ကျွန်တော့် ကို ဒီလို လာမေးရင်တော့ ရှိတယ် ဆိုတာဖြစ်နိုင်တယ်။ ယုံလား ဆိုတော့ ယုံတယ် လည်း မဟုတ် ဘူး၊ မယုံဘူးလည်း မဟုတ်ဘူး။ သူ့ဟာသူ နေကြတယ်။ ကိုယ်လည်း ကိုယ်ဟာကိုနေ တယ်ပေါ့လေ ။ ဥစ္စာစောင့်တွေကြောင့် စီးပွား တက်တာ ဟုတ်လားမေးရင် လည်း ဟုတ်ချင်လည်း ဟုတ်မယ် ၊ ဒါပေမယ့် ကျွန်တော် တို့ ကိုယ့် အလုပ်ကိုယ် လုပ်ပြီး အလုပ် နဲ့ ရတဲ့ငွေကိုပဲ လိုချင်တယ်။
ဘယ် ပစ္စည်းမှ အလကား မရတာ၊ဥစ္စစောင့် က စီးပွားတက်အောင် လုပ်ပေးတယ် ဆိုရင်လည်း သူတစ်ခု ခု လိုချင်လို့ လုပ်ပေးတာဖြစ် မှာပေါ့။ အဲ့ဒီတော့ ကိုယ်က သူ့အတွက် အလုပ် အပိုတွေ လုပ်ပေးရဦးမယ်။ အဲ့ဒီတော့ သူ့ဟာ သူနေ ကိုယ်ဟာ ကိုယ်နေလို့ပဲ ကျွန်တော်က ခံယူတယ်။
ဥစ္စာစောင့် တစ်ကယ် ရှိတာလား ဆိုတဲ့ မေးခွန်းလေး ကိုကျွန်တော် ငယ်ငယ်လေး ထဲက မယုံတာပါ။ ဗိုလ်တစ်ထောင် က မြနန်းနွယ် ဆိုတဲ့ ဥစ္စာစောင့် အကြောင်းလည်း ကြားဖူးပါရဲ့။ ဒါပေမယ့် ကိုယ်တွေ မဟုတ်လေတော့ ယုံရ ခက်ခက်ကြီးရယ်။
ဒါပေမယ့် ကျွန်တော်ထင်တယ် ကျွန်တော် ၇ တန်းလောက် မှာ ကိုယ်တွေ့ အဖြစ်လေး တစ်ခု တွေ့ဖူး ပါရဲ့။ ကိုယ်တွေ့ ဆိုပေမယ့် အမေက ကျွန်တော် ငယ်သေးတာ ကို စိုးရိပ်ပြီးခေါ်မသွား လို့ နောက်ပိုင်းမှာ အမေ့ ဆီက ပြန်ကြား ရတာတွေကို ပဲ နားထောင်ရတာပါ။ အဖြစ်က ဒီလို။
ကျွန်တော် က ပုသိမ် ဇာတိ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အားလုံး ပုသိမ် ကကျောင်းတွေ မှာပဲ တက်ခဲ့တာ။ အမေ ကလည်း ပုသိမ် မှာပဲ ဆေးခန်း ဖွင့်တယ်။ အမေဆေးခန်း ဖွင့်တဲ့ အိမ်လေးက ကျွန်တော် တို့အိမ်နဲ့အတော်လေး လှမ်းသဗျ။
တစ်ခါ တစ်လေ တစ်ပတ် ကို ၁ရက် ၂ ရက်လောက်တော့ အမေ့ဆေးခန်း ကို လိုက်ပြီး ဆော့လေ့ ရှိသဗျ ။ ဆေးခန်းက ဆေးဘူးခွံ ကလေးတွေ ကို အိမ်ပြန် သယ်လာ၊ အဲ့ဒီဆေးဘူး ခွံလေးတွေ နဲ့ အိမ်ဆောက် တမ်းဆော့ အဲ့ဒီ လိုပေါ့လေ။ အမေ့ဆေးခန်း ဖွင့်တဲ့ အိမ်မှာ က အပျိုကြီး တစ်ယောက်၊ အပျိုကြီး ရဲ့အမေ နဲ့ တူမနှစ်ယောက် ရှိသဗျ။
ဥစ္စာစောင့် အဖြစ်က အဲ့ဒီ အိမ်မှာ ဖြစ်တာ။ ဖြစ်ပုံ ကတော့ ဆန်းသား။ အဲ့ဒီ တူမနှစ်ယောက် မှာ အကြီးမက တစ်အိမ်လုံး ကျန်တဲ့ လူတွေနဲ့ မတူဘူး ခင်ဗျ။ အသား အရည်က ရွှေဝါရောင် ၀င်းဝင်း၊ မျက်နှာ ကလည်း ချောချောလေး နဲ့ တစ်မိပေါက် တစ်ယောက်ထွန်း ဆိုသလို အတော်ချော သဗျ။ ထားပါတော့လေ မမိုးမိုး လို့ပဲ ခေါ်ကြပါစို့။
