*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 6 May 2014

အကျွတ် အလွတ် ပွဲတော်

1545596_871238312891965_3960336869112818306_n

မီးများ ထိန်လင်းနေသည့် နေရာတစ်ခု ၌ ကလေးငယ် များစွာတို့ ဆော့ ကစားနေကြသည်။ ထိုသို့ ကစားနေခြင်း က ကလေး သဘာဝမို့ ထူးဆန်းသည့် ကိစ္စတော့ မဟုတ်။ သို့သော် ထူးခြားနေသည် က ၎င်းတို့ ကစားရာနေရာဖြစ်သည်။ 

ကလေးငယ်များ သည် ဖယောင်းတိုင် မီးများ ထွန်းညှိ ထားသည့် အုတ်ဂူဖြူဖြူ တို့ကြား ပြေးလွှားဆော့ က စားနေကြခြင်း ဖြစ်သည်။

ညက နက်သထက် နက်လာသည်နှင့် အမျှ လူငါးဆယ်ကျော်ခန့် ရှိမည့် လူအုပ်ကြီး က ၎င်းတို့ ၏ အလယ် ရှိ စည်းဝိုင်း သဖွယ်နေရာ ကို ပို၍ အာရုံတိုးစိုက် လာကြသည်။ 

အချို့သော လူအများစုမှာ မူ အနီးအနား တွင် မတ်တတ်ရပ် သူရပ်၊ ဟိုတစ်စု ဒီတစ်စုနှင့် လူအုပ်ကြီး ထံမှ ထွက်လာမည့် အသံကို နားစွင့်နေကြ ဟန်တူသည်။

သတ်မှတ် ထားသည့် အချိန်ကျပြီဖြစ်ကြောင်း ပြောကြားသည့် အသံကို ဇရပ် အတွင်း မှ လော်စပီ ကာ ဖြင့် ပြောသော အခါ ယင်း လူအုပ်ကြီးမှာ ပို၍ လှုပ် လှုပ်ရှားရှားဖြစ်လာကြသည်။ ထို့နောက်တွင်မူ ယင်း စည်းဝိုင်း နားနှင့် ပတ်ဝန်းကျင် တစ်ခုလုံး ဆယ်မိနစ် ခန့် မီးအမှောင် ကျသွားခဲ့သည်။ အဆိုပါ ဆယ်မိနစ် ခန့် အချိန်သည် သင်္ချိုင်းနှင့် အနီးပတ် ဝန်းကျင်ရှိ ဝေ မာနိကပြိတ္တာ၊ မကျွတ် မလွတ်သေးသူ များ အတွက် ရည်စူး ကျင်းပသည့် ”အကျွတ်အလွတ်” ပွဲ၏ အစာ အာဟာရကျွေးမွေး ချိန်ပင် ဖြစ်သည်။

”အကျွတ်အလွတ်ပွဲ” ဟူသည် မကျွတ် မလွတ်သေးသည့် ပုဂ္ဂိုလ် အပါအဝင် ဝေမာနိကပြိတ္တာ များအား ရည်စူးပြုလုပ်ပေးသည့် ပွဲ လည်းဖြစ်သည်။ ထို့ ကြောင့် ယင်းပွဲပြုလုပ်ပြီး ပါက ပြိတ္တာနှင့် မကျွတ် မလွတ်သေး သည့် ပုဂ္ဂိုလ်များ တစ်နေရာတည်း တစ်ထိုင်တည်း ကျွတ်လွတ် သွားကြပါ သလားဟု အငြင်း ပွားဖွယ်ရာ ရှိပါသည်။ 

ထို့အပြင် ထိုသို့သော အကျွတ်အလွတ် ပွဲများ ပြုလုပ်၍ ကျွတ်တန်း ဝင်သွားကြလျှင် တလောကလုံး၌ နာနာ ဘဝ၊ ပြိတ္တာနှင့် သရဲ တစ္ဆေများ လုံးဝ မရှိတော့ သလားဟုလည်း ထပ်မံစောဒက တက်စရာရှိ လာနိုင် ပါသည်။

ထိုသို့သော မေးခွန်းတို့၏ အဖြေကို မြန်မာတစ်နိုင်ငံလုံး တွင် အကျွတ် အလွတ်ပွဲများ အခမဲ့လိုက် လံပြု လုပ်ပေးနေသည့် မန္တလေးအောင်မြေ သာဇံမြို့နယ်မှ ကလျာဏ မိတ္တ လူမှုကူညီရေး အသင်း၏ ဥက္ကဋ္ဌ ဦးခင်မောင်တင့် က အကျွတ်အလွတ်ပွဲ လုပ်သူ၊ လှူဒါန်းသူ နှင့် အလှူခံ ပုဂ္ဂိုလ်ပြိတ္တာများ အကြားရှိရမည့် အချက် အလက်များနှင့် တကွ ဖြေသည်။

အကျွတ် အလွတ်ပွဲပြုလုပ်မည့် သူများ အနေဖြင့် ၎င်းပွဲကို..... 

