ဟိမဝန္တာ တောင်တန်းများသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး တောင်စဉ်တောင်တန်းများ ဖြစ်ကြသည်။ အဆိုပါ တောင်တန်းများ တွင် ကမ္ဘာ့အကြီးဆုံး ပျားအုံကြီးများလည်း ရှိနေသည်။
အဆိုပါ ပျားအုံ ကြီး များမှ ပျားရည်နှင့် ပျားသလက်တို့ကို စုဆောင်းရယူရသော အလုပ်သည်လည်း ကမ္ဘာပေါ်တွင် အန္တရာယ် အကြီးဆုံး စာရင်းဝင် စွန့်စားခန်းမျိုး ဖြစ်သည်။ ဟိမဝန္တာမှ ပျားဖွပ်သမား များသည် လှေကားများ၊ ကြိုးများကို အသုံးပြုကာ တောင်ကလပ်များပေါ် တွဲခိုနေသည့် ပျားအုံများ သို့ စွန့်စွန့်စားစား ချဉ်းကပ်ရသည်။
ထို့နောက်တွင်မူ ဟန်ချက်ညီအောင် ထိန်းညှိရင်း ပျားသလက်များကို ဓားဖြင့်ဖဲ့ထုတ်ရသည်။ ထိုအတော အတွင်း ၎င်းတို့သည် ပျားတုပ်သည့် ဒဏ်ကိုလည်း ခံစားရသေးသည်။ မီးခိုးမှိုင်းတိုက်ပြီး ပျားများကို ဖယ်ရှားထားသည့်တိုင် ပျားအချို့ကမူ ၎င်းတို့၏ နေအိမ်ကို ကာကွယ်ရန်အတွက် အစွမ်း ကုန် အံတုလေ့ ရှိကြခြင်း ဖြစ်သည်။ နီပေါနိုင်ငံရှိ ဟိမဝန္တာတောင်ခြေမှ တိုင်းရင်းသားများသည် ထိုကဲ့သို့ ပျားဖွပ်ခြင်းနှင့် မျိုးရိုးစဉ်ဆက် အသက်မွေးခဲ့ကြသည်။
သို့သော်လည်း လက်ရှိ အချိန်တွင်မူ အစိုးရက ပျားရည်ထုတ်လုပ်မှု လုပ်ငန်းများတွင် ပါဝင်ခြယ် လှယ် လာပြီး နိုင်ငံရပ်ခြား တင်ပို့ရောင်းချနေသည့်အတွက် အဆိုပါ ရိုးရာပျားဖွပ်သမားများအတွက် အသက်မွေးရန် အခက်အခဲများ ဖြစ်ပေါ်လာခဲ့သည်။
ကြိုးဖြင့် တွယ်တက်နေစဉ် အတောအတွင်း ဟန်ချက်ကို ထိန်းရသလို ဘေးတွင် တွဲလောင်းချိတ် ဆွဲထားသည့် ခြင်းထဲသို့လည်း ပျားသလက်များကို လက်မှန်းတည့်စွာ ထည့်သွင်းနိုင်ရန် လိုသည်။ အများအားဖြင့် တောင်စွန်းများမှတစ်ဆင့် ကြိုးလှေကားများဖြင့် တွယ်ဆင်းကာ ပျားသလက်များကို ပျားအုံထဲမှ နှိုက်ယူရလေ့ရှိသည်။ ပျားအုံကြီးများသည် မီတာ(၅၀)မျှ အမြင့်တွင် တည်ရှိလေ့ရှိပြီး ကြိုးဖြင့်ဆင်းကာ ပျားဖွပ်နေစဉ် ကြိုးပျက်ကျ၍ အသက်ဆုံးရှုံးရသူ အများအပြား ရှိသည်။
အဝတ်အစား ထူထပ်စွာ ဝတ်ဆင်ထားသော ပျားဖွပ်သမားများသည် ၎င်းတို့ တွန်ဂိုဟု ခေါ်ဝေါ် သည့် ဝါးတံရှည်ကြီးများကို အသုံးပြုကာ ပျားသလက်များ ကို ချိတ်ယူကြသည်။ ပျားရည်သည် ရာသီဥတု အခြေအနေကိုလိုက်၍ အရည်အသွေးလည်း ကွာခြားလေ့ရှိသည်။ နွေဦးကာလတွင် စုဆောင်းရယူနိုင်သော ပျားရည်သည် အမျိုးအစား အကောင်းဆုံးအဖြစ် ဈေးကောင်းရပြီး တစ်ကီလိုဂရမ်လျှင် ပေါင်စတာလင် (၃၀)မျှထိ ပေါက်ဈေးရှိကြောင်းလည်း သိရှိရသည်။
Planet Myanmar Network.
No comments:
Post a Comment