အဲ့ဒီ အချိန်တုန်းက မမိုးမိုး က အထက်တန်း တက်နေတုန်း နဲ့တူတယ်။ အမေ ကလည်းထုံးစံ အတိုင်း ညနေ ဆိုရင် စက်ဘီးလေး စီးပြီးတော့ဆေးခန်း သွား ညပိုင်း ကျတော့ ပြန်လာပေါ့လေ။ ဒီလို နဲ့တစ်နေ့ ကျတော့ ဆေးခန်း ပိတ်ပြီး ပြန်မယ် လုပ်တော့ ဆေးခန်းရှေ့၊ အိမ်ရှေ့ပေါ့ဗျာ၊ အဲ့ဒီ မှာ မြွေသူတောင် (စပါးအုံး အဖြူရောင် လိုမြွေမျိုး) က ကန့်လန့်ဖြတ်ပြီး ပိတ်နေ ပါတယ်။
အမေ ကလည်း ကြောက်တော့ ဆေးခန်း ကလည်း မပြန်ရဲ ၊ အဲ့ဒါ နဲ့ရွှေ လက်စွပ် ကို ရေထဲ စိမ် ရွှေရေငွေရေ ဖျန်း တယ် ဆိုပြီး မွေကြီး ကို ခြောက်ထုတ်၊ မွေကြီး အိမ်ရှေ့က ထွက်သွားတော့ မှပဲ အိမ်ပြန် ရဲတော့တယ်။ အဲ့ဒီ လိုဖြစ်တာက ကြာသာပတေး နေ့တိုင်း ခင်ဗျ။ ကြာသာပေးနေ့ ညရောက်ပြီ ဆိုရင် အဲ့ဒီမြွေကြီး က အချိန်မှန် ပဲဆေးခန်းရှေ့ ပိတ် ပိတ်ပြီးနေတာ။
ပိတ်တိုင်း လည်းခြောက်လှန့် ထုတ်ရ တာပေါ့ဗျာ။ အဲ့ဒီ လိုနဲ့ တစ်လလောက်ကြာ လာတော့ မမိုးမိုး က အမေ့ ကိုလာပြောတယ်။ သူ တစ်ပတ် ကိုတစ်ခါလောက် အိပ်မက် မက်တယ်တဲ့။ အိပ်မက် ထဲမှာ သူ့ဆံပင်တွေ က အရှည်ကြီး ပဲ၊ ရှည်တာ မှ ခြေမျက်စိလောက် နား အထိရှည်ပြီးတော့ ဆံပင် အဖျားလေးတွေ ကအပေါ်ကို ပြန်ကော့ တက်နေပါ သတဲ့။
နောက်ပြီး သူရောက် သွားတဲ့ နေရာက တော်တော် ကို ခမ်းခမ်း နားနား နဲ့ တယ်… မဟာဆန် ဆိုပဲ ။ ရွှေတိုင်လုံး ကြီးတွေ နဲ့၊ ရွှေတွေ ငွေတွေ ဆိုတာ ရွှေအိုးတွေ နဲ့ ထည့်ထားတာ တစ်ခန်းလုံး အပြည့် ဆိုပဲ။ နောက်ပြီးတော့ အိပ်မက်ထဲ မှာ သူ့အကို အမတွေ နဲ့ တွေ့တယ် ဆိုပဲ။ ဟိုမှာ သူတို့ ဒန်း စီးပြီးတော့ သီချင်းတွေ ဆိုကြတာ တယ်ပျော်ဖို့ကောင်းဆိုပဲ။
အမေ ကလည်း အို ညည်းအေ… အိပ်ရေး ပျက်တာတို့၊ အားနည်း တာတို့ ဖြစ်ရင် ဒီလို ပဲ အိပ်မက် မက်တတ် ပါတယ်၊ အဟာရ ညီမျှတဲ့ အစား အစာ များများ စားပေး၊ အားဆေး ကတော့ လိုအပ် မှသောက် ဆိုပြီးတော့ အားဆေးပေးလိုက် ပါသတဲ့။
ဒါပေမယ့် မမိုးမိုး ကတော့ သောကြာနေ့လောက် ဆိုရင် အမေ့ဆီ လာပြီးသူ့ အိမ်မက် ကို ပြောပြ တတ် ပါတယ်။ အိမ်မက် ထဲမှာသူ့ အစ်ကို အမတွေ က သူ့တို့ နဲ့ လာနေ မလားလို့ ခေါ်နေကြောင်း။ သူလည်း ဟိုမှာနေရတာ ပျော်ကြောင်း ပြောပါတယ်။ အမေ က နင့် အိမ်မက် ထဲမှာနဲ့ အပြင်မှာ ဘယ်ဟာ ပိုပျော် လည်းမေးတော့ သူက ဟိုမှာနေရ တာ ပိုပျော်တယ် လို့ ပြောပါတယ်။
ဒီလိုနဲ့ တစ်လကျော်ကျော်လောက် ထင်တယ် အဲ့ဒီ လို အဖြစ် အပျက်တွေဖြစ်ပြီးနောက် မှာတော့ မမိုးမိုး တစ်ယောက် သတိလစ် သွားပါတော့တယ်။ အိမ်ကို ဖုန်းဆက်ပြီး လှမ်းခေါ်တော့ အမေ ကလည်း အဲ ဒီကောင်မလေး စိတ်ညစ် စရာတွေ ရှိလား၊ ရည်းစား သညာတွေ ရပြီးတော့များ တစ်ခုခုဖြစ်လေ သလား ဆိုပြီး နေ့ခင်းကြီး ဆေးခန်း ကလေးကို သွားပါတယ်။