(၁) မကျွတ် မလွတ်ဖြစ်နေသည့် ပြိတ္တာနှင့် ပုဂ္ဂိုလ်များကို ရည်စူးပြုလုပ် ရမည်ဖြစ် သည်။ 

(၂) ၎င်း ပုဂ္ဂိုလ်များ ကို ပွဲပြုလုပ်သူများ ၏ အသံဖြင့် ဖိတ်ခေါ် ရမည်။ 

(၃) မကျွတ် မလွတ်သေး သူများအား ရည်စူး လှူဒါန်းသည့် လှူဖွယ် ပစ္စည်းများကို လက်ခံ သူမှာ သီလ၊ သမာဓိ၊ သိက္ခာပြည့် စုံသည့် ဆရာတော် များဖြစ်ရမည် စသည့် အချက်များဖြင့် ပြည့်စုံရမည်ဖြစ်သည်။

ထို့အပြင် အမျှအတန်း ရယူကြမည့် ပုဂ္ဂိုလ်များ ဘက်၌လည်း.......
 (၁) အကျွတ် အ လွတ် ပွဲ ရေစက်ချ အမျှ ဝေချိန်တွင် ယင်းနေရာ၌ ရှိနေရမည်။ 

(၂) အမျှအတန်း ရယူမည့် သူ၏ အကုသိုလ် အကြွင်းအကျန် များ ကုန်စင်ရမည်။ 

(၃) ၎င်းတို့ရောက်ရှိကြောင်း အနံ့၊ အသံ တစ် ခုခုဖြင့် ပြသရမည် ဟူ၍ ဖြစ်သည်။

ပဲခူးတိုင်း အတွင်းရှိ နတ်တလင်းမြို့ ၏ ပေါက်ပင် သုသာန်တွင်မူ သင်္ကြန် အပြီးရက်ပိုင်း အတွင်း”အကျွတ် အလွတ်ပွဲ”ကို နှစ်စဉ် ကျင်းပလေ့ရှိသည်။ သာ မန် အချိန်များ တွင် လူစည်ကားရန် မဆိုနှင့် ဖြတ်လမ်း သဖွယ်ဖြစ်၍ တချို့သောသူများသာ ဖြတ်သန်း တတ်ကြသော်လည်း အများစုမှာ သင်္ချိုင်းဖြတ်လမ်း အား ယောင်၍ ပင် အသုံး မပြုကြကြောင်း နယ်ခံများက ဆိုသည်။ သို့သော် အကျွတ်အလွတ်ပွဲ အချိန်တွင် မူ သင်္ချိုင်းမှာ ထိုသို့ မဟုတ်တော့ပေ။

သင်္ချိုင်းသို့ လူကြီးများ သာမက ကလေးငယ်များ ကပါ လာရောက်ကြသည်။ မီးရောင် မရနိုင်သည့် သင်္ချိုင်းနေရာ တချို့၌ ပင် ကလေးငယ်များ သွားလာ လျက်ရှိသည်။ ကလေးငယ် များ၏ မျက်နှာတွင်မူ အကြောက် တရား မတွေ့ရချေ။ ကလေး သဘာဝပြေးလွှား ဆော့ကစားရန် သာ စိတ်အား သန်ဟန်ရှိနေ သည်။

