူများလည်း ရှိတတ်ပါသည်။ 
အဇာတသတ် မင်းသား ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်ပြီးနောက် ရှင်ဘုရင်ဖြစ်သည်နှင့် အရှင်ဒေ၀ဒတ်သည် မင်းဆရာဟူသော အရှိန်ဖြင့် မင်းမှုထမ်းများ အပြင် နာဠာဂီရိ ဆင်ထိန်းကိုပါ"ငါသည် မင်းဆရာဖြစ်သည်။ ရာထူးမြင့်သူတို့ကို ရာထူးကျအောင်၊ ရာထူးနိမ့်သူတို့ကို ရာထူးမြင့်အောင် ဆောင် ရွက်နိုင်သူ ဖြစ်တယ်။ 
မင်းတို့ ငါ့အလိုလိုက်၊ ငါ့အကြိုက် ဆောင်ပေးနိုင်မယ်ဆိုရင် မင်းတို့ ရာထူးတိုးစေရမယ်"ဟု မက်လုံးပေး စည်းရုံးပြီး ဘုရားရှင်ကို လုပ်ကြံသတ်ဖြတ် စေပါတော့သည်။ အရှင် ဒေ၀ဒတ် ကိုယ်တိုင်ပင် ဘုရားရှင်ကို ဂိဇ္ဈကုဋ် တောင်မှ အဆင်း ကျောက်တုံးဖြင့် ပစ်ချပြီး လုပ်ကြံသတ်ဖြတ်၏။ အစိန္တေယျဂုဏ်ရှင် ဘုရားသခင် ကား သူတစ်ပါး ပယောဂဖြင့် ပရိနိဗ္ဗာန်စံဝင်ရိုး ထုံးစံမရှိ။ 
အဇာတသတ်မင်းသည် ခမည်းတော်အား သတ်ဖြတ်ပြီးနောက် စိတ်သောက အလွန်ရောက်လျှက် မအိပ်နိုင် မစားနိုင် ဖြစ်နေတော့၏။ အိပ်မည်ဟု သလွန်ပေါ်လျောင်းစဉ် မျက်လုံးမှိတ်လိုက်သည်နှင့် လှံပေါင်းများစွာ ထိုးဆွခံရ ဘိသကဲ့သို့ ၀ူးဝူးဝါးဝါး ထအော်တော့၏။ မင်းမှုထမ်းတို့က"ဘာပါလဲ"ဟုမေးမြန်းသော် ဘာဆိုဘာ မျှ မပြောနိုင်။ ထို့ကြောင့် အဇာတသတ်မင်းသည် အိပ်ခြင်းကို မနှစ်သက်တော့။ အိပ်ရမည်ကို ကြောက်နေတော့၏။
မှူးမတ်တို့ ကိုးကွယ်သော ထိုခေတ်က နိုင်ငံအတွင်း ကျော်ကြားသော ခြောက်ဦးထံ စိတ်သက်သာရာ ရလို ရငြား ဦးစွာချဉ်းကပ်ခဲ့၏။ သဲကိုညှစ်၍ ဆီမထွက်သကဲ့သို့ ကျေနပ်ဖွယ်လောက်သော စိတ်သက်သာရာကို မရနိုင်ခဲ့၍ ဆေးဆရာ ဇီဝက အကူအညီဖြင့် ဘုရားရှင်ထံ ဆည်းကပ်တရားနာယူချင် စိတ် ဖြစ်ပေါ်လာပါ သည်။
ဘုရားမြတ်စွာထံ ချဉ်းကပ်တရားနာယူမည်ဆိုလျှင် မင်းတရား၏စိတ်သည် ဧကန်ကြည်လင် မည် ဖြစ်ကြောင်း ကို အဇာတသတ်မင်းအား သံတော်ဦး တင်ပါသည်။အဇာတသတ်မင်းသည် အချိန် မဆိုင်းနေတော့ဘဲ ယခုချက်ချင်းပင်လျှင် ဘုရားထံသို့ တရားသွားရောက် နာယူမည်။ အမောင်ဇီဝ အမြန် စီစဉ်ပါဟု စေခိုင်း၍ ဘုရားရှင် သီတင်းသုံးတော်မူရာ ဆရာဇီဝက ဆောက်လုပ်လှူဒါန်းအပ်သော သရက်ဥယျာဉ်ကျောင်းသို့ ဆီမီးမြိုင်မြိုင် ထွန်းညှိကိုင်ဆောင်ကြစေလျှက်