ဟိုရောက်တော့ သွေးပေါင် ချိန်ကြည့်၊ မျက်ခွံ လှန်ကြည့်၊ စသည်အားဖြင့် သူ စစ်ဆေးကြည့် ပါတယ်။ အားလုံး က ပုံမှန်၊ သို့ပေမယ့် သတိ ကတော့ လစ်နေတာ ပါပဲ။ အစက သတိ လစ်ချင်ယောင်ဆောင် တယ် ထင်ပေမယ့် တစ်ကယ် သတိလစ်နေလေတော့ ဘာရယ်ကြောင့် သတိ လစ်ရတယ် ဆိုတာကို သူလည်း ရေရေ ရာရာ မသိပါဘူး။
ဒီလိုနဲ့ နောက်တစ်နေ့ရောက်တော့ မမိုးမိုး လည်း ပြန် သတိရ လာတော့ရှိုက်ကြီး တစ်ငင် ကို ငိုတော့ တာပဲ။ သူ့ကို သူ့အစ်ကို နဲ့အမတွေ က ဟိုမှာ အပြီး လိုက်နေဖို့ခေါ်ကြောင်း။ သူတို့ မှာ စုစုပေါင်း ညီအစ်ကို မောင်နှစ်မ ငါးယောက် ရှိကြောင်း။ အစ်ကို က တစ်ယောက်၊ အမ က ၃ ယောက် ရှိပြီး သူက အငယ်ဆုံးဖြစ်ကြောင်း။
အငယ်ဆုံးဖြစ်သောကြောင့် သူ့ကို အားလုံး က ချစ်ကြကြောင်း။ ဒါပေမယ့် သူလည်း အိမ်က လူကြီးတွေ စိတ်ပူမှာ စိုးလို့ အိမ်ခဏ ပြန်ဦးမယ် ဆိုပြီးတော့ ပြန်လာတဲ့ အခါမှာ ခုလို သတိရ လာတာဖြစ်ကြောင်း တစ်ငိုငို တစ်ယိုယို နဲ့ ပြောပါတယ်။
ဘယ်သူ က သူပြောတာ ယုံမှာ တုန်း။ လျှောက်ပြောနေတယ် လို့ပဲ ထင်တာ ပါပဲ။ ဒီလိုနဲ့ မမိုးမိုး တစ်ယောက် ဟာ တစ်ခါ တစ်လေ သုံး နာရီလောက် သတိလစ် သွားလိုက်၊ တစ်ခါ တစ်လေ တစ် ရက်လောက် သတိ လစ်သွားလိုက်၊ နိုးလာရင် တစ်မှိုင်မှိုင် တစ်တွေတွေ နဲ့ သူ ရွေးရ ခက်နေကြောင်း ဟိုမှာ လည်း ပျော်ပေမယ့် ဒီမှာ လည်း ပျော်ကြောင်း စတဲ့ တောင်တောင် အီအီတွေ လျှောက်ပြော နေ ပါတယ်။
အဲ့ဒီ ကစပြီး အမေ က ကျွန်တော့် ကို ဆေးခန်း မခေါ်တော့ တာနဲ့ပဲ အိမ်ကနေပြီး အမေပြန် လာတိုင်းပြန်ပြောပြ တဲ့ အဖြစ် အပျက်ကလေးတွေ ကိုပဲ စောင့်ပြီး နားထောင် ရတာပါပဲ။
ဒီလို နဲ့ တစ်နေ့တော့ ကရင်ကျောင်း ဆရာမ တစ်ယောက် အိမ်ကို လာလည် ပါသတဲ့။
အဲ့ဒီ ဆရာမ က သိုက်တို့ ဥစ္စာစောင့် တို့နဲ့ဆို ရင် စကားတွေ ဘာတွေ ပြော ဆိုပဲ။ ပြောတယ် ဆိုတာက သူ ကလည်း အဆက်ပါ ဆိုပဲ။ အဆက် ဆိုတာ က သိုက်နဲ့ အဆက် ရှိတယ်လို့ ဆိုပါတယ်။ ဟုတ်မှ ဟုတ်ရဲ့ လားလို့ ကျွန်တော် သံသယဖြစ်ပေမယ့် အဲ့ဒီ ဆရာမနဲ့တွေ့တော့ တစ်သက်လုံး ဗမာ စကားပြောနေ တဲ့ မမိုးမိုး ဟာ ကရင် လို ထပြီးရောတော့ တာပါဘဲ။
အမေ တို့လည်း မျက်လုံး အကြောင် သားနဲ့ ထိုင်ကြည့်နေရ တယ်လို့ ဆိုပါတယ်။ နောက် တစ်ခုက အသံနေ အသံ ထားနဲ့ စကားပြောပုံက ခဏနေ တစ်ယောက်၊ ခဏနေ တစ်ယောက်က ပြောနေသလို မမိုးမိုး ရဲ့ အသံတွေက ပြောင်းနေ ပါတယ်တဲ့။
သူတို့ဟာ သူတို့ ပတွတ် ပတွတ် နဲ့ ပြောလို့ လဲ ၀ရော မမိုးမိုး လည်း သတိပြန်လစ် သွားရောတဲ့။ ကရင် ဆရာမ က သူဟာ မမိုးမိုး ရဲ့ အမ သုံးယောက်နဲ့ စကားပြောဖြစ်ကြောင်း ပြန်ပြောပြ ပါတယ်။