 လူငယ်လူရွယ် များစွာ ကို လည်း သင်္ချိုင်း အတွင်း တွေ့ရပြီး အချို့က ပွဲလုပ်သူများ ကပေးထားသည့် ဖယောင်းတိုင် ငယ်များ ကို ဂူများ အပေါ်တွင် လိုက်လံ ထွန်းညှိပေးနေကြသည်။
အမှန် တကယ်ပင် သင်္ချိုင်းမြေပေါ်တွင် သွားလာ လှုပ်ရှားမှုပြုနေသည့် လူတို့က မနည်းမနော ဖြစ်သည်။ သင်္ချိုင်း အဝင်တွင် ဆိုင်ကယ်၊ စက်ဘီးရပ်ရန် နေရာပင် မရှိ။ မိသားစု လိုက် လမ်းလျှောက် လာကြသူများ လည်း ရှိသည်။ ”အကျွတ်အလွတ်ပွဲ ” ကို ည ၈ နာရီ ၌စမည် ဆိုသော် လည်း တတ်နိုင်သမျှ ညဥ့်နက် ရန် စောင့်ဆိုင်းကြသည်။ 

နတ်တ လင်းမြို့ ပေါက်ပင် သုသာန်မှာ လွန်ခဲ့သောနှစ်များ က ယခု ကဲ့သို့ သပ်သပ်ရပ် ရပ် မရှိ။ ချုံ တောကြီး သာသာဖြစ်နေသည် ဟု သုဗြဟ္မစာရီ အဖွဲ့ တွင် နှစ်ပေါင်းနှစ် ဆယ်ကျော် ခန့် လုပ် ကိုင်နေသည့် အဘိုးဦးတင့်က ဆိုသည်။

အဆိုပါ ချုံတောကြီး အား ရှင်းလင်း၍ ယခုကဲ့ သို့ သပ်သပ် ရပ်ရပ်ဖြစ်စေရန် အုတ်မြေတွင်း ဆရာတော် ဘန္ဒန္တဝိသုတ (အဂ္ဂမဟာပဏ္ဍိတ) ဘန္ဒန္တသုမန အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတက ကြီးမှူးဆောင်ရွက် ခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။ 

လူတို့ မဖြစ်မနေ သေရမည်ဖြစ်သော်လည်း သေဆုံးသူ များ အားမြှုပ်နှံ သင်္ဂြိုဟ်ပေး မည့် နေရာ အား ဖြစ် က တတ်ဆန်း မဖြစ်စေလို ခဲ့သည်က ဆရာတော်ကြီး ၏ စိတ်ကူးဖြစ်ပြီး ယင်းအတွက် စတင် ရှင်းလင်း ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အကျွတ် အလွတ်ပွဲမှာလည်း သင်္ချိုင်းမြေ သန့် ရှင်းသပ်ရပ် လာစေရန် ပြုလုပ်သည့် တစ်ခုသော အစဉ် အလာ လည်းဖြစ်သည်ဟု ဦးတင်က ဆိုသည်။ ”ဆရာတော်က သင်္ချိုင်းမြေကြီး မလာကောင်းဘူး ဆိုတဲ့ အရာမျိုး မဖြစ်စေချင်ဘူး။ ဒါကြောင့် အကျွတ် အလွတ်ပွဲလုပ်ရင် အနည်းဆုံး ဒီသင်္ချိုင်း မှာဆွေမျိုးတွေ သေ ဖူးတဲ့ သူတော့ လာမယ်။ လူ လာ များရင် သင်္ချိုင်းက အရင်တုန်း ကလို ချုံတောကြီး မဖြစ်တော့ဘူးဆိုပြီး လုပ်ခဲ့တာလည်း ပါတယ်”

”အကျွတ်အလွတ်ပွဲ”သည် ကြောက်လန့်စရာ မသွားအပ်သည့်နေရာ တစ်ခု အဖြစ် သတ်မှတ် ထား သည့် သင်္ချိုင်းမြေ အား ပွဲလမ်း သဘင်တစ်ခု သဖွယ် စည်ကားစေသော် လည်း လွယ်ကူ လှသည်တော့ မဟုတ် ဟု ယင်းပွဲများ ဦးဆောင်ပြုလုပ်သူ ဦးခင်မောင်တင့် က ဆိုသည်။ ”လူတွေကြောက်တဲ့ သင်္ချိုင်းကို မီးတွေ ထိန်လင်း ပြီး လှနေအောင် တန်ဆာဆင်ရတယ်” ဟူ၍ဖြစ်သည်။ 

လက်ရှိတွင်မူ အကျွတ်အလွတ်ပွဲ ၏ မြင်တွေ့ရသည့် အကျိုးကျေးဇူး မှာ သုသာန်အား ကောင်းမွန် သော ဇရပ်၊ သန့်ရှင်းသော သင်္ဂြိုဟ် စက်နှင့်ဖြစ်နေစေပြီဖြစ်သည်။

