*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 19 April 2014

မွှေးပျံ့ လန်းဆန်းသော အာခံတွင်း ပိုင်ဆိုင်နိုင်စေရန်


Avoid-Mouth-Smell
 


အောက်ပါမေးခွန်း တို့ကို ဖြေကြည့် ကာ သင့် ခံတွင်း နံ့ ထာဝစဉ် သင်းပျံ့နေစေဖို့ ဘာတွေ လိုအပ် သလဲ လေ့လာ ကြည့် ရအောင်…။

၁။  လူဦးရေရဲ့ ဘယ်နှစ် ရာခိုင်နှုန်း က မကြာခဏ ခံတွင်းနံ့  နံနေတတ် သလဲ။
(က) ၅၀ ရာခိုင်နှုန်း
(ခ) ၂၀ ရာခိုင်နှုန်း
(ဂ) ၁၀ ရာခိုင်နှုန်း
(ဃ) ၂ ရာခိုင်နှုန်း 


 အဖြေ = (က) 

 လူနှစ်ယောက် မှာ တစ်ယောက်နှုန်း က သူတို့ ဘဝရဲ့ အသက် အပိုင်းအခြား တစ်ခုမှာ မကြာခဏ ခံတွင်း နံ့ နံ မှုကို ရင်ဆိုင် ဖူးကြပါတယ်။ ကလေး ငယ်တွေ ရဲ့ ခံတွင်းနံ့ ကတော့ နံမနေတတ်ပါဘူး။ 

ဘာ ကြောင့်လဲ ဆိုတော့ ကလေးငယ်တွေ ဟာ တံတွေး၊ သွားရည် များစွာ ထွက်ရှိတတ် သလို အစားအစာ အကြွင်း အကျန်တွေ ကပ်ငြိနေမယ့် သွားတွေ လည်း မရှိတာကြောင့်ပါ။ ဒါ့အပြင် လူကြီးတွေ လို ခံတွင်းနံ့ နံစေတဲ့ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း တို့ လုံးဝ မရှိတာကြောင့် ကလေးငယ်တွေ မှာ ခံတွင်း နံ့ မနံ တတ်ပါဘူး။
 
၂။  ဘယ်ရောဂါက ခံတွင်းနံ့ နံတာနဲ့ ဆက်စပ်နေတတ်သလဲ။
(က) သွားဖုံးရောဂါ
(ခ) ဆီးချိုရောဂါ
(ဂ) အသည်းရောဂါ
(ဃ) အပေါ်က ရောဂါအားလုံး


အဖြေ= (ဃ)  
ခံတွင်းနံ့ ဆိုးခြင်း ရဲ့ ၉၅ ရာခိုင်နှုန်းကျော် ဟာ ပါးစပ် တွင်း ဘက်တီးရီးယားပိုး ပမာဏ မညီ မျှခြင်းကြောင့် ဖြစ် ရတာပါ။ ဒီလို ဘက်တီးရီးယား ပိုး မညီမျှခြင်း ဟာ ခံတွင်း သန့်ရှင်းရေး ကောင်းစွာ မပြု လုပ်ခြင်း၊ သွားဖုံးရောဂါ၊ အစာအိမ် အချဉ်ပေါက်ခြင်း၊ အာခြောက်ခြင်း၊ စိတ်ဖိစီးခြင်း၊ ဆေး လိပ်သောက် ခြင်း အပြင် ချိစ် နဲ့ နို့ များစွာ ပါရှိတဲ့ အစားအသောက် စားသောက်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။ 

ခံတွင်းနံ့ ဆိုးခြင်းရဲ့ တခြား အကြောင်းရင်းတွေ မှာ ဆီးချိုရောဂါ၊ အသည်းရောဂါ နဲ့ ကျောက်ကပ်ရောဂါ တချို့ကြောင့် လည်း ပါဝင်ပါတယ်။

၃။ ဘယ်ဆေးဝါးတွေက ခံတွင်းနံ့ကို ပိုဆိုးစေသလဲ။
(က) သွေးပေါင် ကျဆေးတွေ
(ခ) အအေးမိ သက်သာ ပျောက်ကင်းဆေးတွေ
(ဂ) စိတ်ကျရောဂါ သက်သာဆေးတွေ
(ဃ) အပေါ်မှာဖော်ပြထားတဲ့ ဆေး အားလုံး


