*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 25 September 2013

ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှု အကူအညီ ချေးငွေသစ် (ODA) ၅ ဘီလျံ တစ်နှစ်လျှင် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းနှင့် နှစ် ၄၀ ချေးငွေအဖြစ် ပေးအပ်


ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှု အကူအညီ ချေးငွေသစ် (ODA) ၅ ဘီလျံအား တစ်နှစ်လျှင် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ သက်တမ်း ကာလအတွက် ချေးပေးလိုက်သောကြောင့် တရုတ်နိုင်ငံမှ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးယူသည့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ နှင့် နှိုင်းယှဉ်ပါက သိသိသာသာ သက်သာမှု ရှိနေကြောင်း သတင်းရရှိသည်။

အဆိုပါ တရားဝင် ဖွံ့ဖြိုးမှု အကူအညီ ချေးငွေ ၅ ဘီလျံအား စတင်ပေးအပ်လိုက်ကြောင်း စက်တင်ဘာ ၂၃ ရက်က နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် ဂျပန်အထက် လွှတ်တော်အမတ် Ms.Eriko Yamatain ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်းများအရ သိရသည်။

အလားတူပင် EXIM bank of china ကလည်း မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထုတ်ချေးခဲ့သည်ဟု ပြီးခဲ့သည့် သြဂုတ်လအတွင်း သတင်းထွက်ပေါ်ခဲ့ကြောင်းနှင့် ယင်းကဲ့သို့ ထုတ်ချေးလိုက်သော်လည်း အတိုးနှုန်းမှာ ၄ ဒသမ ၅ ရာခိုင်နှုန်း ယူထားသည့်အတွက် လွှတ်တော်ထဲတွင် သဘောကွဲလွဲမှုများ ရှိခဲ့ကြောင်း သိရသည်။

ပြည်ပနိုင်ငံများထဲတွင် မြန်မာနိုင်ငံအား ချေးငွေထောက်ပံ့မှု အများဆုံးပေးသော နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၉၄၀ ကျော် ကူညီရန် သဘောတူထားပြီး ယင်းပမာဏထဲတွင် ODA(Official Development Assistance) အနေနှင့် ချေးပေးသည့်ငွေများလည်း ပါဝင်ကြောင်း ဂျပန်သံရုံးမှ ထုတ်ပြန်ထားသော သတင်းများအရ သိရသည်။ EXIM bank of china ၏ ချေးငွေသဘောတူညီချက်ကို ၂၀၁၃ ခုနှစ် ဧပြီ ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး စတင်ချေးယူသည့်နှစ်မှ ဆိုင်းငံ့ကာလ နှစ်နှစ်၊ ပြန်ဆပ်ကာလ ရှစ်နှစ်၊ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် စီမံခန့်ခွဲမှု စရိတ်အဖြစ် ချေးယူသည့် ငွေပမာဏ၏ ၁ ရာခိုင်နှုန်းအား ထပ်မံပေးဆောင်ရမည် ဖြစ်သည့်အတွက် လွှတ်တော်ထဲတွင် သဘောထား ကွဲလွဲကြကြောင်း သိရသည်။

ယခုနှစ် ဂျပန်အစိုးရ အနေဖြင့် တရားဝင် ဖွံ့ဖြိုးမှု အကူအညီ ချေးငွေသစ်အဖြစ် အမေရိကန်ဒေါ်လာ ၅ ဘီလျံ ပေးအပ်လိုက်သည့်အတွက် တရုတ်နိုင်ငံမှ ချေးယူသော အတိုးနှုန်းထက် သိသိသာသာ လျော့နည်းနေကြောင်း သိရသည်။

ဂျပန်ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ဂျပန်အထက်လွှတ်တော် ODA ဆိုင်ရာ လေ့လာရေးအဖွဲ့အဖြစ် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအား ကူညီထောက်ပံ့ရန် ဂျပန်အထက် လွှတ်တော်က အထူးအာရုံစိုက် အလေးထား ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
 
Eleven Media Group
From...Facebook

No comments:

Post a Comment