အဲ့ဒီကျောင်း ဆရာမ ပြန်ပြောပြ တာကတော့ မမိုးမိုးဟာ ခုချိန် အထိ သိုက်ထဲ မှာပဲ ရှိနေကြောင်း ၊ စောစော က သူပြော သွားတာတွေ ဟာ သူ့အစ်မ သုံးယောက်က သူ့ကိုယ်ထဲ ၀င်ပြီး ပူးပြီ ပြော တာဖြစ်ကြောင်း။
သူတို့ ညီမလေး ကို အပြီးခေါ်ထား ချင်ကြောင်း။ သိုက်စောင့် ဘိုးဘိုးကြီး နဲ့ ဆွေးနွေးဦး မှာဖြစ်ကြောင်း ပြော ပါတယ်။ နောက်ပြီး သူတို့ သိုက် က ပုသိမ် ရွှေမုဋ္ဌော ဘုရားအောက် မှာရှိကြောင်း လည်း ပါပါ တယ်။ ဒီလို နဲ့ အဲ့ဒါ ပြီး ကထဲက မမိုးမိုး လည်း သတိ လစ်သွားတာ သတိ ကို ပြန်လည် မလာတော့ ပါဘူး။
ကြံရာ မရတဲ့ အဆုံး ကြံခင်း က သိုက်နိုင်တယ် ဆိုတဲ့ ဆရာတော် ကို အိမ်သားတွေ သွား ပင့်ကြပါတယ်။
အဲ့ဒီ လိုနဲ့ကြံခင်း က ဆရာတော် ရောက်လာရော ဆိုပါစို့ဗျာ။ ဆရာတော်ရောက်လာတော့ လည်း မမိုးမိုး က သတိ လစ်နေတုန်း ခင်ဗျာ့။ ဆရာတော် က ရေမန်းတွေ ဘာတွေ ဖျန်းပြီး ဖနောင့် နဲ့ ကြမ်းပြင် လည်းဆောင့် လိုက်ရော မမိုးမိုး လဲ ငုတ်တုတ် ထ ထိုင် ဆိုပဲ။
ငုတ်တုတ် လည်း ထိုင်ပြီးရော ဆရာတော် နဲ့ ကရင် လို ပြောကြလေရဲ့။ ကရင် လိုပြောကြရင်း ကနေ နောက် ပိုင်း ဘာသာ စကားပြောင်း သွား တာဘေး က လူတွေ လည်း နားမလည်တော့ ပါဘူး တဲ့။ ဟို ကရင်ကျောင်းဆရာမ လည်း နားမလည်တော့ ဘူး။ ထင်တာ ကတော့ ရှေးဟောင်း ဘာသာ စကား တစ် ခုဖြစ်မယ် ထင်ပါတယ်။
ဆရာတော် လည်း ပြောရင်းပြောရင်း နဲ့ ဒေါသတွေ ထွက် လာပြီးတော့ မမိုးမိုး ကို ကြိမ်နဲ့ ဆော် ပါတော့ တယ်။ မမိုးမိုး လည်း လူးလှိမ့် နေတာပေါ့လေ။ အဲ့ဒါ နဲ့ သိပ်မကြာ ပါဘူး မမိုးမိုး အသံ က ယောင်္ကျား သံကြီး လိုပြောင်း သွားပြီးတော့ ဆရာတော် နဲ့ အတင် အချ ပြောတော့ တာပါဘဲ။
နောက်မှ သိရ တာက ဆရာတော် နဲ့ ပထမ ပြောတာ က အစ်မ အကြီးဆုံး နဲ့ ပြောတယ် လို့ဆိုပါတယ်။ သူတို့ ရဲ့ အထွေး ကလေးကို လူ့ပြည်ပြန် မပို့တော့ဘူး ပြန်ခေါ် ထားမယ် ဆိုလို့ ဆရာတော် က သဘော မတူကြောင်း၊ လာပြီး မှတော့ သက်တမ်းစေ့နေပြီး မှ ပြန်ခေါ် ရမှာ ဖြစ်ကြောင်း၊ ဒီလို ခုလွှတ် ခုပြန်ခေါ် လုပ်ချင် တိုင်းလုပ် ရအောင် မင်းတို့ကိုယ် မင်းတို့ ဘာထင်နေ သလဲလို့ ပြန်ပြောကြောင်း။
ဟိုက ဘူးခံနေတာ နဲ့ ဆရာတော် လည်း တင်းပြီးတော့ ကြိမ် နဲ့ သမတယ် လို့ ဆိုပါတယ်။ သူ့ ညီမ ကြိမ် သမ ခံနေရတာ ကို အစ်ကိုကတွေ့တော့ မခံ မရပ်နိုင်ဖြစ်ပြီး အမ အစား အစ်ကိုကြီး က ကြိမ်ဒဏ် ၀င်ခံ ရင်း ဆရာတော် နဲ့ စကား များကြတယ် လို့ဆရာတော် က ပြန်ပြော ပါတယ်။