သင်္ချိုင်း အဝင်လမ်းမှ အစ မြေမြှုပ် သင်္ဂြိုဟ် ရာနေရာ အဆုံး ချုံပင်မြက်ပင် များ ဖုံးအုပ်မနေတော့။ ဆရာတော်ကြီး ပျံလွန်တော် မမူခင် မြို့အ တွက်ပြု လုပ် ပေးသွား သည့် အကြီးမား ဆုံးကျေးဇူး တရားဖြစ်သည် ဟု သုဗြဟ္မစာရီ အဖွဲ့တစ်ဖွဲ့လုံးက ဆိုသည်။

အဘိုးဦးတင် က သင်္ဂြိုဟ်စက် ထားရာ နေရာသို့ သွားကာ သင်္ဂြိုဟ်စက် တံခါးကို ဖွင့်လိုက်ရင်း ”လူ ရယ် လို့ဖြစ်လာ ရင် သုသာန် ဆိုတာနဲ့ မကင်းပါဘူးဗျာ” ဟု ဆိုလေသည်။ အကျွတ် အလွတ်ပွဲ အပေါ် ယုံကြည် မှု ရှိ၊ မရှိဟူ သည် ပြုလုပ်သူ ၏ စိတ်သဘောထားပေါ် ၌သာ သက် ရောက်မည်ဖြစ်သည်။

သို့သော်လည်း ယင်း ဆုတောင်း ပွဲများကြောင့် ယခင်က အနိဋ္ဌာရုံ ဟု သတ်မှတ် ခံထား ရသည့် သင်္ချိုင်းမြေ များမှာ လူသွားလူလာ ရှိလာ သည့် နေရာများဖြစ်လာ သည်။ သင်္ချိုင်းမြေပေါ်တွင် ချော်မ လဲစေ ရန် သတိပေးကြ သည့် လူအများက သားသမီးများ သင်္ချိုင်းမြေ အတွင်း ပြေးလွှားဆော့ ကစားနေ ကြ သည့် အပေါ်ပိတ်ပင် မှုလျော့နည်းစပြု လာသည်။ 

”သေ သောသူသည် သုသာန်သို့သွား သည်”ဟု ဆိုသော်လည်း မသေခင် ကပင် သုသာန်သို့ သွားရဲ လာရဲဖြစ်လာကြ သည်က မျက်မြင် ဒိဋ္ဌ အကျိုးများဖြစ်သည် ဟု အကျွတ် အလွတ်ပွဲပြုလုပ် သူတို့က ဆိုကြသည်။

သုဗြဟ္မစာရီ အဖွဲ့မှ အဘိုးဦးတင်ကမူ ”ယုံတာ မယုံတာ သူတို့ အလုပ်ပေါ့ဗျာ။ ပြိတ္တာတွေ အတွက် အကျွတ် အလွတ်ပွဲ အာဟာရကျွေး လို့ သူတို့ မစားခဲ့ဘူး ဆိုရင်တောင် ပိုး မွှား တိရစ္ဆာန်တွေ စားသွား လည်း ကုသိုလ် ရပါတယ်”ဟု ဆိုသည်။ အသက် ၁၉ နှစ်ခန့် ရှိ မောင်ဖြိုးမင်းထက် က အကျွတ်အလွတ်ပွဲ ကို လာရောက်ခြင်း က ယခုနှစ်နှင့် ဆို လျှင် နှစ်နှစ်သာ ရှိသေးသည်ဟု ဆိုသည်။

”ယုံလို့ရယ်တော့ မဟုတ်ပေမယ့် မနှစ်ကစ လာကြည့်ဖြစ်တယ်။ အဲလူတွေလိုပဲ ရှေ့ဆုံးနေရာနားမှာ တိုးကြည့်တာလေ”ဟု စည်းဝိုင်း နံဘေးနေရာကို လက် ညှိုးထိုးပြသည်။
သူက တစ္ဆေသရဲ များကိုယ်ထင်ပြကာ လာရောက်စားသောက်ကြမည်ဟု ထင်၍ လာကြည့် ခြင်းဟုလည်း ဆိုသည်။ သို့သော် သူထင် ထားသလို မဖြစ်ခဲ့။