အဖြေ = (ဃ)
ဆေးဝါး များစွာက ခံတွင်းကို ခြောက်စေပါတယ်။ အာခြောက်လွန်း လို့ ညဘက် တစ်ရေးနိုး ကာ ရေ ထသောက် ရတဲ့ အဆင့်ထိ ရောက်နေရင်တော့ ဆရာဝန် ကို ပြောပြကာ ဆေးဝါးသောက်သုံးရတဲ့ ပမာဏ ညှိနှိုင်းပါ။ ဒါမှမဟုတ် ဆေးပြောင်း သင့်ရင် ပြောင်းရ ပါလိမ့်မယ်။ 

တစ်နေ့လုံး ရေများစွာ သောက်ပေးသင့် သလို ညအိပ်ခါနီး မှာလည်း ရေသောက်ပေးပါ။

၎။ ဘယ်အခြေအနေ မှာ ဘေးပတ်ဝန်းကျင် က ကိုယ့်ခံတွင်းနံ့ ကို သတိမထား မိပေမယ့် ကိုယ့်ကိုကိုယ်တော့ မခံ မရပ်နိုင်အောင် ဖြစ်တတ်သလဲ။
(က) စိတ်ကျရောဂါ
(ခ) စိတ်ကစဥ့်ကလျားရောဂါ
(ဂ) နှာခေါင်းကလိုင်ပေါက်ရောဂါ/ ဓာတ်မတည့်ခြင်း
(ဃ) ခေါင်းတစ်ခြမ်းကိုက်ခြင်း


အဖြေ = (ဂ)  
ကိုယ့် ခံတွင်းနံ့ ကိုယ် မခံနိုင်အောင် ဖြစ်နေသူတွေ ဟာ နှာခေါင်းတွင်း ကလိုင်ပေါက် မှာ ရောဂါဖြစ်နေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ပါက တခြားသူတွေ အနေနဲ့ အနံ့ကို သတိ မထား မိပေမယ့် ဝေဒနာ ရှင်အနေနဲ့ကတော့ အနံ့နံလွန်း ပါတယ်။

 ရောဂါဖြစ် တာ သေချာပါက ရောဂါပျောက်အောင် နှာခေါင်း တွင်း ဖျန်းဆေး နဲ့ ဓာတ်မတည့်ခြင်း ကို သက်သာပျောက်ကင်းစေ တဲ့ ဆေးဝါးတွေ သုံးပြီး ကုသနိုင်ပါတယ်။

၅။ ဘယ် အစားအစာ က ခံတွင်းနံ့ ဆိုးစေပါသလဲ။
(က) နို့နဲ့ချိစ်
(ခ) အာလူး
(ဂ) ဒိန်ချဉ်
(ဃ) အပေါ်မှာ ဖော်ပြထားတာ အားလုံး


အဖြေ = (က)  
ချိစ် နဲ့နို့တွေ ကို အလွန် အကျွံ စားသောက် ပါက လျှာပေါ်ရှိ Mucus အဖြူလွှာ က ပိုထူ လာကာ ခန္ဓာကိုယ် ကနေ ဖျက်ရ၊ ရှင်းရ ပိုခက် သွားတတ်ပါတယ်။ ဒါ့အပြင် ဒီ အစားအစာတွေ မှာ ခံတွင်းနံ့ ဆိုးခြင်း ကို ဖြစ်ပေါ်စေ တဲ့ Cystcine နဲ့ Methyl Mercaptam အမည်ရှိ အမိုင်နို အက်စစ်နှစ်မျိုး ကလည်း ပမာဏ များစွာ ပါရှိတတ်ပါတယ်။

၆။ ဘယ် အစားအစာက  ခံတွင်း နံ့ဆိုးခြင်းကို တိုက်ဖျက်ပေးသလဲ။
(က) ငရုတ်ပွသီး
(ခ) တရုတ်နံနံ
(ဂ) ဒိန်ချဉ်
(ဃ) မုန်လာဥနီ