နောက်တော့ အစ်ကိုကြီးသော ဘာသော နားမလည်ဘူး သမ မယ် ဆိုပြီး ကြိမ်နဲ့ ထပ်ဆော်ပြန်ပါတယ်။ မမိုးမိုး က လူးလှိမ့်နေတာ ပါဘဲ။ ကြိမ်လုံး ရာတွေလည်း တစ်ကိုယ်လုံး မွနေတာပေါ့လေ။ နောက်ဆုံးတော့ လူကြီး သံလို မျိုး မမိုးမိုး ဆီက အသံ ထွက်လာပါတယ်။ ဆရာတော်ပြောတာ ကတော့ အဲ့ဒါဟာ သိုက် စောင့် ဘိုးဘိုးကြီး လို့ ဆိုပါတယ်။
နောက်တော့ ဆရာတော် နဲ့ သိုက်စောင့် ဘိုးဘိုးကြီး နဲ့ စကားတွေ အတင် အချ ပြောလိုက် တာ အတော် ကြာသွား ပါသတဲ့။ နောက်ဆုံးတော့ ဘယ်လို ညှိလိုက်တယ် မသိပါဘူး ဆရာတော် က မင်းတို့ လုပ်ချင် တိုင်း လုပ်လို့ ရမယ် ထင်နေ သလား။ ငါ သိုက်ကျောဖြတ်မယ် ဆိုပြီးတော့ ကြံခင်း ကို မမိုးမိုး ကို ခေါ်သွား ဖို့ ပြင်ပါတယ်။
ကြားထဲမှာ ရထားစီး တာ၊ ကားစီး တာတွေ ကို ချန်ခဲ့ ရင်တော့ ကြီးဒေါ်ရယ်၊ မမိုးမိုး ရယ်၊ ဆရာတော် ရယ် ကြံခင်း ကို ရောက်ပါလေရောပေါ့လေ။ ဟိုရောက်တော့ မြစ်ကူးပြီး ဆရာတော်ကျောင်း ကို သွားရမယ့် ခရီး ပါ။ ဆရာတော် က သိုက်က အစ်ကိုကြီးရော၊ အစ်မ၃ ယောက်ရော ပါ ခေါ်လာ ပါသတဲ့။
မြစ်ကူး ခါနီး ကျတော့လှေပေါ်ရောက်တော့ တစ်ယောက်ပြီး တစ်ယောက် တက်ခိုင်း ပါသတဲ့။ အဲ့ဒီ က အဒေါ်ကြီး ပြောပြ တာကတော့ လှေက တစ်ယောက် တက်လိုက် တိုင်း တစ်ယောက် စား မြုတ်မြုတ် သွားတယ် ဆိုပဲ။ ဟုတ် မဟုတ်တော့ မသိ ဘူးပေါ့လေ။
အဲ့ဒါနဲ့ နောက်ဆုံး အစ်ကို ကြီး အလှည့်ကျတော့ အစ်ကိုကြီး က ပေကပ်ပြီး လှေပေါ် မတက်ဘူး လုပ်နေ ပါသတဲ့။ အဲ့ဒါနဲ့ ဆရာတော် လည်း အတင်း ကြိမ်းမောင်းပြီး တက်ခိုင်းတော့ မှလှေပေါ်ရောက် ပါသတဲ့ ။
လှေပေါ်ရောက်တော့ ဆရာတော်က အဲ့ဒီ မမိုးမိုး ရဲ့ အဒေါ်ကို ဟဲ့ ဒကာမကြီး ဟိုဘက် တိုးလိုက် ဒီမှာ အစ်ကို အကြီးဆုံး က ထိုင်စရာနေရာ မရှိဘူးဖြစ်နေတယ် လို့ ဆိုလေတော့ အဒေါ် လည်း လန့်ဖျန့်ပြီး အမလေး အတူတူတော့ မထိုင် ပါရစေ နဲ့ရှင် ဆိုပြီး နောက် တစ်တန်း ဆုတ်ထိုင် တယ်လို့ ဆိုပါတယ်။
လှေပေါ်ရောက်တော့ ဆရာတော် က “ကဲ ငါ့ကျောင်း အပိုင်ရောက်ပြီ၊ နင်တို့ မောင်နှစ်မတွေအေးအေးဆေးဆေး လိုက်ခဲ့ လမ်းမှာ လှေကို မှောက်ပစ် မယ် မကျန်နဲ့ သိုက်ပြန် မရောက်ဘူး ဖြစ်သွားမယ် လို့ကြိမ်းပါသတဲ့”။
ဆရာတော်ကျောင်း ၀င်ခါနီးတော့ လှေပေါ် က ပါလာ တဲ့မောင်နှမ ၄ ယောက် ကို ဆရာတော် က မှာပါ သတဲ့ “နင်တို့ ဟိုရောက် ရင် ငါ့ကျောင်း က ဟာတွေ နဲ့တည့်အောင်နေ ရန် မဖြစ်နဲ့တဲ့”။ ကြီးဒေါ် ပြန်ပြော တာကတော့ ဆရာတော့် ကျောင်းမှာ လည်း ဥစ္စာစောင့်တွေ ရှိသတဲ့ဗျ။
နောက်ပြီး ဆရာ့တော့် ဗီဒို ထဲ မှာလည်း အရုပ်တွေ မှ အများကြီး ထူခြား တာက ကျွဲညီနောင် ရုပ်တဲ့ခင်ဗျ။ လပြည့်ညရောက် လို့ အဲဒီ ကျွဲညီနောင် ကိုမှ ဗီဒိုထဲက မထုတ်ဖူး ဆိုရင် ကျောင်း တစ်ခုလုံး ဗြောင်းကို ဆန် တယ်လို့ ပြောပါတယ်။ ဟုတ်သည် မဟုတ်သည် ထားစိတ်တော့ ၀င်စား စရာပေါ့ဗျာ။