”ကျွေးတာ အမဲသား ဟင်းနဲ့ တစ်ပုံ၊ သက်သတ်လွတ် ကတစ်ပုံ။ သက်သတ်လွတ် ထမင်းပုံက အသား ဟင်း ထမင်းပုံထက် ပိုလျော့နေ တာ တွေ့ရတယ်။ ဘာ ကြောင့်မှန်းတော့မသိဘူး” ဟု သူတွေ့ကြုံခဲ့ရပုံ ကို ဆိုသည်။ ထို့ ကြောင့် ပင် ယခုနှစ် လည်း လာရောက် ကြည့်ရှုခြင်းဖြစ်သည် ဟုပြော သည်။ 

မယုံကြည်မှု ဆို ခြင်းထက် သိလို စိတ်သာ များလာခဲ့ သည်ဟုသိရသည်။ အကျွတ်အလွတ် ပွဲများအား တစ်နိုင်ငံလုံး လိုက်လံပြုလုပ်နေ သည့် ဦးခင်မောင်တင့် က ရှမ်းပြည်နယ် နောင်ချိုမြို့ အကျွတ်အလွတ် ပွဲသို့ သီပေါမြို့ မှ မကျွတ် မလွတ်သေး သူများ တက်လာကြသော်လည်း အစားအစာများ စားခွင့် မရ ခဲ့ကြောင်း၊ အမျှ အတန်းယူခွင့် မရခဲ့ကြောင်း သီပေါ ရှိ ၎င်းတို့ ၏ ဆွေမျိုးမိတ် သင်္ဂဟများထံ အိပ် မက်ပေး ခဲ့ သည်ကို ကြုံခဲ့ဖူးကြောင်း ဆိုသည်။ 

”နောင်ချိုမှာ လှူတဲ့ အထဲမှာသီပေါက လူတွေ မပါဘူးလေ။ ဆွေမျိုးသားချင်းတွေ ပါမှ ရေစက်ချ အမျှဝေပေး ရင်ရတာ”ဟု ဦးခင်မောင် တင့်က ၂ဝဝ၆ ခုနှစ်တုန်းက ဖြစ်ပျက်ခဲ့သည့် ထူးခြားဖြစ်စဉ် တစ်ခု ကို ပြန်ပြောင်းပြောသည်။
”တချို့ကအရမ်း သနားဖို့ကောင်းတယ်။ မိသားစု ကလည်း သေပြီးပြီးရော အလှူ အတန်းလုပ် မပေး ကြတော့ ဘူး။ အဲဒီလို ပုဂ္ဂိုလ်တွေ အတွက် အကျွတ်အ လွတ်ပွဲ က ကောက် ရိုးတစ်မျှင်ပဲ” ၎င်းက အကျွတ် အလွတ်ပွဲပြုလုပ်သူ ဦးခင်မောင်တင့် ၏ ရည်ရွယ်ချက် တစ်ခုလည်းဖြစ်သည်။

ထို့ ကြောင့် ၎င်းတို့အနေနှင့် ပျံလွန်တော်မူ သွားပြီဖြစ် သည့် မင်းကွန်း ဆရာတော်ကြီး အပါအဝင် ရွှေကျင် ဆရာတော်၊ ဗြဟ္မစိုရ်ကျောင်း ဆရာတော် တို့၏ အဆုံး အမသြဝါဒ တရားများကို ခံယူ၍ အကျွတ်အလွတ်ပွဲ များ ဆက် လက်ပြု လုပ်နေဆဲဖြစ်သည်ဟုသိရသည်။

ထို့ပြင် သူ့ထံတွင် ရည်ရွယ်ချက် တစ်ခုလည်း ရှိနေသေးသည် ဟုဆိုပြန်သည်။ ယင်းက အကျွတ်အ လွတ် ပွဲ  ကို တစ်ဦးတည်း အလှူရှင်ဖြင့် လက်ခံကျင်းပမှု မပြုခြင်း ပင်ဖြစ် သည်။ အကျွတ်အလွတ် ပွဲဟူ သည် နိုင်ငံ အတွင်း ရှိ မကျွတ်မလွတ်သေးသော ပုဂ္ဂိုလ် အပေါင်းကို စုစည်း ကုသိုလ်ပေးခြင်းဖြစ်ရာ မိသားစု တစ်စုတည်း ၏ သီးခြား အလှူ အတန်း မဖြစ်လိုဟုလည်း ဆိုသည်။ 

