*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 22 February 2014

လေလွင့် မိန်းကလေးငယ်လေးများ ခိုနားရာ


“ပညာသင်ချိန်၊ အတတ် ပညာရှာမှီးမယ့် အရွယ်လေးတွေမှာ လမ်းပေါ်ရောက်နေရတဲ့ ကလေးတွေက သူတို့ ကိုယ်တိုင် နှစ်သက်စွာ ရွေးချယ်ခဲ့တဲ့ ဘ၀တွေလား”အခြေအနေ မဲ့ လေလွင့်နေကြ တဲ့ကလေး ငယ် တွေကို လမ်းပျော်ကလေးများလို့တောင် တချို့ကသုံးနှုန်းနေကြဆဲပါ။ တွေးကြည့်ပါ။ 

ဘယ်ကလေး က အမိုးအကာမဲ့၊ နွေးထွေးချစ်ခင်သူမဲ့၊ အနာဂတ်မဲ့နေတဲ့ သူတို့ဘ၀မှာ နေပျော်ကြ မှာလဲ။ ဒီလိုလေလွင့်နေတဲ့ ကလေးတွေထဲက မိန်းကလေးငယ်လေးတွေ ဟာ အန္တရာယ်ကို လက် ယပ်ခေါ်နေကြမှန်း မသိဘဲ ဖိတ် ခေါ်နေသူတွေပါ။ 


အဲဒီလို မမြင်နိုင် တဲ့အန္တရာယ်တွေက အရွယ်ရောက်သူတွေ ပဲကြုံတွေ့နိုင်တယ်ဆို တာ၂၁ရာ စု နောက် ပိုင်းမှာ ပုံပြင် တစ်ပုဒ်ဖြစ်ခဲ့ပါပြီ။



ဒါကြောင့် အခြေအနေမဲ့ လေလွင့်နေကြပြီး အုပ်ထိန်းသူ မဲ့နေကြတဲ့ လမ်းပေါ်ကလေးတွေ (Street Children) ထဲက မိန်းကလေး ငယ်လေးတွေ အရွယ်ရောက် လာတဲ့အခါမှာ လူ့ဘောင်အဖွဲ့အစည်း အတွင်း ကို ပတ်ဝန်းကျင်က ထောက်ပံ့ မှု မယူရဘဲ ကိုယ့် အစီအစဉ်နဲ့ ကိုယ့်ဘ၀ရပ်တည်နိုင် ဖို့ ပြုစု ပျိုးထောင်လေ့ ကျင့်ပေးမယ့် ရည်ရွယ်ချက်တွေနဲ့ အသက်မွေး ၀မ်းကျောင်းသင်တန်း တစ်ခုကို ရန်ကုန် တိုင်းဒေသကြီး၊ ထောက်ကြန့်၊ ရန်ကုန်-ပြည်လမ်းမကြီးဘေးက အမှတ် ၄၅ မှာ ဖွင့်လှစ် ထားတယ်လို့ သိရတဲ့အတွက် အဲဒီအမျိုးသမီးကလေးများ သင်တန်းကျောင်း တည်ရှိရာကို မဇ္ဈိမ အမျိုးသမီး ကဏ္ဍ အဖွဲ့က သွားရောက် ခဲ့ပါတယ်။

သင်တန်းကျောင်း ကို ရောက်ရောက်ချင်းပဲ ကျယ်ဝန်းတဲ့ မြေဧရိယာနဲ့အတူ သန့်ရှင်းစိတ်ငြိမ်နေမှုက စတင်ဆီးကြိုလို့ နေပါတယ်။ နောက်မှ သိရတာက ကျောင်းဧရိယာက ၃ ဒသမ ၉၈ ဧက ကျယ်ဝန်း ပါတယ်တဲ့။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက အမျိုးသမီးကလေးများ သင် တန်းကျောင်းဟာ ထောက်ကြန့် ကလေးပြုစုရေးဌာနကနေ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ ကမှ အသွင်းပြောင်းလဲ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