အဲ့ဒီ လိုနဲ့ ဆရာ့တော့်ကျောင်း မှာ မမိုးမိုး ကိုထား၊ ပြီးတော့ ဥပုတ်စောင့် ခိုင်း၊ ၈ ပါးသီလ ယူ ၊ယောဂီ ၀တ်ပြီးတော့ သိုက်ကျော ဖြတ်တယ် လို့ဆိုပါတယ်။ မည်သို့ပင်ဆိုစေ၊ နောက်ပိုင်းမှာတော့ မမိုးမိုး တစ်ယောက် သတိ လည်း မလစ်တော့ သလို၊ အိပ်မက် လည်း မမက်တော့ ပါဘူး။
ထူးဆန်းတာ တစ်ခုက မမိုးမိုး ဟာ မြန်မာ စကား တစ်မျိုး သာ ပြောတတ်သူ (အင်္ဂလိပ် စကား ကတော့ ကျောင်း မှာ သင်တယ်၊ ဒါကို ထားလိုက် ပါတော့) တစ်ယောက်ပါ ။ ဒီလို အဖြစ် အပျက်တွေဖြစ်ပြီးတော့ ကရင် စကားရော၊ တစ်ခြား စကားကို ပါဒေသခံ တစ်ယောက်လို မွှတ်နေအောင်ပြောပေမယ့်၊ အခု ဆိုရင် သူဟာ အဲ့ဒီ ဘာသာ စကားတွေကို လုံးဝ ပြန် မပြောနိုင်တာပါ။
အဲ့ဒီတော့ ယုံရ ခက်ခက်ကြီး ရယ်။ လက်တွေ့ ကိုယ့်ရှေ့ မှာ အဲ့ဒီ လိုမျိုး ဖြစ် သွားတယ် ဆိုလေတော့ ဥစ္စာစောင့် ဆိုတာ တစ်ကယ် ရှိတယ်၊ မရှိဘူး ဆိုတာ ပြော ရမှာ မလွယ်လှ ဘူး ဖြစ်သွား ပါတယ်။ ခုတော့ မမိုးမိုး တစ်ယောက်လည်း အိမ်ထောင်တွေ ဘာတွေကျပြီးတော့ ကလေးတွေတောင် ထွန်းကားနေပြီ ထင်ပါရဲ့။
ဒါတင်လား ဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော့် အဖေ ရဲ့ ဇာတိမြို့ က ကန်ကြီးဒေါင့်မြို့ပါ။ ကန်ကြီးထောင့်မြို့ ဆိုတာ ဘယ် ကနေ နာမည် တွင်လာ လည်း မသိပေမယ့်၊ အဒေါ် ရဲ့ အိမ်နောက်ဖေး မှာတော့ ကန်ကြီး တစ်ကန် ရှိပါတယ်။ အခုတော့ အိမ်တိုင်း က ကျောပေးပြီး အိမ်သာ လှည့်ဆောက် ထားလေရဲ့။
အဲ့ဒီ မှာလည်း သိုက်ရှိတယ် ဆိုပါတယ်။ အဲ့ဒီ သိုက်က နောက်ပိုင်း လူတွေ က အိမ်သာ လှည့်ဆောက် ပါများလာ လို့ကန်ကြီးဒေါင့် ရွှေလိပ်ပြာ ဘုရား ဘက်ကို သိုက်ပြောင်း တယ်ဆိုပါတယ်။ သိုက်ပြောင်း တဲ့နေ့ ကတော့ ညနေနေ၀င်ရီ တေ၇ာ မှာ ရွှေလှေတွေ မိုးပေါ် ပျံပြီးတော့ ရွှေလိပ်ပါ ဘုရားဆီ ကို ဆည်းလည်း သံ တစ်ချွင်ချွင် နဲ့ ပြောင်းကြတယ် လို့လူတွေ ဆိုကြပေမယ့် ကျွန်တော် ကတော့ မျက်မြင် ကိုယ်တွေ့ မဟုတ်လို့ မယုံပါဘူး။
ဒါပေမယ့် ကန်ကြီးဒေါင့် ဆရာတော် ဘုရားကြီး တည်ထား ခဲ့တဲ့လေးမျက်နှာ စေတီတော် ရဲ့ မုဒ်ဦး တစ်ခု ကတော့ အမည် မဖော်လို တဲ့ ဥစ္စာစောင့် တစ်ယောက်က ဆရာတော်ကြီး ထံရွှေတွေ လာပေးပြီးတော့ ဘုရား တည်ဖို့ လှုဒါန်း သွားတယ်လို့ ဆိုပါတယ်။
ယခုအချိန် အထိ အဆိုပါ မုဒ်ဦးမှာ ထို ကဗြည်းစာတမ်း ကိုဖတ်နိုင်သေးကြောင်း ကန်ကြီးဒေါင့်မြို့ ကို အလည်ရောက်ခဲ့တယ် ဆိုရင် သွားရောက်ကြည့်နိုင် ပါကြောင်း၊ ဥစ္စာစောင့် တစ်ကယ် ရှိသလား ဆိုတဲ့ မေးခွန်းလေး ကို စဉ်းစား ဖို့ ပို့စ် တစ်ခု အနေနဲ့တင်ပေး လိုက်ပါတယ် ခင်ဗျား။
