*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 1 March 2014

နောက်ကွယ် မှ အဆီအနှစ် စုပ်သူများ


မြန်မာနိုင်ငံတွင် ပထမဆုံးသော ဒေါ်လာ သန်းကြွယ်သူဌေးဟု ကိုယ်တိုင်ထုတ်ဖော်ပြောခဲ့သော ၊ နိုင်ငံ တွင်း အချမ်း သာဆုံးဆယ်ဦးတွင် ပါဝင်သည်ဟု သတ်မှတ်ခံထား ရသည့် သူဌေးကြီးဦးတေဇ က နိုင်ငံတော်သမ္မတ အား ဖေဖော်ဝါရီ ၂၂ ရက်က စီးပွားရေးနှင့်ပတ်သက်သော အရေးကြီး ကိစ္စ တစ်ရပ် တင်ပြခဲ့သည်။


“တရုတ်ပြည် ကလည်း ၀င်လုပ်နေ ပါတယ်။ စိစစ်ပေးစေချင်ပါတယ်”ဟု ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံ အတွင်း နိုင်ငံတော် သမ္မတနှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံ ပွဲတွင် ဦးတေဇက ကျောက်မျက် လုပ်ငန်းများ တွင် မြန်မာနိုင်ငံသား အမည်ခံပြီး လုပ်ငန်းဆောင်ရွက်နေသော နိုင်ငံခြားသားများကို စီမံကြီးကြပ်ပေးရန် အကြံပြုခဲ့သည်။

အမည်ခံ လုပ်ကိုင်နေသူများမှာ လုပ်ငန်းကြီးမားသော ကျောက်မျက် လုပ်ငန်းတစ်ခုတည်း တွင် မဟုတ်ပေ။ အကျိုးအမြတ်ရရှိသော ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်း၊ ရေထွက်ကုန်လုပ်ငန်း၊ အိမ်ခြံမြေရောင်းဝယ်ရေး၊ စိုက်ပျိုးရေးလုပ်ငန်း စသည့်ကဏ္ဍမျိုးစုံတွင် ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ ၀င်ရောက်လုပ်ကိုင်နေကြောင်း စုံစမ်းသိရှိရသည်။

အမည်ခံ လုပ်ကိုင်နေသော နိုင်ငံခြားသားများတွင် တရုတ်နိုင်ငံသား များသာမက ထိုင်း၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန်နှင့် အနောက်နိုင်ငံသားများပါဝင်သည်။
 
ရာဂဏန်းမျှသာရှိသော ကမ္ဘာ့လှည့် ခရီးသွားများ ကုမ္ပဏီတွင် မြန်မာနိုင်ငံသား အမည်ခံပြီး ဖွင့်လှစ် ထားသော ကုမ္ပဏီ ၂၀ ကျော် ခန့်ရှိကြောင်း ခရီးသွား လုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။ “အထည်ချုပ် အသင်းဝင်တွေထဲ မှာတောင် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက် ကျန်သေး တယ်”ဟု အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးကပြောသည်။

ထို့ကဲ့သို့ မြန်မာနိုင်ငံသားများ အမည်ခံ၍ လုပ်ကိုင်နေကြခြင်းမှာ ယခင် တပ်မတော်အစိုးရ လက်ထက် ကတည်း ကပင် ရှိနေခြင်းဖြစ်ပြီး ယခုနောက်ပိုင်း လုပ်ငန်းများ ပိုမိုကောင်းမွန် လာသဖြင့် လုပ်ကိုင်သူ များ ပိုမိုများပြားလာခြင်းဖြစ်သည်။

 “ဒီလိုဖြစ်တာ က အရင် အစိုးရလက်ထက်က စက်ရုံငှား၊ မြေငှားရင် နိုင်ငံခြား သားကို အစိုးရဆီကပဲ ခွင့်ပြုတယ်။ ပုဂ္ဂလိက ဆီကငှားရင် တစ်နှစ်ပဲခွင့်ပြုတယ်”ဟု လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကရှင်းပြသည်။

ထို့အပြင် အစိုးရငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ခြောက်ကျပ်သာ သတ်မှတ်ထားသဖြင့် နိုင်ငံခြားသား များမှာ မြန်မာနိုင်ငံသားများအား ကုမ္ပဏီများတွင် အမည်ခံခိုင်းခြင်းဖြစ်သည်။