ကုမုဒြာ ကြာတို့ပွင့်ရာ၊ မိုးလေးလတို့၏ နောက်ဆုံး၊ ဆီးနှင်းမြူတိမ် အသူရိန်မီးခိုးညစ်မျိုးတို့ ကင်းစင်သဖြင့် အလွန်တင့်တယ် သာယာသော တန်ဆောင်မုန်း လပြည့်နေ့ ညဦးတွင်"ဒီကနေ့ည အလွန်သာယာ လိုက် တာ။ ဒီလိုညမျိုးမှာ ရဟန်း၊ ပုဏ္ဏားတစ်ဦးဦး ထံချဉ်းကပ်ပြီး ပြဿနာမေး၊ တရားနာယူရလျှင်တော့ စိတ်ကြည် လင်ပြီး အေးချမ်းလိမ့်မယ်ထင်ပါရဲ့"ဟု အဇာတသတ်မင်းသည် ၀မ်းမြောက်ဝမ်းသာ ထုတ်ဖော် နှုတ်မြွက် လိုက်ပါသည်။
မှူးမတ်တို့က မင်းတရား တရားနာယူ လိုဟန်တူရဲ့ဟု တွေးကြပြီး မိမိတို့ကိုးကွယ်သော ဆရာကြီးများထံ ချဉ်းကပ်တရားနာယူ ဖို့ သံတော်ဦး တင်ကြပြန်ပါတယ်။ သရက်သီးမှည့် စားလိုသော ယောက်ျားသည် ၀ါဝင်ပြီး အရသာအပြည့်ရှိသော သရက်သီးမှည့်ကို လက်ထဲမှာ ရှိနေလျှင် ကံပြင်းသီးကို မမက်မောတော့ သကဲ့သို့ မင်းတရားသည်လည်း ဈာန်အဘိညာဉ်တို့နှင့် ယှဉ်သော လက္ခဏာရေးသုံးပါးကို ထင်ရှားပြ တတ်သော ချိုမြိန်သော တရားတော်ကို ယခုနာယူလိုသည် ဖြစ်၍ ယခင်က နာကြားခဲ့ဖူးသော ဆရာကြီး တို့၏ တရားကို နှစ်သက်မှုမရှိ၍ တိတ်ဆိတ်စွာ ဆိုင်းငံ့နေပါသည်။
အဇာတသတ်မင်းက မှူးမတ်တို့နည်းတူ ဆရာဇီဝကလည်း သူကိုးကွယ်သော ဘုရားမြတ်စွာထံသို့ ချဉ်းကပ် တရားနာယူရန် ကမ်းလှမ်းမည်ဟု မျှော်လင့်ပြီး တိတ်ဆိတ်စွာနေခြင်းဖြစ်၏။ ကျောင်းဒကာ၊ ဘုရားဒကာ ခမည်းတော်ကို သတ်သူဖြစ်၍ သူကိုယ်တိုင်လည်း ဘုရားထံမသွားဝံ့၊ မျက်နှာမပြရဲ၊ ဆရာ ဇီဝက၏ အကူ အညီကို ရမှဖြစ်မည်။ 
ထို့ကြောင့်"အမောင်ဇီဝက အခြားမှူးမတ်တွေက သူတို့ကိုးကွယ်တဲ့ ဆရာတွေရဲ့ ဂုဏ်ကို ထုတ်ဖော်ပြော ဆိုနေကြတာ ပါးစပ်တောင် မဆံ့ကြဘူး။ သင့်မှာရော ကိုးကွယ်တဲ့ဆရာ မရှိဘူးလား။ သင်မဆင်းရဲပါဘူး။ ခမည်းတော်က သင့်ကို စည်းစိမ်များစွာ ပေးထားတယ် မဟုတ်လား။ သင့်မှာ သဒ္ဓါတရား မရှိဘူးလား"ဟု နဂါးအဆီကိုသောက်ပြီး အဆီရစ်နေသော ဂဠုန်ကဲ့သို့ တိတ်ဆိတ်နေသော ဆရာဇီဝကကို စကားပြော ဆိုစေရန် အဇာတသတ်မင်းက စကားဦး သန်းလိုက်၏။
ဆရာဇီဝကသည် ဘုရားရှင် သီတင်းသုံးတော်မူရာ သရက်ဥယျာဉ် ကျောင်းတော်ဘက် မျက်နှာမူ လက်အုပ် ချီလျှက် ဘုရားရှင်၏ အနှိုင်းမဲ့ ဂုဏ်တော်များကို ထုတ်ဖော်ပြောဆို၍ ယခုအခါ မြတ်စွာဘုရားနှင့်အတူ ရဟန်းတော် များသည် သရက်ဥယျာဉ်ကျောင်းတွင် သီတင်းသုံး နေထိုင်တော်မူပါသည်။ 