ခုအပိုင်း ကတော့ ကျွန်တော့် အဖေရဲ့ ဇာတိမြို့ ကလေးကန်ကြီးဒေါင့်မြို့ က အကြောင်းလေး။
ကန်ကြီးဒေါင့် ဆိုတာက ပုသိမ် ကနေ ဆိုရင် ၁၈ မိုင်လောက် ဆိုတော့ နာရီဝက် ၁ နာရီလောက် ကားမောင်း သွားရင်ရောက်တယ်။ အရင် တုန်းက ကားလမ်းတွေ သိပ်ပြီးတော့ မပေါက်သေးတော့ ကန်ကြီးဒေါင့် နားက ဘဲကရက်၊ ဒေါင့်ကြီး၊ ကံကုန်း၊ ဖားစီကွင်း စတဲ့ စတဲ့ ရွာကလေးတွေ က ကန်ကြီးဒေါင့် ကိုပဲ အားထားနေရတာ။
ဘာဖြစ်လို့လဲ ဆိုတော့ကန်ကြီးဒေါင့် က မြစ်ကမ်းဘေး က ဆိပ်ကမ်းမြို့ ကလေး လို ဖြစ်နေတော့ ရေ လမ်း က အဓိက ပဲ။ အနီး အနားက ရွာတွေက စပါးပေါ် ချိန် ဆိုရင် စက်လှေတွေ နဲ့လာပြီးတော့ စပါး လာအပ်ကြ၊ ကြိတ်ကြ၊ ရလာ တဲ့ ငွေစလေးတွေ နဲ့ ငရုပ်၊ ကြက်သွန် စတဲ့ ကုန်စိမ်းတွေဖြစ်ဖြစ်၊ အ၀တ် အစားတွေဖြစ်ဖြစ် ကန်ကြီးဒေါင့် မှာပဲ လာပြီး ၀ယ်ကြတာ။
ခုကျတော့ ကားလမ်းတွေပေါက်လာပြီ ဆိုတော့ ကန်ကြီးဒေါင့်မြို့ လဲအရင်လောက် သိပ်ပြီး စည်စည် ကားကား မရှိတော့ ပါဘူး။ အဲ.. စကား မစပ် မော်ဒယ် ချောရတနာ ကလည်း ကန်ကြီးဒေါင့် ဇာတိပဲ။
ကန်ကြီးဒေါင့်ရောက်ရင် လောကမှန်ကူ ဆုတောင်းပြည့်စေတီတော် ရှိမယ်။
ပုဂံခေတ် က ပုံစံကို ယူပြီးတော့ ဆောက်ထား တဲ့စေတီတော်။ စေတီတော် ထဲမှာ ရွှေ၊ ကျောက်မျက် ရတနာတွေ နဲ့ပူဇော်ထား တဲ့ ဆင်းတုတော် ရှိတယ်။ ပွဲတော် ရက်တွေ ဆိုရင်တော့ အပူဇော် ခံပါတယ်။ အနီးကပ် ကြည့်လို့လဲ ရတယ်။
ဒီ စေတီတော် ကို တည်တုန်း က ထူးထူးခြားခြားလေးတွေတော့ ရှိခဲ့ ဖူးတယ်။ ဒါ ကတော့ သိုက်မောင်နှမ ဇာတ်လမ်း ပဲ။ စေတီတော် ကို ဦးစီး ဦးဆောင်ပြီးတော့ တည်ထား ခဲ့တာက အခု ပျံလွန်တော် မူသွားပြီးတဲ့ ကန်ကြီးဒေါင့် ဆရာတော်ကြီး။ စေတီတော်ကြီး နဲ့ ကပ်လျှက် မှာက မင်္ဂလာရာမ ကျောင်းတိုက် ရှိတယ်။
ပရိယတ္တိစာပေတွေ ကို သင်ကြား ပို့ချပေးနေတဲ့ ကျောင်းတိုက်။ ကျောင်းတိုက်ကြီး ကလည်း တော်တော့် ကို ထည်ဝါ တဲ့ မှန်စီရွှေချကျောင်း တိုက်ကြီး။ သင်္ကြန်တို့၊ အခါကြီး ရက်ကြီးတွေ ဆိုရင်မိုးကုတ် ၀ိပဿနာ တရား စခန်းဖွင့်တယ်။ နောက်ပြီးတော့ ရှင်ပြု နားသ မင်္ဂလာပွဲတွေ လဲ ရွာနီးချုပ်စပ် ကလူတွေ လာပြီးတော့ စုပေါင်း ရှင်ပြု ပွဲတွေ လုပ်ကြတယ်။
နောက်ပြီး နှစ်တိုင်း ဘုရားပွဲ ရှိတယ်။ ဘုရားပွဲတော် ဆိုရင် အရမ်းပျော်ဖို့ ကောင်း သပေါ့။ ဇာတ်ပွဲ၊ စားသောက်ဆိုင် တန်းတွေ၊ ဒေသ ထွက် ပစ္စည်းရောင်းတဲ့ ဆိုင်တွေ.. စသည် စသည်ဖြင့်။
