မြန်မာတို့ပြောကြတဲ့ “သင်္ကြန်”ဆိုတာ “သင်္ကန္တပုဒ်”မှဖြစ်ပေါ်လာတာ ပါ။ “သင်္ကန္တ”ဆိုတာ “ပြောင်းခြင်း”လို့
အဓိပ္ပာယ် ရတယ်။
ဒီကနေ့လူသားအများစုကတစ်နှစ်မှ တစ်နှစ်သို့ (နှစ်ဟောင်းမှနှစ်သစ်သို့) ပြောင်းတာကို သင်္ကြန်(သင်္ကန္တ) လို့ အဓိပ္ပာယ် ယူကြ တယ်။
သင်္ကြန်ရဲ့အဓိပ္ပာယ်ကို အဲဒီလောက်ပဲ ဖွင့်ဆို ယူဆတာ မလုံလောက်ဘူး။ ဒီသင်္ကန္တ ပုဒ်ထဲ မှာ လောကဓမ္မ္မနှစ်ဌာန ရှုထောင့်ကကြည့်လျှင် မွန်မြတ်တဲ့ အဓိပ္ပာယ်တွေ အများရရှိနိုင်ပါတယ်။
♦ဥပမာ “လောဘ”ဆိုတာ တရားသဖြင့်ရော၊ မတရား သဖြင့်ပါ ရချင်ယူချင်တဲ့စိတ်ဖြစ်တယ်။ အဲဒါကို “အလောဘ”သို့ပြောင်းလိုက်လျှင် “ပေးကမ်းခြင်း၊ဝေငှခြင်း၊ ထောက်ပံ့ခြင်း”ဆိုတဲ့ အကောင်း တရားတွေ ထွန်းကားလာမှာပေါ့။
♦“ဒေါသ”ဆိုတာ “သတ်ဖြတ်နှိပ်စက်တဲ့စိတ်ဓာတ်”ဖြစ်တယ်။ အဲဒီ စိတ်ကို “မေတ္တာ”သို့ပြောင်း ရမှာဖြစ်တယ်။
♦“မောဟ”ဆိုတာ ကတော့ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်ကို မသိတတ်တဲ့
မိုက်မဲတွေဝေမှု (Delusion) ဖြစ်တယ်။ အဲဒီ(Delusion) တွေက အ၀ိဇ္ဇာပဲ။
အ၀ိဇ္ဇာ လွှမ်း တဲ့ ကမ္ဘာဟာ “အကန်းကမ္ဘာ”ပေါ့။ မြတ်ဗုဒ္ဓက “သစ္စာကို မသိတဲ့ကမ္ဘာ”ဟာ
“အကန်း ကမ္ဘာ”လို့မိန့်တယ်။
အဲဒါကြောင့် “အ၀ိဇ္ဇာ”ကို “၀ိဇ္ဇာ”သို့ပြောင်းရမယ်။ အဲဒီပြောင်းခြင်း ဟာ အကောင်းဆုံးသော၊
အမွန်မြတ် ဆုံးသောပြောင်းခြင်း မို့လို့ “ မွန်မြတ်တဲ့ သင်္ကြန် အစစ်”ဖြစ်တယ်။
ရေလောင်းတာ က အရေပြားပေါ်က အညစ် အကြေးတောင် အကုန် မစင်ဘူး။ တိတ္ထိ၊ ပရဗိုဇ်တွေ ဂင်္ဂါနဲ့ ယမုန်နာ မှာ ရေစိမ်ကြတယ်။ ရေချိုးကြတယ်။ ကိလေသာကို ရေဆေးတယ် လို့ပြောကြတယ်။
“ဘာ ကိလေသာ” အညစ်အကြေးမှ စင်ကြယ် သွားတယ်လို့ မရှိကြပါဘူး။
အဲဒါကြောင့် သင်္ကန္တ ဆိုတဲ့ ဒီ စကားအရ အမြတ်ဆုံး သောပြောင်းလဲခြင်းဖြစ်အောင်
လောဘ ကို ဒါန သံဝိဘာဂသို့လည်းကောင်း၊ ဒေါသကို မေတ္တာသို့လည်းကောင်း၊ အ၀ိဇ္ဇာကို ၀ိဇ္ဇာသို့လည်းကောင်း ပြောင်းနိုင်အောင်ပြောင်းကြပါ။
အဲဒါ “တကယ့် သင်္ကြန်”အစစ်ပဲ။ သင်္ခတ ရုပ်၊ နာမ် အားလုံးတို့ဟာ ခဏတိုင်း ပြောင်းလဲနေကြတယ်။
တစ်နှစ်မှ တစ်ခါ ပြောင်းတာ မဟုတ်ဘူး။
အဲဒီ သင်္ကန္တတရား တို့၏ ခဏတိုင်းပြောင်းနေတာ ကို မြင်အောင် ကြည့်နိုင်ကြလျှင် လူသားတွေဘဝ
ဒုက္ခမှ “သုခအစစ်”သို့၊ သန္ထိနှင့် ၀ိမုတ္တိသို့ ပြောင်းလဲ ရောက်ရှိနိုင်ကြမှာဖြစ်ပါတယ်။ လူသားအားလုံး ပြုပြင်နိုင်ကြပါစေကုန်သတည်း၊ ပြောင်းလဲ နိုင်ကြပါစေ ကုန်သတည်း။
“အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့၊ သန္ထတ္တ မှ သန္ထိသို့”
“သီတဂူစန်းလ ပမာ ချမ်းမြ သာယာရှိကြပါစေ”
ဒေါက်တာ အရှင်ဉာဏိဿရ (Ph.D,D.Litt) အဂ္ဂမဟာပဏ္ဍိတ၊
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော်
Dhamma Dãna Source ►Young Buddhist's Association
No comments:
Post a Comment