ဘုရားမြတ်စွာထံ ချဉ်းကပ်တရားနာယူမည်ဆိုလျှင် မင်းတရား၏စိတ်သည် ဧကန်ကြည်လင် မည် ဖြစ်ကြောင်း ကို အဇာတသတ်မင်းအား သံတော်ဦး တင်ပါသည်။အဇာတသတ်မင်းသည် အချိန် မဆိုင်းနေတော့ဘဲ ယခုချက်ချင်းပင်လျှင် ဘုရားထံသို့ တရားသွားရောက် နာယူမည်။ 
အမောင်ဇီဝ အမြန်စီစဉ်ပါဟု စေခိုင်း၍ ဘုရားရှင် သီတင်းသုံးတော်မူရာ ဆရာဇီဝက ဆောက်လုပ် လှူဒါန်း အပ်သော သရက်ဥယျာဉ်ကျောင်းသို့ ဆီမီးမြိုင်မြိုင် ထွန်းညှိကိုင်ဆောင်ကြစေလျှက် ဆင်မယာဉ်ကိုစီးပြီး ကြီးကျယ်ခမ်းနားသော မင်းပရိသတ်တို့နှင့်အတူ ကြွချီတော်မူပါသည်။ ထိုညကား တန်ဆောင်မုန်း လပြည့်နေ့ည ဖြစ်၏။
သာမညဖလသုတ္တန်
ရဟန်းပြုခြင်းကြောင့် ရအပ်သောအကျိုးတို့ကို ပြဆိုရာဒေသနာဖြစ်၍ သာမညဖလသုတ္တန် ဟု ခေါ်ဆိုပါ သည်။ အဇာတသတ်မင်းသည် ဘုရားထံမှောက် ရောက်၍ ရှိခိုးဦးချပြီးနောက် ဘုရားမြတ်စွာအား "အရှင်ဘုရား လောကမှာ ဆင်စီးအတတ်၊ မြင်းစီအတတ်၊ ဓားခုတ်လှံထိုး အတတ်စသော အတတ်ပညာ တတ်ကျွမ်းကျင်သူတို့သည် သူတို့ရဲ့ အတတ်ပညာကို အမှီပြုပြီး ချမ်းချမ်းသာသာ အသက်မွေးမြူနိုင် ပါတယ်။ ဇနီးမယား၊ သမီးသား၊ ဆွေမျိုးမိတ်ဆွေတို့ကိုလည်း လုပ်ကျွေး ပြုစုနိုင်ပါတယ်။ 
ရဟန်းပုဏ္ဏားတို့အား လှူဒါန်းပြီး နတ်ပြည်သို့လည်း ရောက်နိုင်ကြပါတယ်။ ဒါဟာ အတတ်ပညာရဲ့ ပစ္စက္ခ အကျိုးပါဘုရား၊ ရဟန်းပြုရင်ရော ပစ္စက္ခမှာ ဘာအကျိုးရတယ်လို့ ဆိုနိုင်ပါသလား ဘုရား"ဟု မေးလျှောက် သဖြင့် ဘုရားမြတ်စွာသည် သာမညဖလသုတ္တန်ကို အကျယ် ဟောကြားတော်မူပါသည်။
"မင်းတရား၊ ကျွန်ရဟန်းပြုသွားလျှင် သူ့သခင်က သူ့ကို စေခိုင်းလို့ မရနိုင်တော့ဘူး။ ရှိခိုးဦးချရမယ်။ အလားတူ လယ်ကူလီ (စာရင်းငှား) ရဟန်းပြုသွားလျှင်လည်း လယ်ရှင်က သူ့ကို လယ်ထွန်ခိုင်းလို့ မရတော့ဘူး။ ရှိခိုးဦးချရမယ်။ 
ထို့အတူ ဒကာတော်မင်းကြီးရဲ့ မင်းမှုထမ်း ရဟန်းပြုသွားလျှင် မင်းတရားက သူ့ကို စစ်တိုက်ခိုင်းလို့ မရနိုင်တော့ဘူး။ ရှိခိုးဦးချရမယ်။ ပစ္စည်းလေးပါး လှူဒါန်းရမယ်။ တရားနဲ့အညီ စောင့်ရှောက်ပေးရမယ်။ ဒါဟာ ရဟန်းပြုခြင်းကြောင့် ရအပ်တဲ့အကျိုး (သာမညဖလ) ဖြစ်တယ်"ဟု မိန့်တော်မူသော်-