သို့သော် ယင်းပွဲ အပေါ်ယုံကြည်မှု ရှိလာရန် မတိုက်တွန်း လိုကြောင်းလည်း ထပ်လောင်းဆိုသည်။
မြန်မာနိုင်ငံ၌ သာမက ကမ္ဘာပေါ်ရှိ ရိုမန်ကက်သလစ် ဘာသာ ကိုးကွယ်ကြ သည့်နိုင်ငံများ တွင် လည်း သေ ဆုံးပြီးသူများ အတွက် ဆုတောင်းပွဲ ကို နှစ်စဉ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျင်းပကြသည်။ ၎င်းဆုတောင်းပွဲနေ့ ကို ” All Soul’s Day ” ဟု သတ်မှတ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျင်းပလေ့ရှိ သည်။ 

”All Saints’ Day ‘နှင့် ဆက်စပ် ကျင်းပခြင်းဖြစ်သည် ဟုလည်းသိရသည်။ သရဲ ပွဲတော် ည” Hollowe’en Day ‘ကို မူ အောက်တိုဘာ ၃၁ ရက်နေ့ ညတွင် ကျင်းပမြဲဖြစ်သည်။ ဝိညာဉ်များ အတွက် ဆုတောင်းပွဲ ကို သေလွန်ပြီး အခြား တစ်ဖက်၌ ရှိနေသူများအတွက် ရည်စူးပြု လုပ်ခြင်းဖြစ်ကာ သင်္ချိုင်းများတွင် မီးထွန်းခြင်း၊ ဆွေမျိုးနှင့် ချစ်ခင် ရသူများ အတွက် ပန်းစည်း များချကာ ဘာသာရေး အရ ဆုတောင်းပေးကြ ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ အကျွတ်အလွတ်ပွဲ သည် ယုံကြည်သူတို့ အတွက်မူ မကျွတ် မလွတ် သူများက အစားများ လာရောက် စားသောက်သည် ဟု ဆိုကြသော် လည်း မယုံကြည်သူများ အတွက်မူ ”ဘာမှလည်း မဟုတ် ပါဘူး ကွာ”ဟု ဆိုကာ လှည့်ထွက် သွားကြသည်။

 မည်သို့ပင် ဆိုစေ ယုံကြည်သူနှင့် မယုံကြည် သူများ ရော ပြွမ်းနေခြင်း ကပင် အကျွတ် အလွတ်ပွဲ ၏ ညအချိန်ကို စည်ကားနေစေခဲ့သည်။

”လာကြည့်တဲ့ လူတွေကတော့ အမျှပေးဝေမယ့် နေ့ထက် ဒီလို အစာကျွေးမယ် ဆိုတဲ့ည မှာ ပိုများတာပဲ” ဟု သုဗြဟ္မစာရီ အဖွဲ့၏ တာဝန်ခံ တစ်ဦးက ပြောသည်။ အစာ အာ ဟာရ ကျွေးမွေးပွဲည ပြီးဆုံးသွားသော် လည်း အကျွတ်အလွတ် ပွဲလုပ်သူများ အနေနှင့်တော့ အလုပ် မပြီးသေးချေ။ သိမ်းဆည်း စရာများ၊ လှည်း ကျင်း စရာများ ကို ဝေ ယျာဝစ္စအဖွဲ့ မှ ပြုလုပ်ပြီး သည် နှင့် နောက်နေ့ မနက်တွင် ဝေမာနိကပြိတ္တာနှင့် မကျွတ်မလွတ် သူများ အတွက် အမျှအတန်းပေးဝေ ရမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ထပ်မံ ဖိတ်ကြား ရဦး မည်ဟုလည်း သိရသည်။

သင်္ချိုင်း ကို ပွဲလမ်းသဘင်နေရာ တစ်ခုအဖြစ် စည်ကားစေသော အကျွတ် အလွတ်ပွဲ ၏ ရည်ရွယ်ချက် သည် မမြင်ရသော အကျိုးရလဒ် အပြင် မြင်သာထင်သာ သည့် ရည်မှန်း ချက်တစ်ခုလည်း ပါသေး သည် ဟု ဦးခင်မောင်တင့်က ဆိုသည်။ ယင်းမှာ …. ”ကျွန်တော် ဘာလို့ ဒီအလုပ်ကို စွဲမြဲ လုပ်နေလဲသိလား။ လူတွေရဲ့အယူသီးမှုတွေ ကို တိုက် ဖျက်ချင် တယ်”ဟူ၍ဖြစ်သည်။

သုတလင်း
Popular Myanmar

From...Search Myanmar
 

No comments:

Post a Comment