အသက် ခြောက်နှစ်က ၁၈ နှစ် အတွင်းက အရွယ်မရောက်သေးဘဲ အခြေအနေမဲ့ လမ်းပေါ်ရောက်နေ ကြ တဲ့ အမျိုးသမီး ငယ်လေးတွေ၊ မလှပတဲ့နောက်ခံ အကြောင်းတရားများစွာ ပြည့်နှက်နေတဲ့ အမျိုး သမီးငယ် လေးတွေနဲ့ မိဘမဲ့ ဒါမှမဟုတ် အုပ်ထိန်းသူမဲ့နေကြတဲ့ အမျိုးသမီးငယ်လေးတွေကို အသက်မွေး ၀မ်းကျောင်း ပညာရပ်တွေ သင်ကြားပေးနေတာဖြစ်တယ်လို့ အဲဒီသင်တန်းကျောင်း ရဲ့ ကျောင်းအုပ်ဆရာမကြီးဒေါ်တင် တင်အေးက အစပြုရှင်းပြရင်း သင်တန်းကျောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ လုပ်ငန်းဆောင်တာ တွေနဲ့ သိလိုသမျှတွေကို ပြောပြခဲ့ပါတယ်။

လက်ရှိအခြေ အနေမှာတော့ အမျိုးသမီးငယ် အယောက် ၁၀၀ ကိုပြုစုပျိုးထောင်နေပြီး လမ်းပေါ်မှာ အခြေ အနေမဲ့နေတဲ့ ကလေးတွေကို အများဆုံးလက်ခံထားပါတယ်။ လက်ခံထားတဲ့ ကလေးတွေ ထဲမှာ အဓမ္မပြု ကျင့်ခံရတဲ့ ကလေးတွေ ပါ ပါဝင်ပြီး အခု ၂၀၁၄ ခုနှစ်မှာဆိုရင် အဓမ္မပြုကျင့်ခံရတဲ့ အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးကိုပါ ပြုစုစောင့်ရှောက်ပေးနေရတယ်လို့ ဆိုပါတယ်။

အဓမ္မပြုကျင့် ခံရတဲ့ ကလေးသူငယ်တွေ သင်တန်းကျောင်းကို အရင်အချိန် ကတည်းက ရောက် ရှိနေကြပေ မယ့် ၂၀၁၃ ခုနှစ်ကစပြီး အရင်ကထက် သုံးဆလောက် ပိုမိုရောက်ရှိလာတယ် လို့ ပြော ပါတယ်။ ဆိုလို တာကတော့ ကလေးသူငယ်အဓမ္မပြုကျင့်ခံရမှုတွေ များလာတယ်လို့ ပြောချင်တာပါ။

သင်တန်းကျောင်း အနေနဲ့ ကျောင်းပြင်ပပညာရေး(အသုံးလုံး) သင်တန်း၊ စက်ချုပ်သင်တန်း ၊ သော့ တွဲပြု လုပ် တဲ့သင်တန်း၊ စာအိတ်ပြုလုပ်တဲ့သင်တန်း၊ မော်တာနင်းစက်ချုပ်သင်တန်းစတဲ့ အသက်မွေး ၀မ်းကျောင်း ပညာရပ်တွေကို အဓိကထား သင်ကြားပေးနေပြီး ကျောင်း ပညာရေးပိုင်း ကိုတော့ ရေး တတ်၊ ဖတ်တတ် ရုံသင်ကြားပေးတယ်လို့ သိရပါတယ်။

အတန်းပညာရေး ထက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို ဦးစားပေးသင်ကြားရခြင်း ကတော့ ကျောင်းကို ရောက်လာတဲ့ကလေးတွေဟာ ဉဏ်ရည်ဖွံ့ဖြိုးမှုရှိပေမယ့် ပညာရည်ထူးချွန်တဲ့ အဆင့်အထိ မရောက်ရှိနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့ ကျွမ်းကျင်ရာ လိမ္မာရာ အတတ် ပညာတစ်ခုကို တောင်မှ မြေတောင်မြှောက်ပေးဖို့ အခက်အခဲတွေရှိ နေတယ်လို့ ဆရာမကြီးက ရှင်းပြပါတယ်။

“ကျောင်းပြင်ပ ပညာရေးမှာ ထူးချွန်တဲ့ ကလေးတွေပါလာရင် ကျွန်မတို့ဘက်က သက်ဆိုင်ရာ ပညာရေး မှူးနဲ့ ညှိပြီးတော့ အတန်းတက်သွားအောင် ဆောင်ရွက်ပေးသွားမှာပါ။ လက်ရှိမှာတော့ ကျွန်မလက်ခံထားတဲ့ သမီးတွေက အဲဒီလောက် အဆင့်ကိုရောက်ဖို့ မလွယ်ကူသေးပါဘူး။ 