အဖြေ = (ဂ)
လေ့လာချက် အရ သကြား မပါတဲ့ ဒိန်ချဉ် ရိုးရိုးကို ခြောက်ပတ်ကြာ နေ့စဉ် စားသုံးခြင်းက ခံတွင်းနံ့ ဆိုး ခြင်းရဲ့ အဓိက အကြောင်းရင်း ဖြစ်တဲ့ ခံတွင်း ရှိ ဟိုက်ဒရိုဂျင် ဆာလဖိုက်ဓာတ် ပမာဏ သိသာ စွာ လျော့ ကျ စေတာကို တွေ့ရပါတယ်။ 

ဒိန်ချဉ် မှာ ပါရှိတဲ့ ဘက်တီးရီးယား ပိုးတွေဟာ အနံ့ဆိုး ကို တိုက်ဖျက်ပေးနိုင်တာကြောင့်ပါ။ ဗီတာမင်စီ ကလည်း သွားဖုံး ကျန်းမာရေး အတွက် ကောင်းစေပါတယ်။ ဗီတာမင် စီ ကြွယ်ဝစွာ ပါရှိတဲ့ ငရုတ်ပွသီးလို အစား အစာမျိုးကို စားပေးသင့်ပါတယ်။ 

မုန်လာဥနီ နဲ့ တရုတ်နံနံ လို မာတဲ့ အစာတွေ ကို ဝါးပေးခြင်း ကလည်း သွားဖုံး ကို နှိပ်နယ်ပေး သလို ဖြစ် တာကြောင့် သွားဖုံးကျန်းမာရေးကို ကောင်းစေပါတယ်။

၇။ လျှာ မှာ အပေါက်ဖောက်ခြင်း က ခံတွင်းနံ့ကို ဘယ်လို ဆိုးစေသလဲ။
(က) ရောဂါ ပိုး ပိုဝင်လာရာ ကနေ အနံ့ဆိုးစေ တာပါ။
(ခ) လျှာပေါ် တပ်တဲ့ ပစ္စည်း က တံတွေး အထွက်နည်း စေတာကြောင့် အနံ့ဆိုးစေတာပါ။
(ဂ) အပေါက် အနာ မကျက်ခြင်းကြောင့်ပါ။


အဖြေ = (က)  
လျှာ မှာ အပေါက်ဖောက် တဲ့အခါ ရောဂါ ပိုး ပိုပြီး ကူးစက်နိုင် သလို ဖောက်ထားတဲ့ အပေါက်နား ဘက်တီးရီးယားတွေ ခိုအောင်း နိုင်တာကြောင့် ခံတွင်းနံ့ ကို ပိုပြီး ဆိုးစေတာပဲ ဖြစ်ပါတယ်။

ခံတွင်းနံ့ ဆိုးခြင်း  အမျိုးအစားများ
၁။ လျှာကြောင့် ခံတွင်းနံ့ ဆိုးခြင်း
လျှာကြောင့် ခံတွင်းနံ့ ဆိုးတဲ့ လက္ခဏာရပ်တွေ ကတော့ လျှာ မှာ အဝါရောင် အလွှာ တစ်ထပ်ဖြစ်ခြင်း ဒါမှ မဟုတ် လက်ဖမိုး ကို လျက်ကြည့်တဲ့ အခါ အနံ့အသက် မကောင်းခြင်း တို့ပဲ ဖြစ်ပါတယ်။ လျှာသန့်ရှင်း ဖို့နည်း ကတော့ သွားတိုက်ဆေး အနည်းငယ် ယူကာ လျှာပွတ်တံ နဲ့ လျှာ ကို ပွတ်ပေးဖို့ ပဲ ဖြစ်ပါတယ်။

၂။ သွားဖုံးကြောင့် ခံတွင်းနံ့ ဆိုးခြင်း  
သွားဖုံး ကနေ သွေးထွက်နေတတ် ပါတယ်။ သွားကြား သန့်ရှင်းရေး လုပ်လေ့ မရှိသူတွေ မှာ ဖြစ်လေ့ရှိပြီး အကယ် ၍ သွားကြား ထိုးကြိုး နဲ့ သွားကြား ထိုးခဲ့ရင်တောင် နာကျင်နေမှာပါ။

၃။ လည်ချောင်း/နှာခေါင်းကြောင့် ခံတွင်းနံ့ဆိုးခြင်း  
အသံ ဝင်ခြင်း၊ လည်ချောင်း အသံ ကပ်ခြင်း တို့နဲ့ပါ တွဲပြီး ဖြစ်လေ့ရှိပါတယ်။ ဓာတ်မတည့် ပျောက်ဆေး သုံးဆောင်နေသူတွေ မှာလည်း ဖြစ်တတ်ပါတယ်။