ထူးဆန်းတယ် ဆိုတာက ဒီလို စေတီကြီး ကို တည်နိုင်တယ် ဆိုတဲ့ အချက် ကိုပါ။
စေတီတော်ကြီး တည်တော့ အနယ်နယ် အရပ်ရပ် ကအလှူရှင်တွေ အားတက် သရော လာပြီးတော့ လှူဒါန်းကြ တာပဲ။ ဒါပေမယ့် စေတီတော် ကုန်ကျ တဲ့ စရိတ် ကို တွက်ကြည့် လိုက်ရင် လှူဒါန်း လို့ရ တဲ့ ငွေ နဲ့ မဖြစ်နိုင်လောက် တဲ့ အနေအထား။ နောက်ပြီးတော့ ဆရာတော်ကြီး ကို သိုက်က သိုက်စောင့် ဘိုးဘိုးကြီး နဲ့သိုက်က မောင်နှမတွေ လာရောက်ပြီးတော့ လှူဒါန်းကြတယ် လို့လဲ ငယ်ငယ်တုန်း ကတော့ ကြားဖူးပါရဲ့။
သို့ပေမယ့် ဟိုလူပြော၊ ဒီလူပြော ဆိုတော့ ဂဃနဏသေချာ မကွဲပြားဘူး။ ဒါပေမယ့် ဒီစေတီကြီး တည်တော့ သိုက်မောင်နှမတွေ ရဲ့ သိုက်နန်း နဲ့ သိုက်စောင့် ဘိုးဘိုးကြီး တို့ရဲ့ ရုပ်တုတွေ ကတော့ အခု အချိန်ထိ ရှိတုန်းပဲ။ စေတီတော် တည်တဲ့ အချိန်တုန်းက ဆိုရင် ညပိုင်းတွေ မှာ စေတီတော်ပေါ် မှာ သိုက်စောင့် ဘိုးဘိုးကြီး လမ်းလျှောက်နေပါတယ် ဆိုပြီးတော့ပြောသံတွေ လဲ ကြားဖူးရဲ့။
နောက်တစ်ခု က စေတီ ရဲ့ မုဒ် တစ်ခုမှာ အမည် မဖော်လိုသူ ပါရမီရှင် အမျိုးသမီး တစ်ဦး ကောင်းမှု့ ဆိုပြီး ခုချိန် အထိ ရေးထိုး ထားတဲ့ မုဒ်ဦး တစ်ခုပါပဲ။ အဲဒီ အချိန်တုန်း ကတော့ အစိမ်းရောင် ၀တ်စုံ ၀တ်ဆင် ထားတဲ့ အမျိုးသမီး တစ်ဦးက ဆရာတော်ကြီး ဆီကို လာပြီးတော့ မုဒ်ဦး အတွက် ရွှေငွေ ရတနာတွေ လာပြီးတော့ လှူဒါန်းသွား တယ် လို့ကြားဖူးတယ်။
တချို့ ကလဲ နဂါးသိုက် က လာတယ် လို့ ပြောကြ သလို၊ တချို့ကလဲ ဥစ္စာစောင့် လို့ ပြောကြတာပဲ။ မည်သို့ပင်ဖြစ်စေ ကျွန်တော် ဒီစေတီကြီး ဆီကို သွားပြီးတော့ ဖူးတိုင်း ထူးခြား တဲ့ ခံစားမှု့ တစ်ခုကို အမြဲ တမ်းခံစား ရတယ်။ အဲဒီ မှာ ကျွန်တော့် အဖေကို ရည်စူးပြီးတော့ အန္ဒိယ ကဗောဓိညောင်ပင် ကို လှူထား တာရှိတယ်။
ပြန်ရောက်တိုင်း သွားပြီးတော့ ကြည့်ဖြစ်တယ်။ ညောင်ရေ သွန်းပွဲတော် နဲ့ကြုံရင်လဲ သွားပြီးတော့ ညောင်ရေ သွန်းဖြစ်တယ်။ ခု ဗောဓိညောင်ပင် လဲ တော်တော်လေးကြီး လာပြီဆိုတော့ ငုံထားတဲ့ ပတ်လည် က အုတ်တွေကို ချဲ့ရဦးမယ်။
နောက်ထပ်စေတီ တစ်ခုကတော့ ရွှေလိပ်ပြာ စေတီ ပါ။ အဲဒီ မှာလဲ ဇာတ်လမ်းလေး ရှိတာပဲ။ အပိုင်း ၁ နဲ့ ၂ မှာ ကျွန်တော် ထဲ့ပြီးတော့ ရေးခဲ့ ဖူးတယ်ထင်ပါတယ်။ မည်သို့ပင်ဖြစ်စေ ဥစ္စာစောင့် တစ်ကယ် ရှိမရှိ ကတော့ ကျွန်တော် လည်း သေသေချာချာ ရှိပါတယ် လို့ မပြောနိုင် သလို၊ မရှိပါ ဘူး လို့လဲ မပြောနိုင် ပါဘူး။ ထူးခြား တာလေးတွေ ကတော့ ရှိနေတာ ပါပဲ။
Credit to – သဘာဝလွန်ဖြစ်ရပ်ဆန်းများ
From...Search Myanmar
No comments:
Post a Comment