ကျွန်မကျောင်းမှာ အခု ပန်းချီထူးချွန် တဲ့ ကလေးတစ်ယောက် ရှိပေမယ့် အတန်းပညာမရှိတဲ့အတွက် ပန်းချီ၊ ပန်းပုကျောင်းကို လွှတ်ပေးဖို့ အခက်အခဲရှိနေပါတယ်။ ပညာရေးဘက်မှ မဟုတ်ဘဲ သူတို့ထူး ချွန်တဲ့ ဘာသာရပ်တစ်ခုကို မြေတောင် မြှောက်ပေးဖို့အတွက် ကျွန်မမှာ အခက် အခဲတွေ ရှိနေပါ တယ်”လို့ ဆိုပါတယ်။

သင်တန်းကျောင်းရောက် ရှိလာတဲ့ကလေးတွေ မှာ အုပ်ထိန်းသူမရှိတဲ့ အတွက် တရားဝင်အပ်နှံ လို့ရောက် လာတဲ့ ကလေးတွေရှိသလို လမ်းပေါ်မှာ အခြေအနေမဲ့နေတဲ့ ကလေးတွေလည်း ပါဝင်တဲ့ အတွက် ကျောင်း ရောက်စမှာ ကျောင်းစည်းကမ်း အတိုင်း နေထိုင်စားသောက်မှုကို လိုက်လျော ညီထွေ မနေနိုင် တဲ့အတွက် ကျောင်းကထွက်ပြေးတဲ့ ကလေးငယ်တွေလည်း ရှိကြ တယ်လို့ ဆိုပါ တယ်။ 

ကလေးပျောက်ဆုံး သွားရင် တော့ အမျိုးသမီးကလေး သင်တန်းကျောင်းက ရဲတပ်ဖွဲ့ကို လူပျောက် တိုင်တန်း ရှာဖွေရပြီး အသက် ၁၀ နှစ်နဲ့ ၁၅ နှစ်ကြားအရွယ် အမျိုးသမီးငယ်တွေက အများဆုံး ထွက်ပြေး ကြတယ်လို့ ရှင်းပြပါတယ်။ 

 အဲဒီလို ထွက်ပြေးတဲ့ ကိစ္စတွေကလည်း ကျောင်းသက်တမ်း နှစ်နှစ်ကျော်ကာလမှာ ငါးကြိမ်လောက် သာဖြစ် ပွားခဲ့ တာဖြစ်ပြီး ပြန်လည်ရှာဖွေတွေ့ရှိပါက အပြစ်ပေး၊ အရေးယူမှုမပြုဘဲ ပြန်လည် ထိန်း သိမ်းစောင့်ရှောက်ပေး တယ်လို့ ဆိုပါတယ်။

ကလေးတွေ ကို ပြုစုပျိုးထောင်စောင့်ရှောက် မှုတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် ၊ ကျွေးမွေး စောင့်ရှောက်မှု အစီအစဉ်၊ စေတနာရှင်တွေရဲ့ ပံ့ပိုးကူညီမှု အစီအစဉ်၊ အပန်းဖြေ အနားယူ မှု အစီအစဉ်နဲ့ မိဘထံပြန်လည်အပ်နှံတဲ့အစီအစဉ်တွေ ပါဝင်ပါတယ်။

မိသားစုဆီ ပြန်လည် အပ်နှံပြီးတဲ့ ကလေးကိုတောင်းရမ်းစေခိုင်းမှုပြုလုပ်ခြင်း၊ သင်တန်းကျောင်းသို့ ဒုတိယ အကြိမ် ပြန်ရောက်ရှိခြင်း ဖြစ်ပေါ်လာရင်တော့ ကလေးသူငယ်ဥပဒေ ၆၆(ဂ) အရ သင်တန်းကျောင်း ဘက်က မိဘအုပ်ထိန်းသူကို ပြန်လည်တရားစွဲဆိုနိုင်တယ်လို့ ရှင်းပြပါတယ်။
နိုင်ငံတော်က သင်တန်းကျောင်းမှ ကလေးတစ်ဦးကို တစ်နေ့ ၄၃၂ ကျပ် ၁၀ ပြားနှုန်း နဲ့ ကျွေးမွေး စောင့်ရှောက်ထားကာ တစ်နှစ်စာ ဘတ်ဂျက် ၄၅၂ သိန်းကျော် ကုန်ကျနေပါတယ်။ 