၎။ လူနေမှု ပုံစံကြောင့် ခံတွင်းနံ့ ဆိုးခြင်း  
အစာလျှော့စား ကာ အပိန် ကျင့်ခြင်းက ခံတွင်းနံ့ ဆိုးစေနိုင် သလို နို့နဲ့ ချိစ်စားခြင်း၊ ကော်ဖီသောက်ခြင်း ၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနဲ့ စိတ်ဖိ စီးခြင်းတို့ကြောင့် လည်း ခံတွင်းနံ့ နံတတ်ပါတယ်။

ခံတွင်းနံ့ သင်းပျံ့စေမည့် အဆင့်ခြောက်ဆင့်
ခံတွင်းနံ့ နံတာ ပျောက်ဖို့က မခက်ခဲ ပါဘူး။ အောက်ပါ အချက်ခြောက်ချက် ကို လိုက်နာရုံနဲ့ ခံတွင်း နံ့ ကောင်းလာ မှာပါ။

၁။ အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။ လျှာပွတ်တံနဲ့ လျှာပွတ်ပေးပါ။ လျှာပွတ်ခြင်းက အစာအကြွင်း အကျန် နဲ့ ဘက်တီးရီးယား ပိုးတွေကို ဖယ်ရှားပေးပါတယ်။ သန့်ရှင်း တဲ့ ခံတွင်း ရဲ့ အနံ့ကလည်း လန်းဆန်း နေ မှာပါ။

၂။ သင့်တော်တဲ့ ပစ္စည်း သုံးပေးသင့် ပါတယ်။ သွားပွတ်တံ ဆိုရင်လည်း အမွေးနူးညံ့တာ မျိုး သုံးပေး သင့်ပါတယ်။ အကယ် ၍ လျှာပွတ် တံ မရှိပါက ဇွန်း နဲ့ ပွတ်ပေးနိုင်ပါတယ်။

၃။ မနက် တစ်ခါ ညတစ်ခါ သွားတိုက် ပါ။ နူးညံ့ တဲ့ သွားပွတ်တံ ကို သုံးပြီး စက်ဝိုင်း သဏ္ဌာန် လှည့်ကာ၊ လှည့်ကာ နှစ်မိနစ်ကြာ တိုက်ပေးပါ။ ခပ်ကြမ်းကြမ်း မဖိမိစေပါနဲ့။ သွားရဲ့ကြွေလွှာ ပျက်စီးစေနိုင် တာ ကြောင့်ပါ။

၎။ အာခြောက် မခံပါနဲ့။ မကြာခဏ ရေသောက်ပါ။ အယ်ကိုဟော အခြေခံ ပလုတ်ကျင်းဆေးရည် ကို ရှောင် ပါ။ အရက်သောက်ခြင်း နဲ့ ဆေးလိပ်သောက်ခြင်း လို ခံတွင်းကို ခြောက်သွေ့စေတာကြောင့်ပါ။

၅။ သွားဖုံးရောဂါ ရှိပါက သွား ဆရာဝန်ထံ မှန်မှန်ပြပါ။

၆။ ကော်ဖီ နဲ့ တခြား အက်စစ် ပါတဲ့၊ ဂက်စ် ပါတဲ့ အအေးတွေ ရှောင်ပါ။ သကြားများ တဲ့ အစာ ကို ရှောင် ပါ။ ဒီ အစား အစာတွေ ကို အကယ်၍ စားမိ ခဲ့ရင်လည်း စားအပြီး ငါးမိနစ် အကြာမှာ သကြား မပါ ပီကေ ကို ဝါးပါ။ ဒါမှ တံတွေး ထွက်ရှိ လာပြီး အက်စစ်တွေ ကို ပြန်ချေဖျက်နိုင်မှာပါ။

စာဖတ်ပရိသတ်အားလုံး မွှေးပျံ့တဲ့ ခံတွင်းနံ့ ပိုင်ဆိုင်နိုင်ကြပါစေ..


 ဒေါက်တာနုမြတ်
From...Good Health


No comments:

Post a Comment