"ဒါတင်ပဲလားဘုရား၊ ဒီထက်သာလွန် မြင့်မြတ်တဲ့ သာမညဖလရော မရှိနိုင်တော့ဘူးလား ဘုရား"ဟု အဇာတသတ်မင်းက ဆက်လက်မေး လျှောက်သဖြင့်]]
မင်းတရား သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့ အမျိုးကောင်းသားသည်   ဗုဒ္ဓရဲ့ဂုဏ်တော်များကို ကြည်ညိုပြီး အိမ်ရာ တည်ထောင် လူ့ဘောင်ကို ခွာရှောင်လျှက် ရဟန်းပြုခဲ့တယ်"ရဟန်းပြု ပြီးနောက်"ရဟန်းတော် များ စောင့် ထိန်းလိုက်နာကြရတဲ့ ပါတိမာက္ခ သံဝရသီလကို စောင့်ထိန်းခြင်း၊ အကျင့် ကျက်စားရာနဲ့ ပြည့်စုံခြင်း၊ အာပတ်တို့ကို ကြောက်စရာ ဘေးစဖွယ်ရှုငဲ့ပြီး အာပတ်မသင့်အောင် နေခြင်း၊ စင်ကြယ်တဲ့ အပြုအမူ အပြောအဆိုနဲ့ ပြည့်စုံခြင်း၊ စင်ကြယ်စွာ အသက်မွေးခြင်း၊ မျက်စိ၊ နား၊ လျှာ၊ ကိုယ်၊ စိတ် ဣနြေ္ဒ ခြောက်ပါး ကို အသိ၊ သတိတို့ဖြင့် လုံခြုံအောင် နေခြင်း၊ ရသမျှနဲ့ တင်းတိမ်ရောင့် ရဲခြင်းတို့ဖြင့်သာ နေထိုင်ပါတယ်။ 
မင်းတရား၊ ထိုကဲ့သို့ အကျင့်မြတ်ဖြင့် ပြည့်စုံသော ရဟန်းသည် မြို့ရွာပူသံ မဆူညံဘဲ လူသံ ကင်းဆိတ် တိတ်ဆိတ်ငြိမ်းသော အရပ်သို့ ချဉ်းကပ်ပြီး ကမ္မဋ္ဌာန်းတရားကိုသာ ပွားများ အားထုတ်နေပါသည်။ အားထုတ်ဖန်များ၍ ရှုအားတွေသန်၊ ရှုဥာဏ်တွေ ကောင်းလာသော် 
၁။ စိတ်အညစ်အကြေး (နီဝရဏ) တို့မှ ကင်းစင်ပြီး ဈာန်လေးပါးကို ဦးစွာရ၏။ 
၂။ ဈာန်ကြောင့် သမာဓိ အလွန်ကောင်းပြီး မိမိခန္ဓာကိုယ်အတွင်း ဥာဏ်သွင်းလျက် ခန္ဓာ၏ မမြဲခြင်း၊ ဖောက်ပြန်ပြောင်း လွဲ ပြိုကွဲပျက်စီးခြင်း အနိစ္စအချက်ကို မြင်အောင် ရှုပွားနိုင်သော ၀ိပဿ နာဥာဏ် ဖြစ်ပေါ်၏။
၃။ထို့နောက် အထက်အထက်သော အဘိညာဉ်တို့ကိုရပြီး အဆုံးတွင် အာသ၀က္ခယဥာဏ်သို့ ရောက်လျက် ရဟန္တာ ဖြစ်သွားတော့၏။ ဤသည်တို့ကား ဓရဟန်းပြုခြင်းကြောင့် ပစ္စက္ခတွင် ရအပ်သော သာမညဖလ" ဖြစ် ၏ ဟု သုတ္တန်ကို အကျယ်တ၀င့် ဟောကြားတော်မူပါသည်။
အဇာတသတ်မင်းသားသည် သရဏဂုံ ဆောက်တည် ဥပါသကာအဖြစ် ခံယူပြီး ဓမ္မရာဇာဖြစ်သည့် ခမည်းတော် ကို အသိ၊ မိုက်မဲ၊မလိမ္မာသည့်အလျောက် သတ်မိမှားခဲ့ပါပြီဟု သူ့အပြစ်ကို ၀န်ခံလျက် ရှိခိုးဦးချ ပြန်သွားပါသည်။
သုတ္တန်ကြားနာရကျိုး