 သို့သော် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် နိုင်ငံခြားသားများ အား သာသနာပိုင်မြေ ၊  နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး အတွက် ကန့်သတ်ထားသည့်မြေ၊ အမှုအခင်းဖြစ်ပွားလျက် ရှိသော ရင်းနှီးမြှုပ်နှံသူ၏ စီးပွားရေးလုပ်ငန်းကြောင့် မြို့ပြလူနေထိုင်မှုတွင် ပတ်ဝန်းကျင်ကို ထိခိုက်စေသော အရပ်ဒေသများတွင်ရှိသော မြေများမှ လွဲ၍ ကျန်မြေယာများ ငှားရမ်းခွင့်ပေးခဲ့သည်။ 

ကျန်မြေများကို နှစ် ၃၀ နှင့် ထပ်တိုး ၁၅ နှစ်စီ နှစ်ကြိမ် စုစုပေါင်း နှစ် ၆၀ ငှားရမ်းခွင့်ပြုပေးခဲ့သည်။
အလားတူ ငွေလဲနှုန်းကိုလည်း တစ်ဒေါ်လာလျှင် ခြောက်ကျပ်အစား ၂၀၁၂ ခုနှစ်မှစတင် ၍ ဈေးကွက်ပေါက်ဈေးနှင့် အနီးစပ်ဆုံးနှုန်းရှင်ဖြင့် နေ့စဉ်သတ်မှတ်ပေးခဲ့သည်။

ထို့ကဲ့သို့ နိုင်ငံခြားသားများ လုပ်ကိုင်နိုင်စေရန် လုပ်ထုံးလုပ်နည်းများ ပြောင်းလဲပေးလိုက်သော်လည်း နာမည်ခံ လုပ်ကိုင်နေသူများမှာ လျော့မသွားပဲ ပိုမိုတိုးပွားလာလျက်ရှိသည်။
ထိုသို့ များပြားနေခြင်း မှာ ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံခြားသားအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာတွင် တစ်ရာရာ ခိုင်နှုန်း ခွင့်မပြုခြင်းကြောင့် မြန်မာနိုင်ငံသား အမည်ခံခိုင်းမှုများ ဆက်လက် ရှိနေခြင်းဖြစ်ကြောင်း  လုပ်ငန်းရှင်အချို့ကဆိုသည်။

 “အမည်ခံ လုပ်ပေးတဲ့ လူအများစုက အမျိုးသမီးတွေ များတယ်။ Living Together (လက်မထပ်ဘဲ အတူနေခြင်း) နေတယ်။ ရုံးအလုပ်လေး၊ ဘာလေး ကူလုပ်ပေးရတယ်။ လစာပေးထားတယ်။ အကျိုးအမြတ်တော့ ခွဲမပေးဘူး”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကဆိုသည်။ ထိုကဲ့သို့ အမည်ခံပြီး လုပ်ကိုင်ပေးသော မြန်မာနိုင်ငံသားများ အနေဖြင့် ဥပဒေကြောင်းအရ အရေးယူမှုခံရနိုင်သည်။

ဦးသိန်းစိန်လက်ထက်တွင် ပြန်လည်ရေးဆွဲသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေတွင် နိုင်ငံခြားသားများ အား ၈၀ ရာခိုင်နှုန်း သာ အများဆုံးခွင့်ပြုထားသည်။

“အခွန်ရှောင်မယ်။ စိတ်ကြိုက် အလုပ်လုပ်မယ်။ အစိုးရကန့်သတ် ချက်ကျော်ပြီး လုပ်ချင်တာပေါ့။ ဘာ Responsibility (တာဝန်ယူမှု) မှမယူချင်ပဲ အခြေအနေ မကောင်းရင် ဆုတ်ပြန်လို့ လွယ်အောင်ပေါ့ ။ မြန်မာနိုင်ငံသား ကို အမည်ခံခိုင်းတာ”ဟု Nature Dream ခရီးသွားကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက် တာ ဒေါ်စပယ်အောင် က နိုင်ငံသား အမည်ခံ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ သူ၏အမြင်ကိုပြော သည်။