အလှူရှင်များက ငွေကြေး၊ အ၀တ်အထည်၊ အစားအစာ၊ ဆေးဝါးနှင့် အမျိုးသမီးအသုံးအဆောင် ပစ္စည်းတွေကို လှူဒါန်း ပေးကာ လက်ခံရရှိထားတဲ့ အလှူငွေတွေကို ငွေစုဘဏ်(၂) မှာစုဆောင်း ထားရှိပြီး ငွေပဒေသာပင်ကို လည်း စေတနာရှင်တွေကို စိုက်ထူပေးထားပါသေးတယ်။

ကလေးတွေကို စောင့်ရှောက်ပေးကြမယ့် ၀န်ထမ်း အင်အားက ဖွဲ့စည်းပုံအရ စုစုပေါင်း ၃၃ ဦး ရှိပေမယ့် လက်ရှိမှာ ၂၉ ဦးခန့်အပ်ထားပြီး လုံလောက်မှုရှိပါတယ်လို့ ဆရာမကြီးက ပြောပါတယ်။
ထောက်ကြန့် အမျိုး သမီးကလေးများ သင်တန်းကျောင်းကို ကလေးအပ်နှံချင် တယ်ဆိုရင်တော့ အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့် ရန်ကုန် တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးကို ဆက်သွယ် အပ်နှံနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ တစ်နိုင်ငံလုံးမှာ အခု တင်ပြခဲ့တဲ့ ကလေးသူငယ် အမျိုးသမီးကလေးများ စောင့်ရှောက်မှု သင် တန်း ကျောင်း တစ်ခုတည်းသာရှိပြီး မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနက မိဘမဲ့ကလေး စောင့်ရှောက်ရေးဂေဟာ၊ လူငယ်သင်တန်းကျောင်း၊ မသန် စွမ်းသက်မွေး သင်တန်းကျောင်း၊ အိမ်တွင်းသက်မွေး သင်တန်းကျောင်းတွေနဲ့ ပြန်လည်ထူထောင်ရေး စခန်းတွေဖွင့်လှစ် ကာ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်ပေးနေတယ်လို့ သိရ ပါတယ်။

ထောက်ကြန့် အမျိုးသမီးကလေးများ သင်တန်းကျောင်းက မွေးထုတ်ပေးလိုက်တဲ့ အမျိုးသမီးလေး အယောက် ၂၀ ဟာဆိုရင် လည်း အခုမင်္ဂလာဒုံ စက်မှုဇုန်က Princess Power အထည်ချုပ်စက်ရုံမှာ အလုပ်ဝင်နေကြ ပါပြီ။

 မြန်မာနိုင်ငံက ဒေသအနှံ့အပြားမှာလည်း ဒီလိုအခြေအနေမဲ့ ကလေးတွေ အတွက် အသက်မွေး ၀မ်းကျောင်း သင်တန်းကျောင်းတွေ များများပေါ်ထွက်လာမယ်ဆိုရင်တော့ အခုဘ၀ရပ်တည်နိုင်မှု ရရှိသွား ကြတဲ့ ကလေးအယောက် ၂၀ ကနေ အဆပေါင်းများစွာသော ဘ၀တွေ ဟာ ခိုင်မာတဲ့ ဘ၀ရပ်တည်မှုတွေ ပိုင်ဆိုင်နိုင်ကြ မှာဖြစ်ပါတယ်။

ကလေးတွေဆို တာအနာဂတ် အတွက် မျှော်လင့်ချက်၊ ခေါင်းဆောင်လောင်းတွေပါ။ တိုင်းပြည်တစ် ခုရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်စည်ပင်စေဖို့ နောင်တစ်ချိန် လူကြီးဖြစ်လာကြမယ့် ကလေးငယ်ပေါင်း များစွာရဲ့ ဘ၀တွေကို ကာကွယ်စောင့်ရှောက်ကြဖို့ ဘယ်သူ့မှာတာဝန်ရှိတယ်လို့ လွှဲချနေရမယ့်အချိန် မဟုတ်တော့ ပါဘူး။

 ဒါကြောင့် မိမိတို့ကိုယ်တိုင်တစ်ဦးချင်းစီကလည်း ဒါဟာလူတိုင်းရဲ့တာဝန် တစ်ရပ် လို့ သဘောပိုက် ပြီး အားလုံးပူးပေါင်း ပါဝင်ကြဖို့ ဆန္ဒပြု ရေးသားတင်ပြလိုက်ပါတယ်။

 Written by  သဲကို 
From...Search Myanmar

No comments:

Post a Comment