"ရဟန်းတို့ အဇာတသတ်မင်းသည် ပါပမိတ္တ (မိတ်ဆွေယုတ်) နှင့် မပေါင်းမိဘဲ ခမည်းတော်ကို အကယ်၍ မသတ်ခဲ့ဘူးဆိုလျှင် ဤသုတ္တန်အဆုံး၌ သောတာပန် ဖြစ်မည်။ အဇာတသတ်မင်းသည် သောတာပန် ဖြစ်နိုင်သော ပါရမီ ကုသိုလ်ထူးကြီး ရှိခဲ့သော်လည်း သူကိုယ်တိုင် ထိုကုသိုလ်ကို ဖျက်ဆီး တူးဖြိုပစ်ခဲ့၏။ 
သို့သော် အချည်းအနှီးတော့မဖြစ် ဓမ္မသြဇာပြည့်ဝသော ဤသာမည ဖလသုတ္တန်ကို နာယူလိုက်ရသဖြင့် အဇာတသတ်မင်းသည် အိပ်ပျော်သည့်အပြင် အ၀ီစိငရဲကျ မည့် ဘေးမှ လည်း လွတ်မည်။ လောဟကုမ္ဘီ ငရဲ၌ အနှစ်ခြောက်သောင်းခံရပြီး ထိုငရဲမှလွတ်ပြီးသော် ၀ိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်မည်။ 
ရတနာသုံးပါးကို ကြည်ညိုသော ပုထုဇဉ်ပုဂ္ဂိုလ်တို့တွင် အဇာတသတ်မင်းထက် သာလွန်သူ မရှိနိုင်"ဟူ၍ အဇာတသတ်မင်း ရအပ်သော ကောင်းကျိုးများကို မိန့်ကြားတော်မူပါသည်။
စက်မပျက်ကြပါစေနဲ့
အရှင်ဒေ၀ဒတ်သည် သူ၏လုပ်ရပ်များကို လူအများသိပြီး ရာဇဂြိုဟ်မှ ထွက်ခွာခဲ့ရ၏။ ဘုရားရှင် ထံ တောင်း ပန်ဖို့အသွား ဇေတ၀န် ကျောင်းတော်အနီး၌ သွေးအန်၊ မြေမျိုပြီး အ၀ီစိငရဲသို့ ကျရောက်သွားတော့ ၏။
"ဘုရားရှင် က"ရဟန်းတို့ အသီး သီးခြင်းသည် ငှက်ပျောပင်၊ ၀ါးပင်တို့ကို သန္ဓေသားသည် အဿထိုရ်မြင်းမ ကို သေဖို့ရာသာ ဖြစ်သကဲ့သို့ အလိုကြီးခြင်း လောဘရမ္မက်သည်လည်း လူသားတို့ ကို သေဖို့သာဖြစ် ၏"အလိုရမ္မက်နောက် သို့ မလိုက်ပါကြရန် သံဃာတော်များကို ဆုံးမတော်မူပါသည်။ 
အဇာတသတ်သည် ရှေးကပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှုရှိခဲ့၍ မင်းမျိုးမင်းနွယ်၌ ဖြစ်ရ၏။ မိတ်ဆွေ ယုတ်နှင့် ပေါင်းသင်းဆက်ဆံမိခြင်းကြောင့် မိမိကိုယ်ကို ကောင်းမှု၌ ထားခြင်း (အတ္တသမ္မာပဏိဓိစက်) ပျက်ခဲ့ရရှာ၏။ 
ထို့ကြောင့် အပါယ်မှ ကင်းဝေးပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သော သောတာပန်ဖြစ်ခွင့် လက်လွှတ် ဆုံးရှုံး ရတော့၏။ အဇာတသတ်မင်းကဲ့သို့ မိမိတို့ကိုယ်ကိုယ် ကောင်းသောအမှု၌ ထားနိုင်ခြင်း အတ္တသမ္မာပဏိဓိ စက် မပျက်အောင် ထိန်းသိမ်းစောင့် ရှောက်နိုင်ကြပါစေဟု တိုက်တွန်း အသိပေး လိုက်ရ ပါသည်။
From...Eleven
No comments:
Post a comment