ကျောက်မျက်လုပ်ငန်း အပါအ၀င် ရင်းနှီးမြှုပ်နှံမှုကြီးသော လုပ်ငန်းများတွင် လုပ်ထုံးလုပ်နည်း အားနည်း မှုတို့ကြောင့် အခွန်ရှောင်ရန်နှင့် ငွေမည်းများ ကို ငွေဖြူလုပ်နိုင်ရန် အတွက် မြန်မာနိုင်ငံသား များအား အမည်ခံလုပ်ခိုင်းရခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးကဆိုသည်။

“ဖက်စပ် လုပ်တာလည်း သူတို့လှည့်ချင်တိုင်း လှည့်လို့ရတဲ့ မြန်မာလူမျိုး ကို အမည်ခံ သက်သက်နဲ့ လုပ်တာ များတယ်။ ဒါအန္တရာယ်ရှိတယ်”ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးအေးကျော် ကထောက်ပြသည်။

ထို့အပြင် နိုင်ငံသားများ အမည်ခံ ဖွင့်လှစ်ထားသည့် ကုမ္ပဏီအချို့သည် တိုင်းပြည်ပုံရိပ်ကျဆင်းစေ သည့် လုပ်ငန်းများကိုပင် လုပ်ကိုင်မှုများ ရှိလာကြောင်း သတင်းရရှိသည်။ ခရီးသွားလုပ်ငန်းတွင် အမည် ခံလုပ်ကိုင်ထားသော ခရီးသွားကုမ္ပဏီအချို့မှာ Night Tour များ လုပ်ဆောင်နေကြကြောင်း ခရီးသွားလုပ်ငန်းရှင်အချို့က ထောက်ပြပြောဆိုသည်။

အလားတူ အိမ်ခြံမြေလုပ်ငန်းတွင် လည်း မြန်မာနိုင်ငံသား အမည်ခံ နိုင်ငံခြားသား လုပ်ကိုင်မှုများစွာ ရှိသည်။ ဥပမာ ဂျပန်နိုင်ငံသား တစ်ဦးက မြန်မာတိုင်းရင်းသူနှင့်ပေါင်းဖက်ကာ ထိုအမျိုးသမီး အမည်ဖြင့် မြေများ လိုက်လံဝယ်ယူရင်းနှီးမြှုပ်နှံသည်။ ထိုသို့ ၀ယ်ယူထားပြီး နောက်ဆက် တွဲပြဿနာ များဖြစ်ပွား၍ စ,သုံးလုံး ကစစ်ဆေးစဉ် အမျိုးသမီးငယ်က တိုက်ပေါ်မှခုန်ချ၍ မိမိကိုယ် မိမိသတ်သေ သည့် ဖြစ်ရပ်မျိုးဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် ယခုလောလောဆယ် မှာပင် သီလ၀ါ ဆိပ်ကမ်းအနီး မြေကွက်ဝယ်ယူရာ တွင် အမည်ခံ ခိုင်းထားသော မြန်မာနိုင်ငံသား ထွက်ပြေးသဖြင့် ပိုင်ရှင် ဂျပန်နိုင်ငံသားက ဖေဖော်ဝါရီ ၂၃ ရက်တွင် သက်ဆိုင်ရာသို့ တိုင်ကြား အမှုဖွင့်ထားသည်။

ထိုသို့ နိုင်ငံသား အမည်ခံ ရင်းနှီးမြှုပ်နှံသူများကို “လိမ်လည်မှု၊ စာချုပ် စာတမ်းဖောက်ဖျက်မှု၊ ဌာန ဆိုင်ရာကို မမှန်မကန် လုပ်မှု၊ ငွေကြေးခ၀ါချမှု၊ အဂတိလိုက်စားမှုတို့နဲ့ အရေးယူလို့ ရတယ်”ဟု မည်သို့ အရေးယူနိုင်ကြောင်း Internatioal Law Firm မှ ရှေ့နေဦးသန်းမောင်က အောက်ပါ အတိုင်းပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အပါအ၀င် ကုမ္ပဏီများ မှတ်ပုံတင်ထုတ်ပေးသည့် ဌာနတို့က အရေးယူဆောင်ရွက်နိုင်ပြီး အရေးယူမှုများ လည်းရှိသည်။ သို့သော် ထိုအခြေအနေကို အမည်ခံပြီး လုပ်ကိုင်ပေးနေသူအများစုက မသိရှိကြပေ။

ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့တက်လာပြီးနောက် နာမည်ခံ လုပ်ငန်းများအား ပိုင်ရှင်မှန် အမည်ပြောင်းရန် တရားဝင်ဖိတ်ခေါ်ခဲ့ သဖြင့် လုပ်ငန်းအချို့မှာ အမည်ပြောင်းလဲ လုပ်ကိုင်မှုများ ရှိခဲ့သည်။ သို့သော် လုပ်ထုံးလုပ်နည်း များ အားနည်းနေ မှုနှင့် ၀န်ကြီးအချို့၏ လာဘ်ပေးလာဘ်ယူမှု များရှိနေသဖြင့် အမည်ခံ လုပ်ငန်းများမှာ လျော့ မသွားပဲ ဆက်လက် တိုးပွားနေခြင်းဖြစ်သည်။

“နိုင်ငံခြားသားပဲဖြစ်ဖြစ်၊ ပြည်တွင်းလုပ်ငန်းရှင် ပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမှုမှာ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဖို့လို့တယ်”ဟု နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး ဒေါက်တာအောင်ထွန်းသက် ကအကြံပြု သည်။

ထို့အပြင် သက်ဆိုင်ရာ အသင်းအဖွဲ့များအနေဖြင့်လည်း အမည်ခံ လုပ်ကိုင်နေသူများကို သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ သတင်းပေး တိုင်ကြားမှုများ လုပ်ရန်လိုကြောင်း ပြည်တွင်းလုပ်ငန်းရှင် အချို့က ဆို သည်။

အမည်ခံ ရင်းနှီးမြှုနှံမှုများပြု လုပ်ခြင်းကြောင့် နိုင်ငံတော် အတွက် ရရှိမည့် အခွန်ငွေများ ဆုံးရှုံးခြင်း၊ အဆိုပါ လုပ်ငန်း၌ လုပ်ကိုင်နေသော အလုပ်သမား၊ ၀န်ထမ်းများ အခွင့်အရေးရပိုင်မှု ဆုံးရှုံးခြင်း၊ လုပ်ငန်း တူ နိုင်ငံသား လုပ်ငန်းရှင်များ အတွက်လည်း တရား မ၀င်နောက်ကွယ်မှ ရင်းနှီးမြှုပ်နှံသူ များကြောင့် ငွေကြေး အင်အားမယှဉ်နိုင်ဘဲ အခွင့်အလမ်းများ ဆုံးရှုံးခြင်း၊ ထို့အပြင် တိုင်းပြည်၏ တရား ၀င် စီးပွားရေးဖွံ့ဖြိုးမှုကို ပါ အတားအဆီး များဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် များက ပြော ကြား သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အရ နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံမှုပြုလုပ် ပါက အခွန်အခများ စနစ် တကျပေးဆောင်နေသည့် အပြင် လူမှု ဘ၀တာဝန်ယူမှု၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ မဖြစ်စေရေး စသည့် သတ်မှတ်ချက် များ ပါဝင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌဦးနှင်းဦးကပြောသည်။

နိုင်ငံခြားသားများ က မြန်မာနိုင်ငံသားများ အား အမည်ခံ လုပ်ကိုင်စေမှုကြောင့် မြန်မာနိုင်ငံတွင် နစ်နာ မှုများ များစွာရှိသည်။ ထိုအခြေ အနေနှင့်ပတ်သက်၍ ဦးတေဇ က ယခုလို မှတ်ချက်ပြုပြောကြားခဲ့ သည်။

ကျောက်စိမ်း အဓိကထွက်သော ဖားကန့်နှင့် မြစ်ကြီးနား မှာ အခုချိန်ထိ မတိုး တက်သော်လည်း တရုတ်နိုင်ငံ ကွမ်ဂျိုး ခရိုင်အတွင်းရှိ မြို့သုံးမြို့ မှာ ဖွံ့ဖြိုးတိုးတက် သွားပြီဟူ၍ဖြစ်သည်။


ရေးသားသူ- အောင်သူရ၊ ပြည်သိမ်း
7Day News Journal

ဓာတ်ပုံ- ကျော်ဇင်သန်း

From...Search Myanmar
 

No comments:

Post a Comment